Daily bread

May 24, 2024    Pastor David Lah


           အားလုံးပဲမင်္ဂလာပါ ရှေးဦးစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ရှေးဦးစွာ ဘုရားသခင်ထံမှလာသော ငြိမ်သက်ခြင်း ဝမ်းမြောက်ခြင်း ချမ်းသာခြင်းတို့သည် သင်တို့နှင့်အတူ သင်တို့၏ သား သမီး မျိူးဆက်များအပေါ်၌လည်း ကျရောက်ပြီဖြစ်ကြောင်း ယေရှုခရစ်တော်နာမ၌ ကောင်းကြီးမင်္ဂလာကို ကြေငြာပါတယ်။ ကျွန်တော်တို့က ယေရှုခရစ်တော်အားဖြင့် မင်္ဂလာရှိသောသူတွေ ဖြစ်တယ်။

               ကျွန်တော်တို့အသက်တာက ယေရှုခရစ်တော်အားဖြင့် လွတ်မြောက်ခြင်းအခွင့်ကိုရပြီး လွတ်မြောက်ခြင်းထဲမှာပဲ ရပ်တန့်သွားတာမဟုတ်ဘူး၊ဣသရေလအမျိူးတွေက အဲဂုတ္ထုပြည်မှာ အနှစ်လေးရာလုံးလုံး ကျွန်ဘဝမှာပဲ နေခဲ့ရတဲ့ဘဝ ဖြစ်ခဲ့တယ်။ အဲဂုတ္ထုပြည်ကနေ ဆွဲထုတ်ခဲ့တဲ့အခါမှာ ဘုရားက သူ့ရဲ့တန်ခိုးတော် လက်ရုန်းတော်တွေနဲ့ ကြီးမားသော နမိတ်လက္ခဏတွေနဲ့  မြင်တွေ့ ခံစားစေတယ်။ ဒီလူတွေကို အဲဂုတ္ထုပြည်ကနေ ဆွဲထုတ်ပြီး ခါနန်ပြည်ကိုဝင်ဖို့လို့ ကျွန်တော်တို့ တွေက ပြောလေ့ပြောထ ရှိကြတယ်။ လွတ်မြောက်ခြင်း အခွင့်ကိုရဖို့ ဆွဲထုတ်တဲ့ အဓိက ရည်ရွယ်ချက်က သူ့အဖို့ဖြစ်တယ်။ နောက်တော့မှ ခါနန်ပြည်ကို ဝင်စားဖို့ဖြစ်စေတယ်။လွတ်မြောက်ခြင်းရရှိပေမယ့် ဘုရားနဲ့မိဿဟာယဖွဲ့ခြင်းမရှိရင် ဘယ်လိုမှ စိုးစံခွင့်ရမှာမဟုတ်ဘူးဆိုတာကို ဘုရားသခင်ဆီက လာတဲ့ဖွင့်ပြချက်နဲ့ ကျွန်တော်ဒီကနေ့မှာ ဝေငှပေးသွားမှာဖြစ်ပါတယ်။


“ငါသည် အဲဂုတ္တုလူတို့၌ ပြုသောအကြောင်း၊ သင်တို့ကို ရွှေလင်းတအတောင်ဖြင့် ထမ်း၍ ကိုယ်ဘို့ သိမ်းယူသော အကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှ သည် ငါ၏ဥစ္စာဖြစ်၏။သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည် ဟူသော အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။”(ထွက်မြောက် 19:4-6)


                        ဘုရားထားတဲ့အဓိက ကြီးမားသော အဓိကရည်ရွယ်ချက်က ခါနန်ပြည်ကိုပို့ဖို့ထက် သူနဲ့မိဿဟာယဖွဲ့ဖို့ ဖြစ်တယ်။ ခါနန်ပြည်ကိုပို့တာထက် ဘုရားက ဘုရားအဖို့ ရွေးနှုတ်တာဖြစ်တယ်။ သင်ကရွေးနှုတ်ခြင်းခံရပြီဆိုရင် ဘုရားနဲ့ မိဿဟာယဖွဲ့မှ စိုးစံရတဲ့အခွင့်ကို ဘုရားကပြင်ဆင်ပေးတာဖြစ်တယ်။  ခါနန်ပြည်ကိုပို့နေစဥ် လမ်းမှာ သိနတောင်ပေါ်မှာ ကိုးကွယ်ခြင်းကို ဘုရားသခင်က သေသေချာချာ တိတိကျကျ သင်ပေးတယ်။

