Daily Bread

Mar 23, 2024    Pastor David Lah

ကျွန်တော်တို့ရဲ့စိတ်က အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ဝိညာဥ်က ခရစ်တော်အားဖြင့် perfect ဖြစ်သွားပြီး ဝိညာဥ်ကပြောင်းလဲသွားသော်ငြားလည်း ခန္ဓာက မပြောင်းလဲသေးတဲ့အခါမှာ သမ္မာတရားနဲ့ မသွားလို့မရပါဘူး။ အသက်တာမှာ စာတန်က အဓိကတိုက်နိုင်တာ စိတ်ဖြစ်တယ်။ တွေးခေါ်မှုဖြစ်တယ်။ ခန္ဓာကို စာတန်က ဘာမှလုပ်လို့မရပါဘူး။ လူတစ်ယောက်က ပူပန်ခြင်း စိုးရိမ်ခြင်းတွေ တအားများလာရင် ၉၅% က ကင်ဆာရောဂါဖြစ်ဖို့ များနေပြီ။ သင့်ရဲ့ခန္ဓာက သင့်ရဲ့စိတ်ပေါ် အများကြီးမူတည်တယ်။ စကားပုံတစ်ခုရှိပါတယ်၊ စိတ်ထောင်းရင်ကိုယ်ကြေတယ် လို့ပြောကြပါတယ်။  

           ယေရှုခရစ်တော်အားဖြင့် သင့်ရဲ့ဝိညာဥ်လွတ်မြောက်သွားပြီ ဖြစ်တဲ့အခါမှာ သင်ရဲ့ဝိညာဥ်ကို ထိခိုက်လို့မရတော့ဘူး။ စာတန်က သင်အရှက်တကွဲဖြစ်ဖို့ နည်းအမျိူးမျိူးနဲ့လုပ်တော့မယ်။ သင့်ကိုလုပ်လို့ရတာ အတွေးအခေါ်ပဲဖြစ်တယ်။ စာတန်လာထည့်ပေးတဲ့ အတွေးအခေါ်တွေကြောင့် သင်စိုးရိမ်လာပြီ၊ သင်ကြောက်လာပြီ သင့်ရဲ့ခန္ဓာကို ထိခိုက်တော့မယ်။ စာတန်က စိတ်ကိုပဲတိုက်တယ်။ သင့်ရဲ့တွေးခေါ်မှုမှားတာနဲ့ သင့်ကိုတိုက်ခိုက်လို့ရသွားပြီ။

သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့။ တဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။ဖိလိပ္ပိ 4:4

ဝမ်းမြောက်ခြင်းက သင့်ရဲ့အကောင်းဆုံးဆေးပဲ။ အသက်ကြီးလာရင်ပူပန်မှုက ပိုလာတတ်တယ်။ သင်ကစပြီး ပူပန်ခြင်းအတွေးစဝင်လာပြီဆိုရင် သင်လုပ်ရမယ့်အရာက သင့်ကိုဘုရားပေးထားတဲ့ အခွင့်အာဏာဖြစ်တယ်။ မြေကြီးပေါ်မှာ ယေရှုခရစ်တော်နာမကို စွဲကိုင်ပြီး အမိန့်ပေး မောင်းထုတ်နိုင်ခွင့်ရှိတယ်။

ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား၊ ငါ၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတံ့။ ရှင်မာကု 16:17

           စာတန်က သင့်ကို အဓိကတိုက်မှာ အတွေးဖြစ်တယ်။ လူတွေက အကျင့်ကို ကြိုးစားပြင်ကြတယ်။ အကျင့်ကို ကြိုးစားမပြင်နဲ့။ အကျင့်ထက်အတွေးကို ကြိုးစားပြင်ပါ။ တကယ်တော့အကျင့်ဆိုတာ အသီး ၊ အတွေးဆိုတာ အမြစ် ၊ အမြစ်မကောင်းရင် အသီးမကောင်းနိုင်ဘူး။ သင့်ရဲ့စိတ်နေစိတ်ထားပြောင်းတာနဲ့ ပူပန်စိတ်မရှိတော့ပဲ ဝမ်းမြောက်ခြင်းရှိလာရင် သင်ကျန်းမာသွားပြီ။ အတွေးအခေါ်ဝင်လာရင် သင်က သင့်ကိုဘုရားသခင် ပေးထားတဲ့ တန်ခိုးအာဏာနဲ့ တားနိုင်တယ်။ နှုတ်ကပတ်တော်ကို ဝန်ခံနေရင်းနဲ့ စာတန်က သင့်ကို အတွေးအခေါ်နဲ့ တိုက်လာနိုင်တယ်။

မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်းခပ်သိမ်းသော လက်နက်တို့ အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။ဧဖက်6:16

                  မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက် ဆိုတာဘာလဲ? ပူလောင်ခြင်းအတွေးအခေါ်ကို ပြောတာဖြစ်တယ်။ သင့်ကိုစာတန်က လာထည့်ပေးနေတဲ့ အတွေးအခေါ်တွေကို သင်က သခင်ယေရှုနာမနဲ့ ဖယ်ရှားတယ် လို့ဝန်ခံကြွေးကြော်ပါ။ သင့်အသက်တာမှာ အရှက်တကွဲ အကျိူးနည်းဖြစ်ခဲ့ရတဲ့ အပေါ်မှာ သင်က ကြေကွဲ ဝမ်းနည်းနေဖို့ မဟုတ်ဘူး။ ယေရှုခရစ်တော်အားဖြင့် သင်က မင်္ဂလာရှိသောသူလို့ သင်ကြေငြာရင် သင်ကြွေးကြော်တဲ့ အတိုင်းသင်ဖြစ်တယ်။

