Daily Bread

Mar 26, 2024    Pastor David Lah


            ကယ်တင်ခြင်းရပြီးနောက် အရင်လို အမူအကျင့်တွေ ကျန်ရှိနေခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အတွက် မေးလာကြပါတယ်။ မေးလာကြတဲ့ မေးခွန်းကို ကြည့်ပြီး ယုံကြည်သူ သားသမီးများ အကြားမှာ ရှုပ်ထွေးမှု ဖြစ်စေတာကိုလည်း သတိပြုမိပါတယ်။ ဒီအရာနဲ့ ပတ်သက်လို့ မေးလာတဲ့အပေါ်မှာ နှုတ်ကပတ်တော် ဝေငှသွားချင်ပါတယ်။

          ကယ်တင်ခြင်းရပြီးဆိုပေမယ့် အရက်မပြတ် ဆေးသုံးနေတဲ့သူတွေ အပြစ်ထဲမှာ ပျော်နေတဲ့ လူတွေ ရှိနေကြတုန်းပဲ ဘာကြောင့်လဲ?။ နားမလည်ဘူးလို့ ပြောကြပါတယ်။ မှန်ပါတယ်။ မေးစရာဖြစ်ပါတယ်။ ယေရှုခရစ်တော် ကြွလာပြီး သိမ်းဆည်းတဲ့ အချိန်ကျရင် ခန္ဓာ စိတ် ဝိညာဥ် သုံးပါးစလုံး အပြစ်နဲ့ကင်းစင်တဲ့ သူကိုပဲ သိမ်းဆည်းချင်တာ ဖြစ်တယ်။

ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော။ ငါတို့ သခင်ယေရှု ခရစ် ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။ (၁သက် 5:23)

               နေ့ရက်အစဥ်အတိုင်း လောကထဲမှာ သင်သွားလာတဲ့အခါ သင်က အလင်းရဲ့သားအဖြစ် သွားလာနေရတာဖြစ်တယ်။ တောင်းဇလားအောက်မှာ ရှိနေတဲ့ အလင်းလို သင်က မထွန်းလင်းနိုင်ဘူး ဖြစ်နေတယ်။ဒီကနေ့မှာ နှုတ်ကပတ်တော်အားဖြင့် အဖြေပေးသွားချင်ပါတယ်။

                ဒီကနေ့ ကျွန်တော်တို့ရဲ့အသက်တာကို ဘုရားက PERFECT ဖြစ်တဲ့အသက်တာဖြစ်စေချင်တယ်။ ဘယ်သူကမှ မပြည့်စုံဘူးလို့ ပြောကြမယ်။မှန်ပါတယ် လူကမပြည့်စုံပါဘူး ဒါပေမယ့် အသစ်မွေးဖွားခြင်း ခံရသောသူက ပြည့်စုံတယ်။ လူမည်သည်ကား ခရစ်တော်၌ ရှိတဲ့အခါမှာ အသစ်ဖြစ်သွားပြီ။ မလုပ်နိုင်ဘူး မတတ်နိုင်ဘူး ဆိုတဲ့အရာက လူအဟောင်းပါ။

လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည် ယေရှုခရစ် အားဖြင့် ငါတို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌အပ်ပေးတော်မူ၏။ (၂ကော 5:17-18)

          ထိုတန်ခိုးတော်က သင့်အားဖြင့်မဖြစ်နိုင်ပါဘူး။ ယေရှုခရစ်တော်ကို သေခြင်းမှ ထမြောက်စေနိုင်တဲ့ တန်ခိုးက သင့်ရဲ့အထဲမှာ လာပြီးနေရာယူတဲ့အတွက်ကြောင့် သင့်ရဲ့အသက်တာကို နေ့တိုင်း ပြုပြင် သွားပေးတာ ဖြစ်တယ်။

           တစ်ခါတစ်ရံမှာ သင်တို့ ယေရှုကို ရပြီး ကယ်တင်ခြင်းရပြီးပေမယ့် အရင်တုန်းကအကျင့်တွေနဲ့ ဆက်ပြီး အသက်ရှင်နေသေးသူမျိူးကို တွေ့တဲ့အခါမှာ သူ့အသက်တာ ဘာလို့ မလွတ်မြောက်နိုင်သေးတာလဲ? ဆုတောင်းပွဲ တရားဟောပွဲ တွေမှာလည်း ဆက်ကပ်ပါဝင်နေတာပဲ။ ဘာလို့ အကျင့်ဆိုးတွေထဲက မလွတ်မြောက်သေးတာလဲ? မွေ့လျော်ချင် ယောင်ဆောင်နေသူဖြစ်နေလို့ ကျွန်တော်ဖြေချင်ပါတယ်။

ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည်ကြားရ၍၊ သင်တို့အား ပြသသော တရားစကား ဟူမူကား၊ ဘုရား သခင်သည်အလင်း ဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက် အလျှင်းမရှိ။ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ပြီဟုဆိုလျက်ပင်၊ မှောင်မိုက်၌ ကျင်လည်လျှင်၊ သစ္စာတရား ကိုမကျင့်။ မုသာကိုသုံးသောသူ ဖြစ်ကြ၏။ (၁ယော 1:5-6)

               မိဿဟာယ ဆိုတာ ဝိညာဥ်က ဘုရားသခင်ကို တောင့်တပြီး တစ်ခြားအရာတွေကို ဂရုမစိုက်တော့တာ ဖြစ်တယ်။ နှုတ်ကပတ်တော်ကို ဆင်ခြင်ပြီး ကိုယ်တော် ကျွန်ုပ်ကို စကားပြောပါလို့ တောင့််တနေခြင်းဖြစ်တယ်။ နှုတ်ကပတ်တော်က စကားသံမကြားပဲနဲ့ ဖွင့်ပြခြင်း မရှိပဲနဲ့ ဒီတစ်ရက်ကို မကျော်လွန်ခြင်းဘူး ကိုယ်တော်ရယ် လို့ သင်တောင့်တ ဆာငတ်သူဖြစ်ရဲ့လား?

               မနက်အိပ်ယာနိုးထချိန် အချိန်ပိုင်းလေး ဘုရားနဲ့အချိန်ယူပြီး ကျန်တဲ့အချိန်တွေမှာ ဟိုကိစ္စ ဒီကိစ္စ တွေးပြီး စိတ်တွေဆိုး ဒေါသတွေဖြစ်နေတာက ဘုရားနဲ့ မိဿဟာယ ဖွဲ့သူမဟုတ်ဘူး၊ တရားတော်ကို အချိန်တိုင်း တစ်နေ့လုံး နှလုံးသားထဲမှာ အတွေးထဲမှာ ဘုရားရဲ့ နှုတ်ကပတ်တော်ကို ဆင်ခြင်နေမှ ဘုရားနဲ့ မိဿဟာယ ဖွဲ့နေသူဖြစ်တယ်။ တစ်ခါတစ်လေ ကျမ်းပိုဒ် တစ်ပိုဒ်ကို ရွတ်ပြီး သို့မဟုတ် သီချင်းလေး တစ်ပုဒ်ကို ညည်းရင်း မနက် အိပ်ယာကနိုးလာရတာမျိူး၊ သင်ဖြစ်ဖူးလား? ဒီခန္ဓာကိုယ်က သင့်ရဲ့အိမ်ဖြစ်တယ်။ သင့်ရဲ့ဝိညာဥ်က ခန္ဓာနဲ့ ချိတ်ဆက်နေတာဖြစ်တယ်။ ဘုရားနဲ့ မိဿဟာယ ဖွဲ့နေတာဖြစ်တယ်။

                 သင်က လူတွေများတဲ့နေရာ သံစဥ်တွေကောင်းတဲ့နေရာမှာပဲ သွားပြီးကိုးကွယ်နေတာလား? အိမ်မှာတော့ ကြည့်ချင်တာကြည့် လုပ်ချင်တာပြန်လုပ်မိနေတာလား? လူပဲလေ တစ်ချိန်လုံးတော့ ကျမ်းစာဘယ်ဖတ်နေနိုင်ပါ့မလဲ၊ လူပဲလေ..... ဆိုပြီး သင်တွေးနေရင်တော့ သင်မှားပြီ။ သင်ကအသစ်ဖန်ဆင်းခြင်း အသစ်ပြုပြင်ခြင်း ခံထားရသူဖြစ်တယ်။ လူကမွေးလာလို့ လူဖြစ်ပေမယ့် ယေရှုခရစ်တော်အားဖြင့် ကယ်တင်ခြင်းရပြီးနောက်မှာ ဘုရားကမွေးပြီး ဘုရားသားသမီး သင်ဖြစ်သွားခဲ့ပြီ။ ဒုတိယမွေးခြင်း ခံရတဲ့အသက်တာက လူလို့ ကိုယ့်ကိုယ်ကို ပြန်ပြီး မဆွဲချပါနဲ့။