                               ကျွန်တော်တို့က ရွေးနှုတ်ခြင်းခံထားရသောသူတွေ ဖြစ်တယ်ဆိုတာ သိရင် ခပ်သိမ်းသောအရာတို့သည် ကိုယ်တော့်အထဲကလည်းကောင်း ကိုယ့်တော့်အားဖြင့်လည်းကောင်း ကိုယ်တော့်အဖို့အလို့ငှါ လည်းကောင်း ဖြစ်တယ် ဆိုတာ သိဖို့ သိပ်အရေးကြီးပါတယ်။ ချီးမြှောက်ခြင်းနဲ့စိုးစံရတဲ့အခွင့် သော့ချက်က အဲ့ဒီမှာ ရှိတယ်။ သူ့အဖို့ သင်ဖြစ်ရဲ့လား?  ကမ္ဘာဦးမှာ လူကို သူနဲ့မိဿဟာယဖွဲ့ဖို့ ဖန်ဆင်းထားခဲ့သလို ယခုမှာလည်း အဲ့ဂုတ္ထုပြည်ကလူတွေကို ကျွန်ဘဝကနေ လွတ်မြောက်စေပြီး ခါနန်ပြည်ကို ပို့ဖို့လုပ်တာလဲ ဘုရားအဖို့ပဲဖြစ်တယ်။

                       သင်တို့က ကျွန်မဟုတ်တော့ပဲ သန့်ရှင်းသောအမျိူး မင်းစည်းစိမ်ရှိသောအမျိူး ယဇ်ပုရောဟိတ်အမျိူးလို့ ဘုရားက ဘာလို့ ပြောတာလဲဆိုရင် ဘုရားနဲ့လူမိဿဟာယဖွဲ့ဖို့က ကြားထဲမှာ ရပ်ပေးနေရသူက ယဇ်ပုရောဟိတ်အမျိူး ဖြစ်တယ် ။ ယဇ်ပုရောဟိတ် အမျိူးဖြစ်မှ သူနဲ့မိဿဟာယဖွဲ့လို့ရတယ်။ သန့်ရှင်းသောလူမျိူးဖြစ်မှ ဘုရားနဲ့မိဿဟာယဖွဲ့လို့ ရပြီး အတွင်းခန်းထဲထိ ဝင်ခွင့်ရသူတွေဖြစ်တယ်။ ဘုရားသခင်ထံသို့ တိုးဝင်ခွင့်ရတဲ့အမျိူးဖြစ်တယ်။ဒါက ဓမ္မဟောင်းကျမ်းနဲ့ ပတ်သတ်တဲ့ဟာဖြစ်တယ်။

                   သင်က ရွေးနှုတ်ခြင်းခံထားရပြီဆိုရင် သင့်အသက်ရှင်လှူပ်ရှားမှူတွေက ဘုရားအတွက်ပဲဖြစ်ပါစေ။ ဘုရားအတွက် သင်ဖြစ်နေရင် သင့်အတွက် ခပ်သိမ်းသော အရာအားလုံးက ဖြစ်လာတယ်။ ကျွန်တော်တို့က ဘုရားက ကျွန်စိတ်ဓါတ်နဲ့ အသက်ရှင်စေချင်တာ မဟုတ်ဘူး။ ယဇ်ပုရောဟိတ်အမျိူးဆိုတဲ့ သခင်စိတ်ဓါတ်နဲ့ သူ့ဆီဝင်လာတာကို ဘုရားက အလိုရှိတာဖြစ်တယ်။ အကြီးအကဲတစ်ယောက်ဆီ သွားတဲ့အခါ ညစ်ပတ်ပေရေပြီး စုတ်စုတ်ပြတ်ပြတ်နဲ့ သင်သွားမှာလား? အဲ့ဒီအကြီးအကဲရဲ့ အဆင့်အတန်းနဲ့ညီတဲ့ ပြင်ဆင်မှုနဲ့ သွားရတာဖြစ်တယ်။ ဘုရားသခင်ကလည်း သူနဲ့ မိဿဟာယဖွဲ့ဖို့က မင်းစည်းစိမ်ရှိသော ဘုရင်အရိပ်အရာကို ရသော ယဇ်ပုရောဟိတ်အမျိူး အနေနဲ့ သင့်ကို သူ့ဆီလာစေချင်တာ ဖြစ်တယ်။ ဓမ္မဟောင်းဆိုတာ အရိပ် ၊ ဓမ္မသစ်ဆိုတာက ထင်ရှားပြတာဖြစ်တယ်။


