daily bread
အားလုံးပဲမင်္ဂလာပါ။ ဘုရားသခင်ထံမှလာသော ငြိမ်သက်ခြင်း ဝမ်းမြောက်ခြင်း ကျန်းမာခြင်း ပျော်ရွှင်ခြင်း တို့သည် သင်နှင့်သင့်မိသားစုအပေါ်ကျရောက်ပါစေလို့ သခင်ယေရှုခရစ်တော်နာမ၌ ကောင်းကြီးမင်္ဂလာကို ကြေငြာလိုက်ပါတယ်။ ဒီကနေ့မှာသန့်ရှင်းသောဝိညာဥ်တော်နဲ့ မိဿဟာယဖွဲ့ခြင်းဆိုတာကို ကျွန်တော်ဝေငှသွားပါမယ်။
သန့်ရှင်းသောဝိညာဥ်တော်နဲ့ မိဿဟာယဖွဲ့ခြင်းမရှိသူက ဘယ်တော့မှ တန်ခိုးနဲ့အသက်မရှင်နိုင်ဘူး။ သင်ဘယ်လောက်ပဲ ကျမ်းစာတွေ သိနေတတ်နေပါစေ သန့်ရှင်းသောဝိညာဥ်တော်နဲ့ မိဿဟာယမဖွဲ့ဘူးဆိုရင် သင့်အထဲကနေ ဘုရားက အလုပ်လုပ်လို့မရဘူး။ အဲ့ဒီအသက်တာက သန့်ရှင်းသောဝိညာဥ်တော်ကို စိတ်နာစေပါတယ်။ သန့်ရှင်းသော ဝိညာဥ်တော်နဲ့ ပြည့်ဝပြီး သန့်ရှင်းသောဝိညာဥ်တော်ရဲ့ တန်ခိုးနဲ့ အသက်ရှင်ဖို့ ဘုရားက အလိုရှိတယ်။ ကျွန်တော်တို့ကို လောကမှာ ဘုရားထား ထားခြင်းက လောကသားတွေလိုအသက်ရှင်ဖို့မဟုတ်ဘူး၊ သန့်ရှင်းသောဝိညာဥ်တော်ရဲ့ တန်ခိုးနဲ့ အသက်ရှင်ဖို့ ဘုရားရှင် အလိုတော်ရှိတယ်။
ယေရှုခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ် လက်ခံလိုက်တာနဲ့ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရပြီးတဲ့ သူတွေက ဒီလောကရဲ့လောကသားတွေ အရှေ့မှာ အံ့သြအားကျရတဲ့အသက်တာဖြစ်ဖို့ရန်အတွက် သန့်ရှင်းသော ဝိညာဥ်တော်ကို ကျွန်တော်တို့အတွက် စေလွှတ်တယ်။ သန့်ရှင်းသောဝိညာဥ်တော်နဲ့ တံဆိပ်ခတ်ပြီး ကျွန်တော်တို့ရဲ့ အတွင်းနှလုံးသားထဲမှာ နေရာယူတယ်။ သန့်ရှင်းသောဝိညာဥ်တော်က တန်ခိုးမဟုတ်ပါဘူး။ သန့်ရှင်းသောဝိညာဥ်တော်က ကျွန်တော်တို့ကို တန်ခိုးကိုဖြစ်စေတာ။ သန့်ရှင်းသောဝိညာဥ်တော် ကျိန်းဝပ်တဲ့ကျွန်တော်တို့က တန်ခိုးနဲ့ အသက်ရှင် နိုင်လာတာဖြစ်တယ်။
နှုတ်ကပတ်တော်က ဘာပြောထားလဲဆိုရင် ယေရှုခရစ်တော်ကို သေခြင်းမှထမြောက်စေတဲ့ ဝိညာဥ်တော်က ကျွန်တော်တို့အထဲမှာ ကျိန်းဝပ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့အသက်တာက သဘာဝကနေ သဘာဝအလွန်ဖြစ်ရတဲ့ အခွင့်ကို ပြင်ဆင်ပေးတယ်။ နေ့ရက်အစဥ်တိုင်းမှာ လောကသားတွေလိုမဟုတ်ပဲ ဘုရားသားသမီးကဲ့သို့ တန်ခိုးနဲ့အသက်ရှင်ဖို့ သန့်ရှင်းသော ဝိညာဥ်တော်ကို ဒီလောကကို စေလွှတ်တယ်။ သန့်ရှင်းသောဝိညာဥ်တော်က ကျွန်တော်တို့ကို ကူမဖို့ ကျွန်တော်တို့နဲ့ အတူရှိစေတယ်။
