daily bread

May 21, 2024    Pastor David Lah


           အားလုံးမင်္ဂလာပါ ရှေးဦးစွာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ အားလုံးသော ညီအစ်ကို မောင်နှမများ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိကြသော ညီအစ်ကို မောင်နှစ်မများထံသို့ ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာများ ကျရောက်နေပါမည့် အကြောင်း ယေရှုခရစ်တော်နာမ၌ ကြေငြာပါတယ်။ဒီကနေ့မှာ ကျွန်တော်တို့ နှုတ်ကပတ်တော်ကို ပြန်လည်ဆင်ခြင်ဖို့ အ‌ကြောင်းဖြစ်ပါတယ်။ ကျွန်တော်တို့ အသက်တာထဲမှာ ဘယ်လိုအခြေအနေမျိူးပဲ ရောက်နေပါစေ ဘယ်သူတွေရဲ့ ဝေဖန်ရှုံ့ချ ကဲ့ရဲ့ပြစ်တင်မှူတွေ သင်ကြုံနေရပါစေ အဲ့ဒါတွေက သင့်အတွက် အရေးမကြီးဘူး ၊ အရေးကြီးတာက သင့်အတွက် ဘုရားသခင်အတူရှိနေတယ် ဆိုတာကို သင်စိတ်ချဖို့ အရေးကြီးပါတယ်။

             ဒါဝိတ်ရဲ့အသက်တာအားဖြင့် နှုတ်ကပတ်တော်ကို ကျွန်တော်တို့ ဆင်ခြင်သွားဖို့ပဲဖြစ်ပါတယ်။

(၁ရာ 30) ကိုဆင်ခြင်တဲ့အခါမှာဒါဝိတ်က ဇိကလတ်မြို့ကို ပြန်ရောက်တဲ့အခါမှာ မြို့က မီးရှိူ့ခံရလို့ မီးလောင်ပြာကျနေပြီး ၊ မိန်းမနဲ့ကလေးတွေအားလုံးကိုလည်း ဖမ်းသွားကြပြီ ဘာမှမကျန်တော့ဘူး၊ ဒါတွေကို ဒါဝိတ်နဲ့သူ့လူတွေ တွေ့ရတဲ့အခါမှာ ပြင်းစွာငိုကြွေးကြပြီး ဒါဝိတ်ကို သူကြည့်ရှူစောင့်ရှောက်ခဲ့တဲ့ သူ့ရဲ့လူတွေက သူ့ကိုပြန်ပြီးခဲနဲ့ပေါက်သတ်ဖို့ ကြံစည်တာ တွေ့ရတယ်။ ဒါဝိတ်အနေနဲ့ က သူ့လဲသူ့မိန်းမ သူ့ကလေးတွေ ပါသွားတာပဲ၊ သူလဲဆုံးရှုံးနေရတာချင်း အတူတူပဲလို့ ပြန်ပြီး ဖြေရှင်းလို့ ရပေမယ့် သူဘာမှပြန်မပြောခဲ့ဘူး။ “ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍” တဲ့ ။ ဒါဝိတ်က သခင်ဘုရား၌ သူ့ကိုယ်သူပြန်ပြီး အားပေးတာတွေ့ရတယ်။

“ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင်ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်ကြမည်ဟု ဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊သင်တိုင်းတော်ကို ငါ့ထံသို့ဆောင်ခဲ့ပါလော့ဟု အဟိမလက်၏သား အဗျာသာကို ဆိုလျှင်၊ အဗျာသာသည် သင်တိုင်းတော်ကို ဒါဝိဒ်ထံသို့ ဆောင်ခဲ့လေ၏။” (၁ရာ 30:6-7)

            ဒီကနေ့ကျွန်တော်တို့ ဒါဝိတ်ရဲ့အသက်တာကို ကြည့်ရအောင်၊ ဒါဝိတ်က ငယ်ငယ်ကတည်းက အပြစ်တင်ခံရတဲ့သူ။ ငယ်ငယ်ကတည်းက ပစ်ပယ်ခြင်းခံထားရတဲ့သူ။ မိသားစုထဲမှာ နေရာပေးခြင်းမခံရတဲ့သူ။ သူ့အစ်ကိုတွေလိုမဟုတ်ပဲ သိုးတွေကျောင်းပြီး တောထဲမှာနေရတဲ့သူဖြစ်ပေမယ့် သူက သူလုပ်တဲ့အလုပ် သူရှိတဲ့နေရာမှာ အကောင်းဆုံးလုပ်တယ်။ သူ့အဖေရဲ့သိုးတွေ သူ့အစ်ကိုရဲ့သိုးတွေ သူနဲ့မဆိုင်ဘူး  သားရဲ တိရိစ္ဆာန်တွေ လာစားရင်လဲ စားသွားပါစေ ဆိုပြီး သူမနေဘူး။ သူအကောင်းဆုံး သေသေချာချာ ထိန်းကျောင်းတယ်။ ကာကွယ်တယ်။ သူ့နှလုံးသားက သိပ်ကောင်းတယ်။