“သင်တို့မူကား၊ မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသော သူ၏ဂုဏ် ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ၏။”(၁ပေ 2:9)


လူဆိုတာ ကိုယ်ဘယ်သူလဲဆိုတာ ကိုယ်သိမှ ကိုယ်ဘာလုပ်ရမလဲဆိုတာ ပိုသိတယ်။ ဣသရေလလူမျိူးတွေကို အဲဂုတ္ထုပြည်ကနေ ဆွဲထုတ်ပြီးမှ ခါနန်ပြည်ကို ဝင်ခွင့်မရတာ ဘာကြောင့်လဲ? သူတို့ဘယ်သူလဲဆိုတာ သူတို့မသိဘူး၊ သူတို့ဘယ်သူလဲဆိုတာ မောရှေအားဖြင့် ဘုရားကပြောထားပြီးသား၊ ယဇ်ပုရောဟိတ်လို အသက်ရှင်ခိုင်းပေမယ့် သူတို့ကိုယ်သူတို့ ဘယ်သူလဲဆိုတာ မသိတဲ့အခါမှာ ခါနန်ပြည်ကို သူတို့မဝင်ရဘူး၊ သင်ဘယ်သူလဲဆိုတာ သင်သိပြီးမှ သင်ဘာလုပ်ရမလဲဆိုတာ သင်သိလာမယ်။ သင်ဘာလုပ်ရမလဲဆိုတာ သင်သိပြီးတော့မှ သင်လုပ်ဆောင်တဲ့အခါမှာ ကြီးမားသော မင်္ဂလာထဲကို ဝင်စားရတဲ့အခွင့်ကို သင်ပိုင်ဆိုင်ရမယ်။


“သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋ်ဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့် ငြိမ် သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊ မိမိခမည်းတော် ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း ခန့် ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။”(ဗျာဒိတ် 1:5-6)


ယေရှုခရစ်တော်အားဖြင့် ကျွန်တော်တို့ရဲ့ အပြစ်တွေကို ဆေးကြောပြီး ကျွန်တော်တို့ကို အသွေးနဲ့ ရွေးဝယ်ပြီးတဲ့ နောက်မှာ  ခမည်းတော်ဘုရားရဲ့ရှေ့မှာ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌ ၎င်း ခန့်ထားလိုက်ပြီ လို့ထပ်ပြောတာ ဖြစ်တယ်။ ဒါကြောင့် ရဲရင့်သောစိတ်နဲ့ ဘုရားထံတိုးဝင်ပါလို့ ပြောနေတာဖြစ်တယ်။ သင်တိုက်ရိုက် ဘုရားနဲ့ ဆက်သွယ် မိဿဟာယဖွဲ့နိုင်သူဖြစ်တယ်။


“ထိုမှတပါး၊ လူတယောက်သည် ပြစ်မှားသောကြောင့်၊ ထိုတယောက်သော သူအားဖြင့် သေခြင်းတရား သည် အစိုးရ၏။ ကျေးဇူးတော်၏ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့ သွင်းပေးတော်မူခြင်းကို၎င်း ခံရသော သူတို့သည် တယောက်သောသူတည်းဟူသော ယေရှုခရစ် အားဖြင့် အသက်ရှင်လျက်သာ၍ စိုးစံရကြလတံ့။”(ရောမ5:17)


