Daily Bread

Apr 11, 2024    Pastor David Lah


                     ကမ္ဘာအရပ်ရပ်မှာရှိနေတဲ့ ညီအစ်ကိုမောင်နှမများကို ဘုရားသခင်ထံမှ ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းများ သက်ရောက်ပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။ဒီကနေ့ ယောဟန်အခန်းကြီး ၅ ထဲက အကြောင်းအရာလေးနဲ့ ဝေငှချင်ပါတယ်။

                  ဗေသေသဒ ရေကန်နားမှာ ရှိနေတဲ့ အနာရောဂါစွဲနေတဲ့သူ တစ်ယောက်အကြောင်းကို ကျွန်တော် ဝေငှချင်ပါတယ်။ ဒီအကြောင်းကို ကျွန်တော်ယခင်က ဝေငှခဲ့ဖူးပါတယ်။ ဒီကနေ့မှာ ဘုရားသခင်ဖွင့်ပြတဲ့ အသစ်သော အရာနဲ့ ကျွန်‌တော် ထပ်မံ ဝေငှချင်ပါတယ်။ ဒီကာလက ခဲယဥ်းဆိုးယုတ်ရာကာလဖြစ်ပြီး မျှော်လင့်ခြင်းမဲ့နေတဲ့ကာလလဲဖြစ်တယ်။ မျှော်လင့်ခြင်းရဲ့အရှင်က ယေရှုခရစ်တော်တစ်ပါးတည်းပဲ ရှိတယ်ဆိုတာ အာမခံချင်ပါတယ်။ ကျွန်တော်တို့ ဘာသာတရားအကြောင်း မပြောပါဘူး။ ကျွန်တော်ပြောနေတာက ကယ်တင်ရှင်တည်းဟူသော ယေရှုခရစ်တော်အကြောင်းကို ပြောနေတာဖြစ်တယ်။ ယေရှုခရစ်တော် သည်သာလျင် အာမခံချက်ပေးနိုင်သော အရှင်ဖြစ်တယ်။ လောကမှာ သင်ရောမျှော်လင့်ခြင်းကင်းမဲ့နေပြီလား?

“ငါ့ကိုခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည်။”(ယေရမိ 33:3)

                       သင့်ဘဝမှာ ဘယ်သွားလို့ သွားရမှန်းမသိတော့ဘူး ၊ သင်ဘဝမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး၊ သင့်ဘဝမှာ အနာဂတ်ပျောက်နေပြီဆိုရင် သင့်ကိုယ်သင် သတ်သေချင်လောက်တဲ့အထိဖြစ်နေပြီဆိုရင် အားမ‌လျော့ပါနဲ့လို့ ကျွန်တော်အားပေးချင်တယ်။ ကျွန်တော့်ရဲ့အသက်တာပင်လျင် စိတ်ဓါတ်ကျတဲ့အချိန် စိတ်ပျက်တဲ့အချိန် အများကြီးရှိခဲ့တယ်။ မျှော်လင့်ခြင်းမဲ့နေတဲအချိန်မှာ ကျွန်တော်ခေါ်ခဲ့တဲ့ဘုရားက ကျွန်တော့်ကို ထူးပြီးကူမခဲ့သလို ဒီအချိန်ဒီကာလမှာ ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိတော့တဲ့ သူတွေလည်း ကျွန်တော်ခေါ်ခဲ့တဲ့ ကယ်တင်ရှင် ယေရှုခရစ်တော်ကို ခေါ်ကြည့်ပါ။ လွတ်မြောက်ရာလမ်း မရှိတော့တဲ့အချိန်မှာ လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးတဲ့ဘုရားဖြစ်တယ်။မျှော်လင့်ခြင်းကို ဖြစ်စေတာယေရှုခရစ်တော်ဖြစ်တယ်။

                             ယေရှုခရစ်တော်က သင့်ကိုချစ်ပြီး သင့်အတွက် ဝဋ်ကြွေးဝဋ်နာတွေကို ခံပေးသွားတဲ့အရှင်ဖြစ်ပါတယ်။ အဲဒီအရှင်က သင်နဲ့ကျွန်တော့်အတွက် ကျိန်ခြင်းအမင်္ဂလာတွေ ယူသွားပြီးတဲ့အပြင် သေခြင်းမှာပဲလမ်းဆုံးတဲ့ဘုရား မဟုတ်ပဲ သုံးရက်မြောက်တဲ့နေ့မှာ ရှင်ပြန်ထမြောက်ပြီး အသက်ရှင်တဲ့ဘုရား ခေါ်ရင်ထူးတဲ့ဘုရား ဖြစ်တယ်။