                   သူ့ကိုတောထဲမှာ တစ်ယောက်ထဲပစ်ထားပေမယ့် သူ့ကိုယ်သူ အားငယ်စိတ် ကြောက်ရွံ့စိတ် သိမ်ငယ်စိတ် ဝမ်းနည်းစိတ်တွေနဲ့ သူအသက်မရှင်နေဘူး။ သူစဥ်းစားလို့ရပေမယ့် သူမစဥ်းစားဘူး။ မှတ်ထားပါ၊ ဘုရားသားသမီးမှန်ရင် အဲ့လိုစိတ်ဓါတ်နဲ့ အသက်မရှင်ရဘူး။ ဒါဝိတ်ကို တောထဲမှာ သူ့အဖေက လွှတ်ထားပေမယ့် သူ့အစ်ကိုတွေကိုကျတော့ စစ်တပ်ထဲမှာ စစ်ပညာကို သင်စေတယ်။ ဒါဝိတ်က သူ့အဖေသူ့ကို တောထဲမှာ ပစ်ထားတာကို တွေးပြီးဝမ်းနည်း စိတ်ဓါတ်ကျမနေခဲ့ဘူး။ သူရှိတဲ့နေရာမှာ အကောင်းဆုံးအသက်ရှင်ပြီး ဘုရားနဲ့သွားလာတယ်။

                      နေ့ဆိုရင်အရမ်းပူပြီး ညဆိုရင် အရမ်းအေးတတ်တဲ့ ကန္တာရထဲမှာ သိုးတွေကို အန္တရယ်နဲ့မကြုံရအောင် ထိန်းကျောင်းရင်း ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုပဲ အစဥ်အောက်မေ့သတိရပြီး ချီးမွမ်းနေတဲ့ ဒါဝိတ်ဖြစ်တယ်။ လူတွေသူ့ကို နာကျင်အောင်လုပ်နေလဲ သူမစဥ်းစားဘူး၊ သူ့အဖေအကြောင်းသူမစဥ်းစားဘူး၊ သူ့မှာ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်း အကြောင်းတွေကိုသာ စဥ်းစားနေတာဖြစ်တယ်။

                   သင့်ရဲ့အသက်တာထဲမှာရော သင်က သင့်ကိုဒုက္ခပေးတဲ့သူတွေ အကြောင်းကိုပဲ သင်စဥ်းစားပြီးတော့ ဒီလူတွေ မိုးကောင်းတုန်းရွာထားအုံးပေါ့ တစ်နေ့မှာ ငါ့အကြောင်းသိရမယ်ဆိုပြီး သင်တွေးမိနေသလား? သင့်ကိုယ်သင်ပြန်ဆင်ခြင်ပါ။ သင်စဥ်းစားရမှာ အဲ့ဒီလူတွေမဟုတ်ပါဘူး။ သင်စဥ်းစားရမှာက ဘုရားသခင်ဖြစ်တယ်။ သင့်ကို အစဥ်အမြဲ စောင့်မ ကြည့်ရှုပေးနေတဲ့ ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်း မစခြင်းကိုပဲ သင်စဥ်းစားဆင်ခြင်ပါ။ သင့်ရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးမှာ လူမဟုတ်ဘူး၊ ဘုရားသခင်ဖြစ်တယ်။

                 “ငါ့ကိုမစခြင်း အကြောင်းသည် ပေါ်ထွက်ရ သော တောင်ရိုးသို့ ငါမျှော်ကြည့်၏။ကော်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ထံတော်မှ၊ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။”(ဆာလံ121:1-2)

                 မစခြင်းအကြောင်းက လူတွေဆီကမဟုတ်ဘူး၊ ဘုရားဆီကပဲလာတာဖြစ်တယ် ဆိုတာသူသိပြီး လူတွေကို သူမကြည့်ဘူး၊ လူတွေ သူ့အပေါ်မှာ ဘယ်လိုဆက်ဆံပြီး ဘယ်လိုပြောနေကြလဲ သူမစဥ်းစားဘူး။