 အာဒံဆိုတဲ့သူတစ်ဦးရဲ့ပြစ်မှားခြင်းကြောင့် သေခြင်းတရားဆိုတဲ့ အပြစ်ရဲ့အခကိုရတယ်။ တစ်ယောက်သောသူ ယေရှုရဲ့ဖြောင့်မတ်ခြင်းကြောင့် အသင်ရှင်ခြင်းအခွင့်ကို ရတယ်။ လွတ်မြောက်ရုံ အသက်ရှင်ရုံနဲ့ မပြီးသေးဘူး၊ သာ၍စိုးစံရကြလတံ့လို့ ပြောခဲ့တယ်။ စိုးစံရတဲ့အခွင့်ကိုပါ ဘုရားသခင်က သူ့ရဲ့သားသမီးတွေကို ပြင်ဆင်ပေးထားတဲ့ ဘုရားရှင်ဖြစ်တယ်။

ယဇ်ပုရောဟိတ်ဖြစ်ရင် ဘုရားနဲ့သွားလာတတ်ရတယ်။ ယဇ်ပုရောဟိတ်ဖြစ်တဲ့ ဧလိက ယဇ်ပုရောဟိတ်အလုပ်ကို မလုပ်လို့ အသေဆိုးနဲ့ သေခဲ့ရတယ်။ အာရုန်ရဲ့သားနှစ်ယောက် က ဘုရားသခင်အလိုတော်နဲ့အညီ ယဇ်ပုရောဟိတ်အလုပ် ကိုမလုပ်တဲ့အတွက်ကြောင့် မီးလောင်ပြီးသေခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ အသက်တာက ယေရှုခရစ်ရဲ့အသွေးတော်အားဖြင့် လွတ်မြောက်ခြင်းရပြီး အပြစ်သားဘဝကနေ ရွေးနှုတ်ခံရပြီးတော့ မင်းစည်းစိမ်ရှိတဲ့ ယဇ်ပုရောဟိတ်အမျိူးဖြစ်ခွင့်ရတယ်။ အဲ့ဒီနေရာမှာပဲ ရပ်တည်နေလို့ စည်းစိမ်တွေက သင့်ဆီရောက်လာတာမဟုတ်ဘူး။

“ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။ ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်း အမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။”(ဟေဗြဲ 13:15-16)


နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ပူဇော်မယ့် မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်ဖြစ်တဲ့ ကျွန်တော်တို့က သူတစ်ပါးမကောင်းကြောင်း သူတစ်ပါးကိုရှုတ်ချစရာအကြောင်းတွေကို ပြောခွင့်မရှိဘူးဖြစ်တယ်။ ယေရှုခရစ်တော်အားဖြင့် ရောဂါပျောက်ကင်းပြီဖြစ်တယ်။ ယေရှုခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုကို တတ်စွမ်းနိုင်သောသူ ဖြစ်တယ် လို့ ချီးမွမ်းဝန်ခံတတ်သူဖြစ်ရမယ်။


“ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူ ဘွယ်သော လက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်း ဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍ သင်တို့ကို ငါတိုက်တွန်းနှိူးဆော်ပေ၏။”(ရောမ12:1)


သခင်ယေရှုလက်ဝါးကားတိုင်မှာ အသေခံပြီးကတည်းက ယဇ်ပူဇော်ခြင်း ကိစ္စက ပြီးသွားပြီဖြစ်တယ်။ ဒါဆိုရင် အခုဘုရားသခင် လိုချင်တဲ့ယဇ်ကဘာလဲ? သေခြင်းတရားနဲ့ ဆိုင်တဲ့ ယဇ် မဟုတ်တော့ဘူး၊ အသက်ရှင်သောယဇ်ဖြစ်တယ်။ အသက်ရှင်သောယဇ်ဆိုတာ ဘာလဲ? နေ့ရက်အစဥ်တိုင်းမှာ မိမိကိုယ်ကိုမိမိငြင်းပယ်ခြင်း ဘုရားအလိုတော်ကို ဝန်ခံခြင်း ဖြစ်တယ်။

