Daily Bread
တစ်ရက်ပြီးတစ်ရက် ကျေးဇူးတော်ကြောင့် ကျွန်တော်တို့ နှုတ်ကပတ်တော်နဲ့ ဆင်ခြင်ရတယ်၊ နှုတ်ကပတ်တော်ကို ကြားနာခွင့်ရတယ်။ ဒီ့အတွက်လည်း ကျွန်တော်တို့ ဘုရားရှင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ သင်ဒုက္ခအခက်အခဲတွေ ဖြစ်နေတဲ့အချိန်မှာပင်လျင် နှုတ်ကပတ်တော်နဲ့ဝေးမသွားဖို့ သင်သတိထားပါ။ ဒီခေတ်ကာလက အင်မတန်ခက်ခဲတဲ့ ကာလဖြစ်ပြီး လူတိုင်းက စိန်ခေါ်မှူတွေ ကြုံနေရပါတယ်။ ဒီအချိန်ဒီကာလက ပိုဆိုးနေပြီ ဘုရားနဲ့ သွားတတ်ရင်သင့်အတွက် ပေါ့ပါးပြီး ဘုရားနဲ့မသွားတတ်ရင်တော့ ပင်ပန်းလေးလံပြီး ခက်ခဲခြင်းတွေကို ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။ ဘုရားသခင်နဲ့ သွားတတ်ဖို့ အင်မတန်အရေးကြီးပါတယ်။
ရှာဒရက် မေရှက် အဗေဒနေဂေါတို့ လူငယ်လေးသုံးယောက်က သူများတွေ အသက်တာလို အသက်မရှင်ပဲ ဘုရားကို ကိုးစားပြီး နေကြတဲ့လူငယ်တွေဖြစ်တယ်။ သူတို့က ဘုရားနဲ့အတူ မှန်ကန်စွာသွားလာနေရင်းနဲ့ ပြဿနာဆိုတာ ကြုံလာတယ်။ သူများရဲ့စွပ်စွဲခြင်းတွေနဲ့ သူတို့ကိုမီးအိုင်ထဲချဖို့အကြောင်းဖြစ်လာခဲ့တယ်။ ဘုရင်ကြီးက သူတို့ကို ကိုးကွယ်ခြင်းပြောင်းရင် အသက်လွတ်မယ်လို့ပြောပေမယ့် သူတိုက မကြောက်ပဲ သူတို့ကိုးကွယ်တဲ့ဘုရားက သူတို့ကို မီးထဲက ကယ်လွှတ်နိုင်တယ် ဆိုတာ ပြောခဲ့တဲ့အခါ ဘုရင်ကြီးက အင်မတန်စိတ်ဆိုးပြီး ခုနှစ်ဆသောမီးကို ထပ်မြှင့်ခိုင်းလိုက်တယ်။ သူတို့အသက်တာမှာ ဘုရားနဲ့မှန်ကန်စွာသွားလာနေရင်းနဲ့ တစ်ခါမှ မကြုံဖူးတဲ့ ပြဿနာကို ကြုံရတဲ့အပြင် ခုနှစ်ဆပိုပြင်းတဲ့မီးကိုကြုံရတယ်။ သူတို့ကို ကြိုးနဲ့တုပ်ပြီး မီးအိုင်ထဲတွန်းချဖို့ လုပ်တဲ့သူက အဲ့ဒီတွင်းထဲက မီးအရှိန်နဲ့သေတယ်လို့ ကျမ်းစာမှာပါရှိထားတယ်။ အဲ့ဒီမီးထဲကို ရှာဒရက် မေရှက် အဗေဒနေဂေါတို့ကျသွားတဲ့ အခါမှာ မီးကသူတို့ရဲ့အမွှေးတစ်ပင်ကိုမှ မလောင်ပဲ သူတို့ကိုတုပ်နှောင်ထားတဲ့ ကြိုးတွေကတော့ အကုန်လောင်ပြီး ပျက်စီး သွားခဲ့တယ်။ အဲ့ဒီမီးက သူတို့ကို မလောင်တဲ့အပြင် သူတို့ကို ချူပ်နှေင်ထားတဲ့အရာတွေကို အဲ့ဒီမီးက ရှို့ပစ်လိုက်တယ်။ အဲ့ဒီမီးက သူတို့အတွက်မင်္ဂလာဖြစ်သွားစေခဲတယ်။ အဲ့ဒီမီးထဲမှာ သူတို့အတွက် တစ်ခါမှမရှိခဲ့ဖူးတဲ့ လေးယောက်မြောက် သောသူ / ဘုရား နဲ့ နှဖူးတွေ့ဒူးတွေ့ မိဿဟာယဖွဲ့ရတဲ့မင်္ဂလာ၊ ခရစ်တော်နဲ့အတူ လမ်းလျှောက်ရတဲ့ မင်္ဂလာကို သူတို့ရရှိသွားရတယ်။ မီးအိုင်ထဲမှာ ဘုရားနဲ့အတူ လမ်းလျှောက်နေတာကို ကြည့်နေတဲ့သူတွေက မြင်တွေ့သွားရစေတယ်။