“ထိုကြောင့် ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည်ဖြစ်၍၊ လူသည် ငါ၌ပြုနိုင်သမျှကို ငါမကြောက်ဟု၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့် ရှိကြ၏။”(‌ဟေဗြဲ 13:6)

                       အောင်မြင်ဖို့သင်မဆုတောင်းပါနဲ့။ယေရှုခရစ်တော်အားဖြင့် သင်ကအောင်မြင်သောသူဖြစ်တယ်။ဒါဝိတ်ကဒါကို ကောင်းကောင်းသိပြီးနားလည်တယ်။

“ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။”(၁ကော15:57)

                 သင့်အသက်တာမှာ သင်က‌အောင်မြင်လာရင် အမြဲတမ်းတိုက်ခိုက်မယ့် လူတစ်စုက ပေါ်လာတတ်ပါတယ်။ ဘုရားချီးမြှောက်လာရင် လူတွေက ချီးမွမ်းလိမ့်မယ်။ ရှောလု အထောင်ထောင် ဒါဝိတ်အသောင်းသောင်းလို့ လူတွေက ကြွေးကြော်အော်ဟစ်ကြတဲ့အခါ ရှောလုမှာ ဒါဝိတ်အပေါ် မနာလိုစိတ်‌တွေ ဝင်လာခဲ့တယ်။မနာလိုစိတ်က အမှားလုပ်ဖို့ ဖြစ်စေတယ်။ ဒါဝိတ်က လူကိုသွားကြည့်ရင် သူ့မိသားစုသူ့ကို ဆက်ဆံပုံတွေက သူစိတ်ဓါတ်ကျစရာ အားငယ်ဝမ်းနည်းစရာ ဖြစ်ပေမယ့် သူဘုရားဂုဏ်တော်ကိုသာ ချီးမွမ်းနေသူဖြစ်တယ်။

                 ဣသရေလလူမျိူးတွေကို ကယ်တင်ပေးလိုက်ခါမှ ရှောလုက မနာလုစိတ်ဖြစ်ပြီး သူ့ကို လုပ်ကြံတဲ့အတွက် ထွက်ပြေးခဲ့ရတယ်။ သူအဒုလံဥမင်ထဲမှာ ရှောလုလက်က လွတ်အောင် ပြေးနေရတဲ့အထဲမှာ သူ့ဆီကို အမှူရောက်သောသူ စိတ်ညစ်သောသူ ကြွေးတင်သောသူတွေ ရောက်လာပြီး သူ့အနားမှာလာစုနေကြတယ်။ အဲဒီလူတွေကို ဦးဆောင်ရင်းနဲ့ ရှောလုက သူ့ကိုပိုက်စိတ်တိုက် ရှာနေခဲ့တဲ့အခါမှာ သူဖိလိတ္တိတိုင်းပြည်ကို ထွက်ပြေးရတယ်။ ဖိလိတ္တိပြည်က အာခိတ်မင်းကြီးက သူ့ကိုချစ်ပြီး နေရာပေးတဲ့အခါမှာ ဒါဝိတ်က အာခိတ်မင်းကြီးဆီကနေ ဇိကလတ်မြို့ဆိုတဲ့ မြို့လေးကို တောင်းပြီး သွားနေခဲ့တယ်။


               ဇိကလတ်မြို့ကိုရောက်တဲအခါ အဲ့ဒီမှာ ဒါဝိတ်က သူ့လူတွေကို သူဦးဆောင်ပြီးနေခဲ့တယ်။ တစ်ရက်မှာ ဖိလိတ္တိလူတွေနဲ့ အတူ စစ်တိုက်ဖို့သွားခဲ့ကြပေမယ့် ဖိလိတ္တိလူတွေက လက်မခံတော့ သူတို့နေတဲ့ဇိကလတ်မြို့ကို ပြန်လာခဲ့ကြတယ်။ ပြန်လာနေတဲ့အချိန်မှာ ဇိကလတ်မြို့မှာ ရန်သူက ဒါဝိတ်နဲ့သူ့လူတွေရဲ့ မိန်းမနဲ့သားသမီးတွေအားလုံးကို ရန်သူက သိမ်းပိုက်ခေါ်ဆောင်သွားပြီဖြစ်တယ်။ မြို့ကိုလည်းမီးရှိူ့ခဲ့ကြတယ်။ ဒါဝိတ်တို့ပြန်လာတဲ့အခါ သူ့လူတွေက သူတို့ရဲ့မိန်းမနဲ့ကလေးတွေ ဖမ်းခေါ်သွားခံထိတာ သိလိုက်ရတယ်၊ အဲ့ဒီအခါ ဒါဝိတ်ကို ဝိုင်းဝန်အပြစ်တင်ပြီး ခဲနဲ့ပစ်ပေါက်သတ်ဖို့ ကြံရွယ်ကြတယ်။