သန့်ရှင်းသောဝိညာဥ်တော်က ပုဂ္ဂိုလ် ဖြစ်တယ်။ ပုဂ္ဂိုလ် ဖြစ်တဲ့အတွက်ကြောင့် သင်က မိဿဟာယဖွဲ့နေဖို့ သိပ်အရေးကြီးတယ်။ သန့်ရှင်းသောဝိညာဥ်တော်ကို သင်ကအသက်တာမှာ နေရာမပေးဘူးဆိုရင် မိဿဟာယမရှိဘူးဆိုရင် သန့်ရှင်းသောဝိညာဥ်တော်က သင့်ရဲ့အသက်တာထဲကနေ အလုပ် လုပ်လို့မရဘူး။ ယေရှုခရစ်တော်ကို မိမိရဲ့ ကယ်တင်ပိုင်ရှင် အဖြစ် လက်ခံလိုက်ပြီးတဲ့နောက်မှာ သင်အောင်မြင်စွာ အသက်ရှင်နိုင်ဖို့က သန့်ရှင်းသောဝိညာဥ်တော်ကို သင်ပယ်ထားလို့ မရဘူး။ သန့်ရှင်းသောဝိညာဥ်တော်ကို သင်ချောင်ထိုးထားလို့ မရဘူး။ အချိန်မပေးလို့မရဘူး။
“ထိုကြောင့်မုသားစကားကိုပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်းတယောက်နှင့် တယောက် ပြောကြလော့။ အကြောင်းမူကား၊ ငါတို့သည် အချင်းချင်း အင်္ဂါချင်းဖြစ်ကြ၏။အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။ခိုးတတ်သောသူသည် နောက်တဖန်မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန် ရှိစေခြင်းငှါ၊ မိမိ လက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ။ ညစ်ညူးသော စကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှါ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။”(ဧဖက်4:25-30)
သန့်ရှင်းသောဝိညာဥ်တော်ကကျွန်တော်တို့နဲ့အတူရှိနေတာကို သိရင် ကျွန်တော်တို့မလိမ်ညာရဲဘူး ကျွန်တော်တို့ နဲ့အတူဘူရားရှိနေတယ်။ကျွန်တော်တို့အထဲမှာ ကျိန်းဝပ်တာသိရင် မုသားစကားကို မပြောရဲဘူး၊ သန့်ရှင်းသောဝိညာဥ်တော်နဲ့ သင်အသက်ရှင်တတ်ဖို့ အရမ်းအရေးကြီးတယ်။ ဒီကနေ့ သင်ဘယ်သူနဲ့ အသက်ရှင်နေလဲ? ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရပြီးသော သူတွေရဲ့အထဲမှာ လောကမှာအောင်မြင်စွာအသက်ရှင်နိုင်ဖို့ သန့်ရှင်းသောဝိညာဥ်တော်ကို ကျွန်တော်တို့အတွက် ပေးထားပေမယ့် နေ့ရက်အစဥ်တိုင်းမှာ မိမိနှစ်သက်သလို အသက်ရှင်နေကြတယ်။ ပြောချင်တာ ပြောပြီး လုပ်ချင်တာ လုပ်နေကြတယ်။ ကျွန်တော်တို့ အသက်တာမှာ တန်ခိုးနဲ့ထူးခြားစွာ အသက်ရှင်ချင်တယ် ဆိုရင်တော့ သင့်အသက်တာမှာ သန့်ရှင်းသောဝိညာဥ်တော်နဲ့ အသက်ရှင်ဖို့ မမေ့ပါနဲ့။
သင်လုပ်ချင်တာ လုပ်နေသရွေ့ သန့်ရှင်းသောဝိညာဥ်တော်က သင့်ရဲ့အထဲကနေ တန်ခိုးနဲ့ အလုပ်လုပ်လို့ မရဘူး။ သင့်စိတ်တိုင်းကျပဲ အသက်ရှင်နေတယ်။ သန့်ရှင်းသောဝိညာဥ်တော်ကို စိတ်မနာစေပါနဲ့။ သင်သူ့ကို အချိန်မပေး ဂရုမစိုက်လည်း သန့်ရှင်းသောဝိညာဥ်တော်က သင်တစ်ခုခုဖြစ်လာရင်မစတယ် အရှက်မကွဲစေဘူး၊ သင့်ကိုနေ့တိုင်းလမ်းပြပြီး မစပေးနေတဲ့ သန့်ရှင်းသောဝိညာဥ်တော်ကို သင်ကျောခိုင်းပြီးတော့မှ သင်လုပ်ချင်တာတွေ ဆက်လုပ်နေတုန်းလား?