                                 ကျမ်းစာထဲမှာ ယေရှုခရစ်တော်နဲ့မျှော်လင့်ခြင်းမဲ့နေတဲ့သူတစ်ယောက်အကြောင်းကို ကျွန်တော်ဝေငှချင်ပါတယ်။ယေရုရှလင်မြို့ရဲ့ သိုးတံခါးနားမှာ ကနားပြင်ငါးဆောင်နဲ့ပြည့်စုံတဲ့ဗေသေသဒဆိုတဲ့ ရေကန် ရှိတယ်။ အဲ့ဒီရေကန်နားမှာ ၃၈ နှစ်လုံးလုံးရောဂါစွဲနေတဲ့သူ တစ်ယောက်ရှိတယ်။ တသက်လုံးမျှော်လင့်ခြင်းမဲ့နေတဲ့သူ ဖြစ်တယ်။ ဒီလူကို ယေရှုက မြင်တဲ့အခါ ဒီလူက ဒီလိုဖြစ်နေတာ ကြာပြီးဆိုတာ ယေရှုသိပြီး သူ့ကို သင်ကျန်းမာချင်လားလို့ မေးခဲ့တယ်။ သင့်ကိုလည်း ဒီကနေ့ ဘုရားရှင်မေးနေပါတယ်။ သင်တကယ်ဆုံးရှုံးခြင်းတွေထဲကနေ လွတ်မြောက်ချင်လား? နာကျင်ခြင်း ဝမ်းနည်းခြင်းတွေထဲကနေလွတ်မြောက်ချင်လား? သင်ရဲ့မကျန်းမာခြင်း သင့်ရဲ့ငွေရေးကြေးရေးအခက်အခဲ တွေထဲကနေလွတ်မြောက်ချင်လား? လို့သင့်ကို ယေရှုအခုမေးနေပါတယ်။

                 ဒီအဖြစ်မှာ ယေရှုက မကျန်းမာတဲ့ အဲ့ဒီလူကို သင်သည်ကျန်းမာခြင်းသို့ ရောက်လိုသလောလို့ မေးတဲ့အခါ “နာသောသူကလည်း၊ သခင်၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အကျွန်ုပ်ကို သွင်းထားမည့်သူမရှိပါ။ အကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်” လို့ပြန်လျှောက်တယ်။ သူတကယ်ကျန်းမာချင်တာ မှန်ပေမယ့် သူ့အထဲမှာ သူ့ကိုယ်သူသနားတဲ့စိတ်ရှိနေတာတွေ့ရတယ်။ သူတစ်ပါးရဲ့ကူညီမှုကို စောင့်နေတာတွေ့ရတယ်။ သူစောင့်နေခဲ့တာ ၃၈နှစ် ကြာခဲ့ပြီဖြစ်တယ်။ သင့်ကိုဘယ်သူကူမလဲဆိုတဲ့ လူတွေကိုပဲကြည့်ပြီး မျှော်လင့်နေတဲ့ စိတ်ကိုဖယ်ပါ။ လူကိုအာရုံစိုက်တဲ့အကျင့်ကို သင့်အသက်တာကနေ ဖယ်ဖျက်ပါ။

ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကို ကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသော သူသည် ကျိန်အပ်သောသူဖြစ်၏။ယေရမိ 17:5

သင်ရော အဲ့ဒီနေရာမှာ ကျရှုံးနေတာ ဘယ်လောက်ကြာခဲ့ပြီလဲ? သင့်ကိုကူညီဖို့ လူတွေကိုပဲ သင်ကြည့်နေခဲ့တာ လူတွေဆီကပဲ သင်စောင့်မျှော်နေခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ? သင်တကယ်လွတ်မြောက်ချင်ရင် သင့်ရဲ့ focus ကိုသင်ဒီနေ့ပဲ ပြောင်းလဲပါ။ မိမိကိုယ်မိမိသနားနေခြင်းက သင့်ရှုံးနိမ့်ခြင်းဖြစ်တယ်။