သင့်အသက်တာမှာ မီးလိုမျိူး ပြဿနာဘယ်လောက်ပဲတိုးလာပါစေ၊ အဲ့ဒီမီးက သူများအတွက် အမင်္ဂလာ၊ သင့်အတွက်တော့ မင်္ဂလာဖြစ်လာစေရမယ်။ ဒီဒုက္ခဆင်းရဲခြင်းတွေက သူများအတွက်တော့ ဝမ်းနည်းခြင်း ဖြစ်ပေမယ့် သင့်အတွက်တော့ သက်သေခံစရာအကြောင်း ဘုရားဘုန်းတော်ထင်ရှားစရာအကြောင်း ပြန်ဖြစ်လာလိမ့်မယ်။ သင့်ရဲ့ချူပ်နှောင်ခြင်းတွေအားလုံးက ပြဿနာမီးအားဖြင့် လွတ်မြောက်လိမ့်မယ်။ သင်ယေရှုကို အရင်က သိရုံသာသိခဲ့ပေမယ့် ဒီဒုက္ခပြဿနာမီးတောက်ထဲမှာ သင်က ယေရှုနဲ့အတူ အခက်အခဲတွေကို ကျော်လွှားနိုင်ရတဲ့အခွင့်ကို သင်ရလိမ့်မယ်။ သင်နဲ့အတူ ဘုရားသခင်ရှိနေတယ် ဆိုတာကို သူများက မြင်လာပြီးတော့မှ အံ့သြရလောက်တဲ့အထိ ဘုရားသခင်က ချီးမြှောက်ကောင်းကြီးပေးမှာဖြစ်တယ်။
ဒါကြောင့်ညီအစ်ကို မောင်နှမတို့ ခဲယဥ်းဆိုးယုတ်ရာကာလမှာ သူများထက်ပိုပြီး သင်က အခက်အခဲ ပိုကြုံရကောင်း ကြုံရနိုင်တယ်။ သူများက မီးအိုင်နားလေးမှာတင်အသက်ဆုံးရှုံးရတယ်။ သင်ကတော့ မီးအိုင်ထဲမှာ ဘုရားနဲ့သွားလာရတဲ့အခွင့်ကို သင်ရမယ်။ အဆိုးရွားဆုံးအချိန်မှာ ကျွန်တော်တို့နဲ့အတူရှိတဲ့ ဧမာနွေလဘုရားဖြစ်တယ်။ ဘုရားရှင်နာမ ကမ္ဘာအဆက်ဆက်ဘုန်းကြီးပါစေ။ ဟာလေလုယာ..အခက်အခဲဆုံးအချိန်က ဘုရားနဲ့အနီးကပ်ဆုံး နေရတဲ့အချိန်ပဲ။ ကျမ်းစာထဲမှာ ပါတဲ့အကြောင်းအရင်းတွေက သိပ်လက်တွေ့ကျပါတယ်။ ကျွန်တော်တို့ဘဝအတွက် နှုတ်ကပတ်တော်အတိုင်း လိုက်လျှောက် အသက်ရှင်ဖို့ လက်တွေ့ကျတဲ့နှုတ်ကပတ်တော်ဖြစ်တယ်။
ရှင်ပေါလုရဲ့အသက်တာမှာ သူ့အထဲမှာရှိတဲ့ဆူးကို ထုတ်ပေးဖို့ ဘုရားမှာ သုံးကြိမ်တိုင်တိုင်ဆုတောင်းတယ်။ ဘုရားက ထုတ်မပေးပဲ သူ့ကိုပြန်ပြောတာက ငါ့ကျေးဇူးသည်သင့်အဖို့လောက်ပေ၏တဲ့။
“ငါသည်ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်းအသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ယခုငါရှင်သော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည်၏။”(ဂလာတိ 2:20)
ကျေးဇူးတော်ရဲ့မစမှုမရှိပဲနဲ့ ဘုရားလုပ်ခိုင်းတဲ့အမှုတွေထဲမှာ ဘုရားအလိုတော်ပြည့်စုံနိုင်ဖို့ ကျွန်တော်တို့ တစ်ခုမှ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ ဓမ္မသစ်ယုံကြည်သူများနဲ့ အတွက် ကျမ်းစာထဲမှာ ကြိုးစား၍လုပ်ကြလော့ ကြိုးစား၍ ကျင့်ကြလော့လို့ ပြောတဲ့အရာတိုင်းက ကျေးဇူးတော်မပါလာပဲနဲ့ ဘယ်လူတစ်ဦးတစ်ယောက်ကမှ ကောင်းသောအကျင့်နဲ့ မကျင်လည်နိုင်ဘူး၊ မတတ်စွမ်းနိုင်ဘူး။