သန့်ရှင်းသောဝိညာဥ်တော်နဲ့များများအချိန်ယူလေလေ သူကပိုပြီးအလုပ်လုပ်လို့ရလေလေဖြစ်တယ်။ နှုတ်ကပတ်တော်မှာ ဆီတွေလောင်းချပြီး လပ်နေတဲ့အိုးတွေဖြည့်ဖို့အတွက် တံခါးကိုပိတ်ခိုင်းတယ်။ တံခါးမပိတ်ပဲ ဆီက စီးဆင်းလို့မရဘူး။ သန့်ရှင်းသောဝိညာဥ်တော်က ဆီအနေနဲ့ လွတ်လပ်စွာ လူပေါင်းမြောက်များစွာရဲ့အသက်တာထဲမှာ တန်ခိုးနဲ့ပြည့်တဲ့ အသက်တာ အဖြစ် ဖြည့်ဖို့ ၊ နှုတ်ကပတ်တော် စီးဆင်းတဲ့နေရာတိုင်းမှာ နှုတ်ကပတ်တော်ဖြည့်ဖို့ အယောက်စီတိုင်းရဲ့ အသက်တာထဲမှာ ဝိညာဥ်တော်နဲ့ပြည့်ဝနေစေဖို့ အတွက် လောကတံခါးတွေကို ပိတ်လိုက်မှ လုပ်လို့ရတာ ဖြစ်တယ်။ သင်က သန့်ရှင်းသောဝိညာဥ်တော်နဲ့ မိဿဟာယဖွဲ့ဖို့ လောကအရာတွေကို ချန်ထားခဲ့ပါ။
သင်နဲ့အတူဘုရားရှိတဲ့အတွက် သင်ပြောတဲ့စကား သင်လုပ်တဲ့အလုပ် သင်သွားတဲ့နေရာ သင်ကြည့်တဲ့အရာ သင်နားထောင်နေတဲ့အရာ သင်မိဿဟာယဖွဲ့နေတဲ့အရာ သင်ဆုံးဖြတ်ချက်ချတာတွေ အားလုံးကို သင်သတိထားရမှာ ဖြစ်တယ်။ သင်က ဒါတွေကို သတိထားတတ်လာရင် သန့်ရှင်းသောဝိညာဥ်တော်က သင့်အထဲကနေ အလုပ်လုပ်လို့ရလာပြီ ဖြစ်တယ်။ သန့်ရှင်းသောဝိညာဥ်တော် အလုပ်လုပ်လာတဲ့အခါမှာ တံငါသည်ကနေပြီးတော့ သူ့အရိပ်လေးထိတာနဲ့တင် ကျန်းမာစေတဲ့ တပည့်တော်တွေထဲမှာ အံ့သြဖွယ်ရာ အသုံးပြုလို့ ရလာတာဖြစ်တယ်။ လူသတ်သမားဖြစ်ခဲ့တဲ့ ရှောလုကနေ ဘုရားသခင်ရဲ့ သန့်ရှင်းသောဝိညာဥ်တော် အလုပ်လုပ်လာတဲ့အချိန်ကနေစပြီး ပေါလု ဖြစ်သွားတဲ့နောက်မှာ သူ့ရဲ့လက်ကိုင်ပုဝါ ထိရတဲ့သူပင်လျင် အနာရောဂါ ငြိမ်းရတဲ့အခွင့်ကို ပေးတယ်။
“ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို၎င်း၊ သင်တို့မှ ပယ်ရှားကြလော့။အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။”(ဧဖက် 4:31-32)