            အဲ့ဒီအခါမှာ ဒါဝိတ်က သူ့ကိုဝိုင်းဝန်းပြီး အပြစ်တင် ဆဲဆိုနေကြသူတွေကို သူဘာမှပြန်မပြောခဲ့ဘူး။ သူ ဘုရားသခင်ကိုပဲ မျှော်လင့်ကိုးစားပြီးနေခဲ့တယ် ၊ ပြီးတော့ သင်တိုင်းတော်ကို ယူခိုင်းပြီး သူဝတ်တယ်၊ ဘာဆက်လုပ်ရတော့မလဲ ဆိုတာအတွက် ဘုရားကို ကိုးကွယ်ပြီး စကားပြောတယ်။ သင်တိုင်းတော် ဆိုတာ ယဇ်ပုရောဟိတ်ဝတ်စုံ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့အသက်တာမှာလည်း ကိုယ့်ကို နာကျင်အောင် ကိုယ်ဒုက္ခဖြစ်အောင် လုပ်နေတဲ့ သူတွေအကြောင်းထိုင်ပြီး မစဥ်းစားပါနဲ့။ သင့်ရဲ့အဲ့ဒီ ဒုက္ခတွင်းက ပိုပြီးနက်သွားလိမ့်မယ်။ သင်က သင့်ကို ကောင်းကြီးပေး ကူညီမစနိုင်တဲ့ ဘုရားအကြောင်းကို ပိုပြီးစဥ်းစားပါ။ လမ်းမရှိတဲ့အချိန်မှာ လမ်းကိုပြင်ဆင်ပေးတဲ့ ဘုရားကိုသာ ကိုးစားလျက်နေပါ။

                      သူ့အဖေတွေသူ့ကို ပစ်ထားတဲအချိန်မှာ သူစိတ်ပျက်အားငယ်ပြီး သူမနေဘူး၊ ဘုရားကိုပဲသူကိုးစားတယ်။ သူ့အစ်ကို တွေ သူ့ကို လူရာမသွင်းချိန်မှာလဲ သူဘုရားကိုပဲကိုးစားတယ်။ သားရဲတိရစ္ဆာန်တွေ သူ့ကို ကိုက်စားဖို့လာလဲ သူဘုရားကို ကိုးစားအားကိုးခြင်းနဲ့သာ ဖြတ်ကျော်ခဲ့တယ်။ သင်အောင်မြင်ချင်ရင် သင့်ကိုဒုက္ခပေးနေတဲ့သူတွေကို မကြည့်ပါနဲ့။ သင့်ကိုမစကူညီပေးနိုင်တဲ့ ဘုရားကိုသာမျှော်ကြည့်ပါ။ ဒါဝိတ်ရဲ့အသက်တာက နောက်ဆုံးမှာ သူ့ရဲ့မိန်းမနဲ့ ကလေးတွေ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ အားလုံးပြန်ရခဲ့တယ်။ အဲ့ဒီအခါ သူ့ကိုခဲနဲ့ပေါက်သတ်မယ်လို့ ကြံရွယ်ခဲ့တဲ့ သူတွေက ဒါဝိတ်ကို သူက တကယ့်ခေါင်းဆောင်ကောင်းတစ်ယောက် တကယ့်ဘုရားလူပါလား ဆိုပြီး ပြန်ပြီးရိုသေကြတယ်။

                           ဒီကနေ့ ဒီအကြောင်းအရာအားဖြင့် အားပေးချင်တဲ့အရာက သင်မည်သူ့ကိုမျှအာရုံမစိုက်ပဲ သင့်ကို မစမယ့်ဘုရားကိုသာ အာရုံစိုက်ခြင်းအားဖြင့် ဘုရားသခင်က သင့်ကိုချီးမြှောက်သွားပါလိမ့်မယ်။ အယောက်စီတိုင်း ဘုရားသခင် ကောင်းကြီးပေးပါစေ။