ဓမ္မသစ်ယုံကြည်သူများကို လုပ်ခိုင်းပြီဆိုရင် ဘုရားသခင်ရဲ့ ခွန်အားနဲ့ လုပ်ခိုင်းတာဖြစ်တယ်။ ကျင့်ကြံပြုမူခြင်း တစ်ခုစီတိုင်းကကြိုးစားပြီး သင့်ခွန်အားနဲ့လုပ်ဖို့မဟုတ်ဘူး၊ ကိုယ့်ခွန်အားနဲ့ တစ်ခုမှလုပ်လို့မရဘူး။ ယေရှု ခရစ်တော်အားဖြင့် ဘုရားသခင်က ခွန်အားကိုပြင်ဆင်ထားပေးတယ်။ ကျေးဇူးပြုတယ်ဆိုတာ အဲ့ဒါကိုပြောနေတာဖြစ်တယ်။ ကျေးဇူးတော်လုံလောက်တယ်ဆိုတာက ဘာလဲ? သင်ဖြစ်ချင်တဲ့အရာတွေအတွက် ဘုရားက လိုက်လုပ်ပေးနေတာ မဟုတ်ဘူး။ သင့်ကို ဘုရားအလိုပြည့်စုံစေဖို့ လုပ်ရမယ့်အရာအားလုံးအတွက် ဘုရားကျေးဇူးက သင့်အတွက် လုံလောက်တာဖြစ်တယ်။
ထိုကြောင့်၊ သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဗတ္တိဇံ တရားကို သွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သော သူတို့၏ထမြောက်ခြင်း၊ ထာဝရစီရင် ဆုံးဖြတ်ခြင်းတည်းဟူသော မူလအမြစ်ကို ငါတို့သည် ပြန်၍ မတည်ဘဲ၊ ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ် သော အကြောင်းအရာတို့ကိုထား၍၊ စုံလင်သောအဖြစ် သို့ တက်ကြကုန်အံ့။ ဟေဗြဲ 6:1-2
ဘာသာတရားမှာ လုပ်ရမယ့်အရာတွေအားလုံးကို ဘာသာရေးမှာ လုပ်နေကြတာကောင်းပေမယ့် အဲ့ဒါတွေနဲ့ပဲ အချိန်ကုန်နေတာမဟုတ်ပဲ စုံလင်တဲ့သူများအဖြစ် နောက်ထပ် အဆင့်တစ်ခုကို တက်ဖို့ ဘုရားကအလိုရှိတာဖြစ်တယ်။ ဘေးရောက်တဲ့ကာလမှာ ဘုရားက ကျွန်တော်တို့ကို နောက်ထပ်အဆင့်တစ်ခုကို တက်စေချင်တာဖြစ်တယ်။ ခရစ်ယာန်အသက်တာဆိုတာက “not religion, relationship with God” ဘာသာတရားတွေကို ဘုရားကြိုက်ရအောင် လိုက်လုပ်နေတာမဟုတ်ဘူး၊ ဘုရားနဲ့သင် အဆက်အသွယ်ရှိနေဖို့ပဲဖြစ်တယ်။ သင်ကဘုရားနဲ့ အဆက်အသွယ် ရှိနေရင်တော့ ကျေးဇူးတော်က ကူမသွားလိမ့်မယ်။ ကျေးဇူးတော်မပါလာပဲနဲ့ သင်က ခရစ်ယာန်အသက်တာနဲ့အောင်မြင်စွာ ဘုရားဘုန်းတော်ထင်ရှားစွာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ နောက်ဆုံးသင်က ဝိညာဥ်မီးတောက်လောင်သောသူ ဖြစ်ရမယ့်အစား ဝိညာဥ်မီးငြိမ်းသွားမယ့် အသက်တာဖြစ်သွားလိမ့်မယ်။
“ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့ သည်လည်း စုံလင်ခြင်းရှိကြလော့။”(မဿဲ5:48)