လူတိုင်းက အမှားရှိတတ်တယ်၊ လူတိုင်းကမပြည့်စုံဘူး၊ ဒါပေမယ့် ဒီကနေ့မှာ ကျွန်တော့်အားဖြင့် သင့်ကို သန့်ရှင်းသောဝိညာဥ်တော်ဘုရား ပြန်လည် အချိန်ယူမိဿဟာယဖွဲ့ဖို့ ဘုရားသခင်က သတိပေးနေပြီဖြစ်တယ်။ ကျွန်တော့်ကို ဖော်ပြသလို သင့်ကိုလဲ ဖော်ပြနေတဲ့ဘုရားဖြစ်တယ်ဆိုတာ သင်သိပြီး ဒီကနေ့စပြီး စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်း တို့ကို သင့်အထဲကနေဖယ်ရှားပါ။ သင့်မှာအဲ့ဒါတွေရှိနေရင် သန့်ရှင်းသောဝိညာဥ်တော်က အလုပ်လုပ်လို့မရဘူး၊ သန့်ရှင်းသောဝိညာဥ်တော် အလုပ်မလုပ်တော့ဘူးဆိုရင် သင်ဘာလုပ်လုပ် ဘာမှမင်္ဂလာမရှိဘူး၊ အောင်မြင်ခြင်းမရှိတော့ဘူး၊ သင်ဘာလုပ်လုပ် ဘုန်းတော်မထင်ရှားတော့ဘူး၊ သင့်ခွန်အားနဲ့ ဘယ်လောက်ပဲကြိုးစားပြီး လုပ်လုပ် သင်ဘာမှ မအောင်မြင်တော့ဘူး၊ အဲ့ဒီအသက်တာမျိူး မဖြစ်ပါစေနဲ့။
ကျမ်းစာထဲမှာ ရှံဆုန်အကြောင်းတွေ့ရတယ်။ နာဇရိလူဖြစ်ပြီး ဝိညာဥ်တော်က မစကောင်းကြီးပေးတဲ့သူ ဖြစ်တယ်။ လူသမျှမှာအောင်မြင်တယ်။ စပျစ်ဥယျာဥ်ထဲမှာ ခြင်္သေ့ပျိူကိုတွေ့တဲ့အခါမှာ ဆိတ်သူငယ်လေး တစ်ကောင်ကို သတ်သလိုပဲ သူသတ်ပစ်နိုင်တာ သန့်ရှင်းသောဝိညာဥ်တော်ရဲ့မစမှူကြောင့်ဖြစ်တယ်။ ဖိလိတ္တိလူတစ်ထောင်က သူ့ကိုဖမ်းဖို့လာတဲ့အခါမှာ ရှံဆုန်ကို ကြိုးသစ်နဲ့သေသေချာချာ ချည်နှောင်ပြီးတော့မှ သူ့ကိုခေါ်လာတယ်၊ အဲ့ဒီအချိန်မှာ ကြိုးနဲ့ချည်ပြီးဖမ်းလာတဲ့ ရှံဆုန်ကို မြင်တော့ လူတွေက ရှံဆုန်ကို သတ်လို့ရပြီလို့ ကြွေးကြော်ကြပြီး သတ်ဖို့လာတဲ့အခါ သန့်ရှင်းသောဝိညာဥ်တော်က တန်ခိုးနဲ့ပြည့်ပြီးတော့ ကြိုးတွေက မီးနဲ့ထိသလို တဖြုတ်ဖြုတ်နဲ့အကုန်ပြတ်သွားခဲ့တယ်။ ပြီးမှ အနားမှာတွေ့တဲ့ မြည်းမေးရိုးကို ကောက်ယူပြီး ရိုက်တဲ့အခါ လူတစ်ထောင်အသက်ဆုံးရတယ်။ သန့်ရှင်းသောဝိညာဥ်တော်က သူနဲ့အတူရှိပြီး သန့်ရှင်းသောဝိညာဥ်တော်ရဲ့ တန်ခိုး အားဖြင့်ပဲ သူလုပ်နိုင်ခဲ့တာဖြစ်တယ်။