                 သူ့ကို ယေရှုပြန်ပြောခဲ့တာက “ယေရှုကလည်းထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ လှမ်းသွားလော့ဟု မိန့်တော်မူသည်၊” သင့်ကိုသင်သနားနေတာတွေထဲမှာ သင်နစ်မွန်းနေတာကနေ သင်ထပါ။ မိမိမှာ ရှိတဲ့အရာနဲ့ မိမိပတ်ဝန်းကျင်မှာ လုပ်ဆောင်လို့ရတဲ့အရာနဲ့ သင်စလုပ်ပါ။ သင်ဆက်လုပ်ရမယ့် အရာများအတွက် သင်ခြေလှမ်းစလှမ်းပါ။ သင်ကြုံခဲ့ရတဲ့အရာတွေကို သင်မစဥ်းစားတော့ပဲ အကောင်းဆုံးတွေကို ဘုရားသခင်ဆီက မျှော်လင့်ပါ။

“ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။”(ဟေရှာယ 40:31)

 ဒီလူရဲ့ ပြဿနာက သူ့ကို ဘယ်သူကယ်မလဲ ဘယ်သူမစမလဲ ဘယ်သူကူမလဲ ဆိုပြီး လူတွေဆီက မျှော်လင့်နေတာဖြစ်တယ်။

“ငါ့ကိုမစခြင်း အကြောင်းသည် ပေါ်ထွက်ရ သော တောင်ရိုးသို့ ငါမျှော်ကြည့်၏။ကော်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ထံတော်မှ၊ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။” (ဆာလံ121:1-2)

           မစခြင်းဆိုတာ ဘယ်လူဆီကမှမလာဘူး၊ ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းတဲ့ ဘုရားဆီကပဲ မစခြင်းလာတာဖြစ်တယ် ဆိုတာကိုသင်သိပါ။ ဟိုလူ ဒီလူ ကူမလားဆိုပြီး လူတွေကို သင်က မျှော်လင့်မနေပါနဲ့တော့။ ကျွန်တော်တို့ ဘုရားက သင်ဘယ်သူ့ဆီကို မှ သွားပြီး အကူအညီလိုက်တောင်းနေစရာ မလိုပဲ သင်ရှိတဲ့နေရာမှာ ကောင်းကြီးပေးနိုင်တဲ့ ဘုရားရှင်ဖြစ်တယ်။ သင့်ကိုချီးမြှောက်နိုင်တဲ့ ဘုရားရှင်ဖြစ်တယ်။သင့်ရဲ့focus က လူတွေဆီမှာ ရှိနေသရွေ့ သင့်အဖြစ်က ၃၈ နှစ်လုံးလုံးကြာနေမှာဖြစ်တယ်။ သင့်ကိုယေရှုက ထခိုင်းနေပြီဖြစ်တယ်။ သင့်ကို စိတ်ဓါတ်ကျခြင်း စိတ်ပျက်ခြင်းတွေထဲက နေထွက်လာဖို့ ယေရှုပြောနေပြီးဖြစ်တယ်။ သင့်အိပ်ရာကို လိပ်လိုက်တော့လို့ ယေရှုပြောနေခြင်းက သင်ဘာမှ မလုပ်နိုင်ပါဘူး သင်ဘာမှမတတ်နိုင်ပါဘူးလို့ တွေးပြီး သင်လဲလျောင်းနေမိတဲ့ အသက်တာကို သင်လိပ်လိုက်ပါတော့လို့ ပြောနေခဲ့တာဖြစ်တယ်။ဒီနေ့ကစပြီး လူကိုမကြည့်ပဲ ဘုရားကိုပဲမျှော်ကြည့်ပြီး အသက်ရှင်တဲ့ အသက်တာဖြစ်ရမယ် လို့သင်ခံယူပြီး သင်မတ်တပ်ရပ်လိုက်ပါ။ဒီကနေ့ သင့်အတွက် ဘုရားရှင်က အကောင်းဆုံးပြင်ဆင်ထားပေးပြီဖြစ်တယ်။ လူတွေကို သင်ဆက်ကြည့်နေရင် သင့်အသက်တာက ဆုံးရှုံးခြင်း ဝမ်းနည်းခြင်းတွေနဲ့ သင်နစ်မွန်းနေအုံးမှာပဲဖြစ်တယ်။ မနက်အိပ်ယာက နိုးတာနဲ့ ဘုရားသခင်နဲ့သင် အသက်ရှင် သွားလာတတ်ရင် သင့်အသက်တာက လွတ်မြောက်ခြင်း အောင်မြင်ခြင်း ကျန်းမာခြင်း ငြိမ်သက်ခြင်းတွေ ပြည့်ဝတဲ့အသက်တာနဲ့ ဝမ်းမြောက်စွာသင်အသက်ရှင်နိုင်မှာဖြစ်ပါတယ်။ အယောက်စီတိုင်း ဘုရားရှင်ကောင်းကြီးပေးပါစေ။