       လူမည်သည်ကား ခရစ်တော်၌ရှိလျင် အသစ်ပြုပြင်တယ်လို့ ပြောတာက ခရစ်တော်ကို ယုံကြည်လက်ခံ ပြီးတဲ့အခါ ဘုရားသားသမီးဖြစ်ခွင့် ရသွားတာကို ပြောနေတာဖြစ်တယ်။ ဘုရားပကတိနဲ့ ဆက်ဆံခြင်း အခွင့်ကို ရပြီး စုံလင်ခြင်းအဆင့်ကို တက်လှမ်းဖို့ သင့်ကို ဘုရားသခင်က အလိုတော် ရှိတာဖြစ်တယ်။ လူပဲလေ ဆိုတဲ့ စကားအပေါ်မှာ မရပ်တည်ပါနဲ့။

               နှုတ်ကပတ်တော်အကြောင်းပဲ ဆင်ခြင်စဥ်းစားပြီး အသက်ရှင်မယ်ဆိုရင် ကျေးဇူးတင်တတ်တဲ့ စိတ်က ထာဝရအသက်ကို ရယုံတင်မကဘူး သားသမီးတို့ရဲ့အသက်တာထဲမှာ တန်ခိုးတော်နဲ့ ပြုပြင် ပေးနေပြီးတော့မှ ကိုယ်တော့် သဏ္ဌာန်နဲ့ ညီလာအောင် နေ့ရက်အစဥ်တိုင်းမှာ ဆွဲခေါ်နေတဲ့အသက်တာ ဖြစ်လာမယ်။

ထိုသို့ငါတို့သည်ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသောအားဖြင့်၊ တရားဆုံးဖြတ်တော်မူသောနေ့၌ ရဲရင့်ရသောအခွင့် ရှိကြလိမ့်မည်။အကြောင်းမူကား၊ငါတို့သည် ကိုယ်တော်၏နည်းတူ ဤလောက၌ ဖြစ်ကြ၏။- (၁ယော 4:17)

                 ယေရှုခရစ်တော်က လောကမှာ လာရောက်နေထိုင်ချိန်မှာ ငါနဲ့ခမည်းတော် တစ်လုံးတစ်ဝတည်း ရှိတယ် လို့ပြောခဲ့ပြီး လောကမှာအောင်မြင်စွာ အသက်ရှင်ခဲ့တယ်။ ဒါဆိုရင် ကျွန်တော်တို့နဲ့အတူ ခရစ်တော်ရဲ့ ဝိညာဥ် ရှိနေပြီးဖြစ်တဲ့အတွက် ကျွန်တော်တို့က လောကကို အောင်တဲ့သူတွေဖြစ်ကြတယ်။ သင်ကတကယ် မှောင်မိုက် တန်ခိုးကို အောင်မြင်ချင်တယ်ဆိုရင် စွဲလမ်းမှု ညစ်ညူးတဲ့အရာတွေကို အောင်မြင်ချင်တယ် ဆိုရင် ဒါတွေကို သင်တကယ် ကျော်လွှားချင်တယ်ဆိုရင် သင်ဒီနေ့ကစပြီး ဆုံးဖြတ်ချက်ချပါ။ ဘုရားနဲ့အချိန်ယူပါ။ ဝတ်ကြေတန်းကြေမဟုတ်ပဲ ဘုရားစကားကို အသက်တာထဲမှာ နေရာပေး အုပ်စိုးခွင့်ပြုပါ။ ဘုရားကို နေရာပေးလာရင် လောကမှောင်မိုက်တန်ခိုးတွေကို သင်က အနိုင်ယူလာမှာဖြစ်တယ် ဆိုတာ ယုံကြည်ပြီး သင်စတင်လုပ်ဆောင်ပါ။

                  မိမိအသက်တာအတွက် မကောင်းတာဖြစ်စေနိုင်တဲ့အရာ ဘာရှိမလဲ ပြန်သုံးသပ်ပါ။ လက်ဝှေ့ပွဲကို ကျွန်တော်က နှစ်သက်တယ်။ ကျွန်တော်ကြည့်တယ်၊ လက်ဝှေ့ပွဲလေးပဲ ဘာဖြစ်မှာမို့လဲ လို့ထင်ကြလိမ့်မယ်။ ဘာဖြစ်သလဲဆိုရင် မသိမသာနဲ့ အဲဒီအထဲကနေ ဝင်လာတာက ကျွန်တော် အလျင်တဆော ဆုံးဖြတ် တတ်လာတယ်။ ထစ်ကနဲဆိုရင် ကျွန်တော် စိတ်မရှည်တော့ဘူး။ အဲ့ဒီအရာက “ ကြည့်တာပဲ” ဆိုတာက ဖြစ်တယ်။ မှောင်မိုက်တန်ခိုးကို အောင်မြင်ပြီး ဘိသိက်တန်ခိုးနဲ့ စုံလင်တဲ့အသက်တာကို သင်တက်လှမ်းချင်ရင် အဲ့ဒီအရာတွေကအစ သင်ပိတ်လိုက်ရတာဖြစ်တယ်။ သင်က မဟုတ်တဲ့အရာတွေကို သင့်အထဲကို ဝင်စေတဲ့အခါ သင့်ဆီမှာ တန်ခိုးပါတဲ့ ယုံကြည်ခြင်းက နေရာယူလို့မတော့ဘူး။