သင်ကလုပ်တိုင်းမှာ အောင်မြင်လာရင် လူတွေက သင့်ကိုကြည့်နေကြပြီဖြစ်တယ်။ လူတွေ ကြည့်တာ များလာရင် သင်က ဝါကြွားမှုဖြစ်လာမယ်။ တကယ်တော့ သင့်ကို လူတွေကြည့်တာများလာရင် သင်ပြန်ကြည့်ရမှာက လူတွေကိုမဟုတ်ဘူး၊ သင်ကျေနပ်ရမှာက လူတွေအပေါ်မှာမဟုတ်ဘူး၊ လူအများက သင့်ကို အထင်ကြီး ကြည့်ရှုနေချိန်မှာ သင်ပြန်ကြည့်ရမှာက သန့်ရှင်းသောဝိညာဥ်တော်ဘုရားပဲဖြစ်တယ်။ သန့်ရှင်းသောဝိညာဥ်တော်ကို နေရာပေးတတ်ဖို့ သန့်ရှင်းသောဝိညာဥ်တော်ဘက် လှည့်ကြည့်နေတတ်ဖို့ အရေးကြီးတယ်။
ဒါပေမယ့် ဒေလိလ ဆိုတဲ့အမျိူးသမီးကို ငွေပေးငှားပြီးတော့မှ ရှံဆုန်အနားမှာ သွားနေခိုင်းတယ်။ ဒေလိလက ရှံဆုန်နဲ့အတူနေတာကြာလာပြီးနောက်မှာ ရှံဆုန်က ယုံကြည်ပြီး သူ့လျိူ့ဝှက်ချက်ကိုပြောပြခဲ့မိတဲ့အခါ ဆုံးရှူံးမှူတွေ ဖြစ်ခဲ့ရတယ်။ လောကမှာ ဘုရားသခင်အသုံးပြုလာပြီဆိုရင် မာရ်နတ်က သင့်ကိုဆွဲချဖို့ နည်းမျိူးစုံနဲ့ကြံစည် နေပြီဖြစ်တယ်။ အဲ့ဒီအချိန်မှာ တစ်ခုပဲ သင်သိရမှာက သင့်အောင်မြင်မှူတွေအားလုံးက ဝိညာဥ်တော်ရဲ့ မစခြင်းကြောင့်ပဲ ဖြစ်တယ် ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ဝိညာဥ်တော်ရဲ့မစခြင်းကြောင့်ဆိုတာ သင်မသိပဲ လူတွေရဲ့ လက်ခုပ်သံတွေကြားမှာ သင်ပျော်မွေ့သွားရင် သင်ဆုံးရှုံးတတ်တယ်။
“မိန်းမကလည်း၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်နိုး၍ ထာဝရ ဘုရား စွန့်တော်မူကြောင်းကို မရိပ်မိသောကြောင့်၊ အရင်ကဲ့သို့ ငါထွက်၍ အားထုတ်မည်ဟု အကြံ ရှိသော်လည်း၊- ဖိလိတ္တိလူတို့သည် ဘမ်းဆီး၍ သူ့မျက်စိကို ဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့် ချည်နှောင်၍ ထောင်အိမ်၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။”(သူကြီး 16:20-21)
ဘုရားက ရှံဆုန်ကို မှာထားတာက နာဇရိလူဖြစ်တဲ့အတွက် ဆံပင်မရိတ်ရဘူးလို့ မှာထားခဲ့တယ်။ ဒါကိုရှံဆုန်က ဒေလိလကို ငါ့ဆံပင်တစ်ခါမှ မရိတ်ဖူးဘူး ဆံပင်ရိတ်ရင် ငါ့အားတွေကုန်သွားမယ် ဆိုပြီးလျိူ့ဝှက်ချက်တွေကို ပြောပြခဲ့တယ်။ ဒီအခါ ဒေလိလက ရှံဆုန်ကို သူ့ရဲ့ ဒူးပေါ်မှာ အိပ်ပျော်စေပြီး လူတစ်ယောက်ကို ရှံဆုန်ရဲ့ ဆံပင် ခုနှစ်စုကို ရိတ်ဖြတ်စေခဲ့တယ်။ ပြီးတဲ့အခါ ဒေလိလက ရှံဆုန်ကို ရန်သူတွေလာနေပါပြီ ထပါတော့လို့ နှိုးတဲ့အခါမှာ ဟိုးတုန်းကလိုပဲ ရှံဆုန်က သူ့ကိုယ်သူအားရှိနေတယ်လို့ပဲ ထင်ပြီး နိုးထလာခဲ့ပေမယ့် သူ့ခေါင်းမှာ ဆံပင်မရှိတော့ဘူး။ ဆံပင်မရှိတော့လို့ ရှံဆုန် အားမရှိတော့တာမဟုတ်ပါဘူး။ ဘုရားစကားကို နားမထောင်တဲ့အခါမှာ သန့်ရှင်းသောဝိညာဥ်တော်ဘုရားက ရှံဆုန်ကို စွန့်သွားခဲ့တာဖြစ်တယ်။ သူ့မှာအားမရှိတော့လို့ သူ့ကိုဖမ်းပြီး မျက်လုံးတွေဖောက် ကြိတ်ဆုံနဲ့ကြိတ်ခြင်းကို သူခံခဲ့ရတယ်။ သူကြုံခဲ့ရတဲ့ အခက်အခဲပြဿနာတိုင်းမှာ သန့်ရှင်းသောဝိညာဥ်တော်ဘုရားရဲ့ မစမှုနဲ့ ဝိညာဥ်တော်က သူနဲ့အတူ ရှိနေခြင်းကြောင့် အောင်မြင်ခြင်းတွေရနေခဲ့တာဖြစ်တယ်။ သင်က သင်အောင်မြင်နေပြီဆိုပြီး မာန်မာနတက်ပြီး သန့်ရှင်းသောဝိညာဥ်တော်ဘုရားကို သင်မကြည့်တတ်ရင် နေရာမပေးတတ်ရင် မိဿဟာယ မဖွဲ့တတ်ရင် သင်က ပြန်လည်ဆုံးရှုံးသွားရမှာဖြစ်တယ်။
သန့်ရှင်းသောဝိညာဥ်တော်ကို မထီမဲ့မြင်မပြုပါနဲ့၊ သင်ကဘုရားသားဖြစ်ပြီး ဘုရားသခင်ရဲ့ဝိညာဥ်တော် ကျိန်းဝပ်ရာဖြစ်တဲ့အတွက် သင်အသက်ရှင်ချင်သလို အသက်မရှင်ပဲ သန့်ရှင်းသောဝိညာဥ်တော်ကို နေရာပေးမယ်ဆိုပြီးတော့ သင်က သန့်ရှင်းသောဝိညာဥ်တော်နဲ့ နေ့တိုင်းလျှောက်လှမ်းသွားသူဖြစ်ရင် တစ်နေ့ပြီးတစ်နေ့ တစ်လပြီးတစ်လ တစ်နှစ်ပြီးတစ်နှစ် မတူတဲ့အသက်တာနဲ့ ဘုရားဘုန်းတော်ထင်ရှားစေသောသူဖြစ်လာမယ်။
“အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ် သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သော သဘောကို အသစ် ပြုပြင်တော်မူပါ။ အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော် မမူပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော် မမူပါနှင့်။”(ဆာလံ51:10-11)