ဘုရားသခင်ပြောတဲ့အရာတွေ အားလုံးက သင်မလုပ်နိုင်တာမရှိဘူး။ သင်လုပ်နိုင်လို့ ဘုရားသခင်က ခိုင်းနေတာဖြစ်တယ်။ သင့်ကို သင့်ခွန်အားနဲ့လုပ်ခိုင်းနေတာမဟုတ်ဘူး။ ကျေးဇူးတော်ရဲ့ကူမမှုနဲ့ လုပ်ခိုင်းတာ ဖြစ်တယ်။ ဓမ္မသစ်ကာလ ယုံကြည်သူတွေအတွက် ဘုရားက သူ့ရဲ့ခွန်အားနဲ့ကျေးဇူးပြုလိမ့်မယ်။ ကျွန်တ်ောတို့က ခိုလှုံတတ်ဖို့ မိဿဟာယဖွဲ့တတ်ဖို့ ဘုရားနဲ့အကျွမ်းဝင်တတ်ဖို့ပဲ အရေးကြီးပါတယ်။ ကျေးဇူးတော်အားဖြင့် သင်က စုံလင်နိုင်ပါတယ်။ စုံလင်ခြင်းက ချစ်ခြင်းနဲ့ခွဲလို့မရပါဘူး။ ချစ်ခြင်းမေတ္တာရှိသောသူက စုံလင်သောသူဖြစ်တယ်။
“ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တ်ောမူ၏။”(မဿဲ 22:37:40)
ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အခြာက ချစ်ခြင်းဖြစ်တယ်။
“ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကို မုန်းလော့ဟူသောပညတ်စကားကို သင်တို့ ကြား ရပြီ။ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသော ငှါ။ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကိုမုန်းသောသူတို့အား ကျေးဇူးပြုကြလော့။သင်တို့ကို နှောင့်ယှက်ညှည်းဆဲသော သူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်းသောသူမကောင်း သောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့ အပေါ်၌ မိုဃ်းကို ရွာစေတော်မူ၏။သင်တို့ကို ချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤ မျှလောက်ပြုကြသည် မဟုတ်လော။အဆွေအမျိုးတို့အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ထူးမြတ်သနည်း။ သာသနာပလူတို့ပင် ထို အတူ ပြုကြသည်မဟုတ်လော။ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့ သည်လည်း စုံလင်ခြင်းရှိကြလော့။”(မဿဲ5:43-48)
ဟေဗြဲ ၆ မှာပြောထားတဲ့စုံလင်ခြင်းဆိုတာ ဒီစုံလင်ခြင်းကို ပြောနေတာဖြစ်တယ်။ ချစ်ခြင်းမေတ္တာနဲ့ပြည့်စုံသောသူက အလုံးစုံကို ပြည့်စုံသောသူဖြစ်သွားပြီ။ ကိုယ့်အပေါ်ကောင်းတဲ့သူကိုပဲ ကိုယ်ကောင်းမယ်ဆိုတဲ့အရာက လူတိုင်းလုပ်နိုင်တယ်။ စုံလင်ခြင်းအဖြစ်ကို တက်လှမ်းဖို့က ရန်သူကိုချစ်ခိုင်းတယ်။ ဒါတွေကို သင်မလုပ်နိုင်ရင် ဘုရားသားသမီးတွေပါလို့ ဘုရားက ဘယ်လိုပြောနိုင်မှာလဲ? လောကရဲ့ဆား လောကရဲ့အလင်း ဖြစ်ရဲ့လား? ဘုရားသခင်က သင်မလုပ်နိုင်တာကို မခိုင်းဘူး။ ဘုရားက သူဖန်ဆင်းတဲ့လူသားအကြောင်း သူကောင်းကောင်းသိတာပေါ့။ သင်နောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့က ဘုရားကျေးဇူးတော်ကို မှီခိုမှ သင်တက်လှမ်းနိုင်တာဖြစ်တယ်။ကျေးဇူးတော်က ကူမဖို့အဆင်သင့်ရှိနေတယ်။