                 နှုတ်ကပတ်တော်က နှလုံးသားထဲမှာ မရှိပဲ ဦးနှောက်ထဲမှာပဲ ရှိနေရင်တော့ သင်တကယ် မုန်တိုင်းနဲ့ ရင်ဆိုင်ရတဲ့အခါ သင့်ကို မကယ်နိုင်ဘူး။ သေတဲ့အထိ ဆုတောင်းတာ မရဘူးလို့ ပြောတဲ့သူတွေက ယုံကြည်ခြင်းပါရဲ့လား? သင့်ကို ယုံကြည်ခြင်းတည်ဆောက်နိုင်ဖို့က ဘုရားစကားကို သင်များများကြားမှ ဖြစ်တယ်။ တစ်ခြားအရာတွေ ပိတ်ပြီး နှုတ်ကပတ်တော်ကိုပဲ သင်နေရာပေးပါ။

                သင့်ရဲ့ကြည့်ခြင်း သင့်ရဲ့အချိန်ယူခြင်းတွေက မှောင်မိုက်ထဲမှာပဲ ကျင်လည်နေတဲ့ ယုံကြည်သူလို မဖြစ်ပါစေနဲ့။ ကျွန်တော်တို့က ယေရှုနဲ့အဆက်အသွယ်ရှိနေတဲ့ အလင်းထဲမှာ အသက်ရှင်နေသူ ဖြစ်ရမယ်။ ကျွန်တော်တို့ရဲ့အသက်တာက ဘုရားသခင်အတွက်ပဲ ဖြစ်ရမယ်။ မိမိအသက်တာကို ဘုရားလက်တော်ထဲမှာ အပ်နှံပြီး ဒီနေ့က စပြီး နှုတ်ကပတ်တော်နဲ့ သွားချင်တယ်။ လုပ်နေကြ ပြုနေကြ အရာတွေကို မပြုလုပ်မိဖို့ ကိုယ်တော် မစကူညီပါလို့ သန့်ရှင်းသောဝိညာဥ်တော် ဘုရားထံမှာ အကူအညီတောင်းပါ။

                   ဘုရားနဲ့သင် မိဿဟာယ ဖွဲ့တယ်ဆိုရင် သင်ဘာလို့ လောကမှာအလင်းမဖြစ်ပဲ မှောင်မိုက်ထဲမှာ ရှိနေရတာလဲ? သင်က အမှန် ဘုရားနဲ့ အချိန်ယူခြင်း မဟုတ်တာကြောင့်ဖြစ်တယ်။ သင်တကယ်ပဲ မှောင်မိုက် တန်ခိုးကနေ ကျော်လွှားချင်လား? သင်တကယ်ပဲ ဘုရားဘုန်းတော်နဲ့ ပြည့်နေပြီး မှောင်မိုက်က ကပ်လို့မရတဲ့သူ ဖြစ်ချင်လား?


ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ပြီဟုဆိုလျက်ပင်၊ မှောင်မိုက်၌ ကျင်လည်လျှင်၊ သစ္စာတရား ကိုမကျင့်။ မုသာကိုသုံးသောသူ ဖြစ်ကြ၏။ ( ၁ယော 1:6 ) 

 ယုံကြည်သူဖြစ်လျက်နဲ့ ကယ်တင်ခြင်းလည်းရပြီးသား ဖြစ်လျက်နဲ့ မှောင်မိုက်ထဲမှာ သင်ကျင်လည်နေသေးရင် သူ့ရဲ့အဓိက ပြဿနာက မွေ့လျော်ယောင်ဆောင်နေတာဖြစ်တယ်။ဘုရားနဲ့ မိဿဟာယမရှိသေးဘူး ကိုးကွယ်သူ မဟုတ်သေးဘူး ကိုးကွယ်ယောင်ဆောင်နေတာ ဖြစ်တယ်။ သင်က ဘယ်အရာတွေကို စဥ်းစားနေလဲ? တွေးနေလဲ? နှုတ်ကပတ်တော်နဲ့ သင်အသက်ရှင်တတ်လာရင် သင့်ရဲ့အသက်တာက မှောင်မိုက်ထဲမှာ လုံးဝမရှိတော့ပဲ သင်က လောကရဲ့အလင်းဖြစ်လာပါလိမ့်မယ်။