ဒါဝိတ်မင်းကြီး ကသူများမိန်းမနဲ့ သူမှားသွားတဲအခါမှာ သန့်ရှင်းသောဝိညာဥ်တော်ကို ရုတ်သိမ်းတော်မမူပါနှင့်လို့ တောင်းပန်ခဲ့တယ်။ သူဘုရင်ဖြစ်ပေမယ့် ယုဒနဲ့ ဣသရေလတွေ သူ့အောက်မှာရှိနေပေမယ့် သူအဲ့လူတွေကို မကြည့်ခဲ့ဘူး၊ သူ့ကို မစနေတဲ့ သန့်ရှင်းသောဝိညာဥ်တော်ဘုရားကိုပဲ ကြည့်ခဲ့တယ်။ သူ့ကို မနှင်ထုတ်ပါနဲ့ သူ့ဆီကနေ ထွက်မသွားပါနဲ့ လို့ ဘုရားကို တောင်းပန်ခဲ့တယ်။ သူ့ရဲ့အောင်မြင်ခြင်း သူ့ရဲ့ကျော်ကြားခြင်း တွေအားလုံးက သန့်ရှင်းသောဝိညာဥ်တော် ဘုရားရဲ့မစ မှူကြောင့်သာဖြစ်တယ်ဆိုတာ သူသိပြီး သူ့အမှားအတွက် စိုးရိမ်ပူပန်မှူများစွာနဲ့ သူဘုရားကို တောင်းပန်ခဲ့တယ်။
ဘုရားသခင်က သင့်ကို ချီးမြှောက်ချင်တဲ့ဘုရားဖြစ်တယ်။ သင့်ရဲ့အသက်တာအားဖြင့် သူ့ဘုန်းကို မြင်တွေ့သွားစေချင်တယ်။ အမြှီးမှာမထားပဲ ဦးခေါင်းမှာထားပြီး ချီးမြှောက်ချင်တယ်။ သင့်အသက်တာမှာ သင့်စိတ်သဘော အလိုကျ အသက်ရှင်ခဲ့မိရင် အမှားတွေ လုပ်ခဲ့မိရင် ပြန်လည်ဝန်ချ တောင်းပန်ပါ။ သန့်ရှင်းသောဝိညာဥ်တော်ကို ကျွန်တော့်ဆီက မရုတ်သိမ်းပါနဲ့ ကျွန်မဆီက မရုတ်သိမ်းပါနဲ့ ၊ ကိုယ်တော့်ကိုပဲ လိုအပ်ပါတယ် ၊ ကိုယ်တော်မရှိလို့မဖြစ်ပါဘူး လို့ နောင်တနဲ့ ပြန်တိုးဝင်ပြီး သန့်ရှင်းသောဝိညာဥ်တော်ကို နေရာပေးပါ။ သန့်ရှင်းသောဝိညာဥ်တော်ကို အသိအမှတ်ပြုပြီး နေရာပေး အချိန်ပေး မိဿဟာယဖွဲ့ပြီး ပြန်တိုးဝင်ရင် သင့်အသက်တာက အရင်ကနဲ့မတူတဲ့ ဘုရားဘုန်းထင်ရှားပြီး ဘိသိက်နဲ့ အသက်ရှင်တဲ့ အသက်တာ ဖြစ်လာမယ်။
သန့်ရှင်းသောဝိညာဥ်တော်မစခြင်းမရှိပဲနဲ့ ဒီလောကမှာ ဘာမှလုပ်လို့မရပါဘူး။ မိမိတို့ရဲ့အသက်တာကို အသစ်တဖန်ပြန်လည်ဆက်ကပ်ပြီး သန့်ရှင်းသောဝိညာဥ်တော်ကို နေရာပေး ကိုးစားတတ်ခြင်းအားဖြင့် သင်တို့ရဲ့အသက်တာ လောကသားများအရှေ့မှာ ဘုရားဘုန်းထင်ရှားစေသောသူများ ဖြစ်ပါစေလို့ ယေရှုခရစ်တော်နာမ၌ ကောင်းကြီးမင်္ဂလာကို ကြေငြာပေးလိုက်ပါတယ်။