သင့်ဆီက အသက်ရှင်သောယဇ်ကို ဘုရားကပူ‌ဇော်ခိုင်းတဲ့အခါမှာ သင်မလုပ်နိုင်မှန်းသိလို့ ဘုရားက သင့်ကို ကူမဖို့ သန့်ရှင်းသောဝိညာဥ်တော်ကို စေလွှတ်ထားတယ်။ ဝိညာဥ်တော်ကို အကူညီတောင်းပါ။ ဝိညာဥ်တော်က သင့်ကို ကူညီမစသွားပါလိမ့်မယ်။ သင်နင်းတဲ့မြေတိုင်းမှာ စာတန်နိုင်ငံ ကျရှုံးရလိမ့်မယ်။ ဘုရားသခင်နိုင်ငံ တည်ထောင်ရမယ်။ စိုးစံရတဲ့အခွင့်ကို ဘုရားရှင်ပြင်ဆင်ပေးလိမ့်မယ်။

 အပြစ်သားဘဝကနေပဲ လွတ်မြောက်ခြင်းမှာပဲ မကျေနပ်နဲ့။ စိုးစံရတဲ့အဆင့်ကို ဘုရားသခင် တက်လှမ်းစေချင်တယ်။ အပြစ်သားဘဝကနေ စိုးစံရတဲ့ အဆင့်ရောက်ဖို့ရန်အတွက် က သင်ဘယ်သူလဲဆိုတာ သင်သိရမယ်။ သင်က ယဇ်ပုရောဟိတ်ဖြစ်တယ်။ဒါဆိုရင် ယဇ်ပုရောဟိတ်က ဘာလုပ်ရမလဲ? ယဇ်ပုရောဟိတ် အလုပ်ကို လုပ်ရမယ်။ ယဇ်ပုရောဟိတ်အလုပ်က ဘာလဲ? ယဇ်ပူဇော်ရတယ်။ ဘာကိုယဇ်ပူဇော်ရမလဲ? သင်တို့ဆီက ဘုရားတောင်းတဲ့ ပထမယဇ်က နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ရှေ့မှာ အစဥ်ဝန်ခံတတ်ခြင်း ဖြစ်တယ်။ ဒုတိယယဇ်ကတော့ သင့်ရဲ့အလိုကို ငြင်းပယ်ပြီး ဘုရားအလိုတော်ကို ဝန်ခံခြင်းပါပဲ။

ဒီယဇ်ပူဇော်ခြင်း နှစ်ခုစလုံးက သင့်ခွန်အားနဲ့ မတတ်နိုင်ပါဘူး၊သင့်ရဲ့နှုတ်က ချီးမွမ်းခြင်းကိုပဲ နှလုံးသားပါလျက် ချီးမွမ်းနေဖို့အတွက် ဝိညာဥ်တော်ပဲ မစလိမ့်မယ်။ ဒါကြောင့် သန့်ရှင်းသောဝိညာဥ်တော်ကိုပဲ အားကိုးပါ။ ဒါကြောင့် နှုတ်ကပတ်တော်က သင်တို့အစွမ်းနဲ့သင်တို့ ဘာတစ်ခုလုပ်လို့မရဘူး၊ ဒါကြောင့် သင်တို့ကို ကူမဖို့ သန့်ရှင်းသောဝိညာဥ်တော်ကို လောကကို စေလွှတ်ထားတာဖြစ်တယ်။

 သန့်ရှင်းသောဝိညာဥ်တော်ကို ရုတ်သိမ်းတဲ့နေ့က ‌ကျေးဇူးတော်ကာလ ကုန်ဆုံးသွားပြီ။ ဒါကြောင့် သန့်ရှင်းသော ဝိညာဥ်တော် ရှိနေတဲ့ အချိန်မှာ မစခြင်းကို ယူကြပါ။ အသက်ရှင်သောယဇ်ဖြစ်တဲ့ ချီးမွမ်းခြင်းယဇ်ကို ပူဇော်ဖို့ နံနက်အိပ်ရာနိုးတာနဲ့ သန့်ရှင်းသောဝိညာဥ်တော် မစမှူကို တောင်းပါ။ အသွေးအသား မာရ်နတ်ကို အောင်လာ လေလေ နောက်ဆုံးမှာ စိုးစံရတဲ့အခွင့်ကို ရရှိမှာဖြစ်တယ်။ အယောက်စီတိုင်း ဘုရားရှင်ကောင်းကြီးပေးပါစေ။