             ဆရာကြီးတစ်ယောက်က တစ်ရက်မှာ ဆုတောင်းနေချိန်ကောင်းကင်ဘုံက တံခါးကဖွင့်လာတယ်။ သူခံစားရပြီး သူပျော်နေတဲ့အချိန်မှာ မျောက်လို အကောင်တစ်ကောင်က ရောက်လာပြီး ဝင်လိုက်ထွက်လိုက် နဲ့ သူနဲ့ယေရှုကြားမှာ လာရှုပ်နေတယ်၊ အဲ့လူက ဘုရားသခင်ကို အဲ့ဒီ အကောင်ကို ဖယ်ရှားပေးဖို့တောင်းဆိုတယ်။  ဒါပေမယ့် ဘုရားက မဖယ်ပေးဘူး၊ သင့်ကို ငါမောင်းထုတ်နိုင်ဖို့ အခွင့်အာဏာကို ပေးထားပြီးသားပဲ။ ဘာဖြစ်လို့ သင်က ငါ့ကို မောင်းထုတ်ခိုင်းရတာလဲ လို့ပြန်ပြောတဲ့ အခါ သူက ယေရှုနာမ၌မောင်းထုတ်တယ်လို့ ဝန်ခံကြွေးကြော်လိုက်မှ အဲ့ဒီအကောင်က ပျောက်သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။သင့်ကိုအခွင့်အာဏာ ဘုရားပေးထားပြီးသားဖြစ်တယ်။

             ရှင်မာကု ၉ ကိုဆင်ခြင်တဲ့အခါ အ သောနတ်ဆိုးစွဲနေတဲ့ သူတစ်ယောက်ကို နတ်ဆိုးမောင်းထုတ်ဖို့ တပည့်တော်တွေဆီကို ခေါ်လာကြတယ်။ ဒါပေမယ့် တစ်ဦးတစ်ယောက်ကမှ ဒီနတ်ဆိုးကို မောင်းထုတ်လို့မရဘူး။ မဿဲ ၁၀ မှာတုန်းက တစ်ပည့်တော် ၁၂ပါးက နတ်ဆိုးကိုနှင်ထုတ်နိုင်ခဲ့ပေမယ့် အခုအကြိမ်မှာ ဘယ်သူကမှ နှင်ထုတ်ဖို့ မနိုင်ကြဘူး။ ယေရှုက အကျိုးအကြောင်း မေးတဲ့အခါ နတ်ဆိုးစွဲသူရဲ့ ဖခင်က ယေရှုကို သူ့သားရဲ့ အခြေအနေကို ပြောပြတယ်။ ယေရှုက နတ်ဆိုးကို နှင်ထုတ်ပေးခဲ့တယ်။ ဒါကို တပည့်တော်တွေက မြင်တဲ့အခါမှာ သူတို့အကြိမ်ကြိမ် မောင်းထုတ်ပေမယ့် နတ်ဆိုးက မထွက်တာ ဘာကြောင့်လဲလို့  တိုးတိုးတိတ်တိတ် ယေရှုကို မေးကြတယ်။ အစာရှောင်ဆုတောင်းခြင်းမှ တစ်ပါး ထိုအမျိူးသည် မထွက်တတ်လို့ ယေရှုက ပြန်ဖြေခဲ့တယ်။

         မကောင်းတာတွေးတာများလို့ မကောင်းတာလုပ်မိကြတယ်။ သင်ကြည့်ပြီးတာနဲ့သင်စတွေးတယ်။ အတွေးအခေါ်က ကြောက်စိတ်ဝင်လာရင် သင်လုပ်ရမှာတစ်ခုပဲဖြစ်တယ်။ ယေရှုနာမ၌ အကုန်ဖယ်ရှားပါ။ ဖယ်နေပေမယ့် ဖယ်လို့မရနိုင်တဲ့ အခြေအနေ သင်ကြုံရရင် သင်နောက်တစ်ဆင့် ပြုလုပ်ရမှာက အစာရှောင်ဆုတောင်းရမယ်။ သင်ပြောသောစကားတိုင်းက တန်ခိုးပါနေရမယ်။ အကယ်၍ သင်ပြောတဲ့စကားက တန်ခိုးပါမလာတော့ဘူးဆိုရင် အစာရှောင်ဆုတောင်းပါ။ တန်ခိုးဖြစ်လာတဲ့အထိ ဘုရားနဲ့အချိန်ယူပြီး အတွင်းလူခွန်အားနဲ့ မြဲမြံခိုင်ခံ့စေပါလိမ့်မယ်။ လုပ်ပိုင်ခွင့် ရသော်ငြား တန်ခိုးရှိဖို့လိုအပ်တယ်။ တန်ခိုးရှိဖို့ အစာရှောင်ဆုတောင်းခြင်းဖြင့် မာရ်နတ်ကိုအောင်သောသူများ ဖြစ်ကြပါစေ။