“ငါ့ကျေးဇူးသည်သင့်အဖို့လောက်ပေ၏” လို့ဘုရားက ပေါလုကိုပြောခဲ့တာ ဘာကြောင့်လဲ? သူ့အလိုဝန်ခံနိုင်ဖို့ သူ့အလိုပြည့်စုံနိုင်ဖို့အတွက် သူ့ကျေးဇူးက မစဖို့ လုံလောက်တယ်လို့ ဘုရားသခင်က ပြောနေတာ ဖြစ်တယ်။ နာခံခြင်း ခွင့်လွှတ်ခြင်း ချစ်ခြင်း မေတ္တာပြခြင်းတွေအတွက် ကျေးဇူးတော်က ကူမသွားပါလိမ့်မယ်။ ကျွန်တော်တို့ ခွန်အားနဲ့ ကျွန်တော်တို့အသက်ရှင်နေတာမဟုတ်ပါဘူး။ စုံလင်ခြင်းက ချစ်ခြင်းနဲ့ခွဲလို့မရဘူး။ချစ်ခြင်းမေတ္တာရှိသောသူသည် စုံလင်ခြင်းရှိသူဖြစ်တယ်။ သင့်ကို ကျိန်ဆဲသောသူတွေ လိုအပ်လာရင် သင်ကပြန်လည်မစနိုင်သောသူဖြစ်ရမယ်။ သင်တို့ခွန်အားနဲ့ အတင်းလုပ်ယူလို့ရမယ့်အရာမဟုတ်ဘူး။ ဘုရားရဲ့ကျေးဇူးအားဖြင့်သာ သင်လုပ်နိုင်ပါလိမ့်မယ်။
“ထိုမြော်လင့်ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့် ကင်းလွတ်၏။ အဘယ်ကြောင့်နည်းဟူမူ ကား၊ ငါတို့အားပေးတော်မူသောသန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့ စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူ၏။”(ရောမ 5:5)
စုံလင်ခြင်းဆိုတာ ရန်သူကိုပင် ကိုယ်ကချစ်နိုင်တာဖြစ်တယ်။ ကိုယ့်ကိုမုန်းတဲ့သူအတွက် ကိုယ်က ပြန်ဆုတောင်းပေးနိုင်တာ။ ကျေးဇူးတရားကိုနားမလည်သူကတော့ ဒါကိုမလုပ်နိုင်ဘူး ဘယ်တော့မှလုပ်နိုင်မှာ မဟုတ်ဘူးလို့ပြောလိမ့်မယ်။ ဒါပေမယ့် သန့်ရှင်းသောဝိညာဥ်တော်ကို အားကိုး တဲ့သူအတွက် လုပ်ကိုလုပ်နိုင်တယ်။ သန့်ရှင်းသော ဝိညာဥ်တော်က ကျေးဇူးပြုလိမ့်မယ်။ သင်မချစ်နိုင်တဲ့အချိန်မှာ ဘုရားရဲ့မေတ္တာကို သန့်ရှင်းသောဝိညာဥ်တော်က ညွှန်းလောင်းပေးမှာဖြစ်တယ်။
“ထိုဝိညာဉ်တော်သည်သာ၍များသောကျေးဇူးကိုပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ထောင်လွှား စော်ကားသောသူတို့ကိုဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏ ဟုလာသတည်း။”(ယာကုပ်4:6)
အဖခမည်းတော်စုံလင်သလို ကျွန်တော်တို့လည်း စုံလင်ခြင်းအဖြစ်ကိုတက်လှမ်းဖို့ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ဖို့ ကျေးဇူးပြုသော သန့်ရှင်းသောဝိညာဥ်တော်ရဲ့ ကူမခြင်းယူပါ။ သန့်ရှင်းသောဝိညာဥ်တော်ရဲ့ မစမှုကို ယူပြီး တန်ခိုးပါသောစိတ် ချစ်တတ်သောစိတ် ရှင်းလင်းသောသဘောကို ပိုင်ဆိုင်ရပြီး သင့်အသက်တာမှာ သူများနှင့်မတူပဲ အထူးအောင်မြင်သောသူများဖြစ်ကြစေဖို့ ယေရှုခရစ်တော်နာမ၌ ဆုတောင်း ကောင်းကြီးပေးလိုက်ပါတယ်။