Daily bread

May 22, 2024    Pastor David Lah

          

       အားလုံးပဲမင်္ဂလာပါ။ ဘုရားသခင် ပြင်ဆင်ပေးခြင်းကြောင့် တစ်နေ့ပြီးတစ်နေ့ ဘုရားသခင်ရဲ့ ကွယ်ကာမှုအောက်မှာ နေရတယ်၊ သွားလာအသက်ရှင်ခွင့်ရတယ်။ ။ ဘုရားသခင်ရဲ့နာမတော်ကို ချီးမွမ်းပါတယ်။ ဘုရားသခင်သည်နေ့ရက်တိုင်းကို စီရင်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့် သူစီရင်တဲ့ နေ့ရက်တိုင်းက ကျွန်တော်တို့ဝမ်းမြောက်ဖို့ အကြောင်းပဲဖြစ်ပါတယ်။

            ဒီကနေ့မှာ ကျွန်တော်တို့ရဲ့အတွေးပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီးဝေငှပေးသွားချင်ပါတယ်။ နေ့ရက်အစဥ်တိုင်းမှာ ကျွန်တော်တို့ဘာတွေးနေလဲ? တွေးတဲအရာက ကျွန်တော်တို့ အသက်တာကို ဖြစ်လာစေတာဖြစ်တယ်။ ဒါကြောင့်မာရ်နတ်က ကျွန်တော်တို့ အတွေးအခေါ်ကိုပဲအဓိကတိုက်တယ်။ ကျွန်တော်တို့အတွေးအခေါ်ပြောင်းသွားတာနဲ့ ကျွန်တ်ောတို့ရဲ့ အသက်ရှင်မှု ပုံစံလဲပြောင်းသွားတယ်။ အချိန်နာရီလက်တံတွေသာရွေ့လျား ကုန်လွန်သွားမယ်။ အချိန်တွေကုန်သွားပြီး နှစ်သစ် ဘယ်လောက်ပဲဖြစ်ဖြစ် သင်ကပြောင်းလဲသွားတာမဟုတ်ဘူး။ သင့်ရဲ့အတွေးအခေါ်ပြောင်းတာနဲ့ သင့်ရဲ့ကိုယ့်ကိုယ်ကို မြင်တဲ့အမြင် ပြောင်းသွားတာနဲ့ ကိုယ်စဥ်းစားတွေးခေါ်မှုကွာလာတဲအခါ ကိုယ့်အသက်တာကပြောင်းလဲသွားတာဖြစ်တယ်။

            အနှုတ်လက္ခဏာကို သင်များများတွေးနေရင် အနှုတ်လက္ခဏာကို သင်များများခေါ်ဖိတ်နေတာဖြစ်ပြီး အပေါင်းလက္ခဏာတွေ သင်များများတွေးတတ်ရင်တော့ အပေါင်းလက္ခဏာတွေ သင့်အသက်တာထဲမှာ ခေါ်ဖိတ် နေရာပေး နေတာ ဖြစ်တယ်။ စာကြောင်းလေးတစ်ကြောင်းမှာ “Train Your Mind” လို့ရေးထားတာ ဖတ်ရတယ်။ သင်မဖြစ်ချင်တဲ့ အရာတွေကို သင်အချိန်ကုန်ခံပြီး မစဥ်းစားပါနဲ့။ မတွေးပါနဲ့။ ဘုရားသခင်သင့်အတွက် ပြင်ဆင်ထားပေးတဲ့ အရာတွေကိုပဲ သင်စဥ်းစားရင်ခုန်ပါ။ သင့်ရဲ့စိတ်နှလုံးကို သင်ပြင်ဆင်ဖို့ အရေးကြီးပါတယ်။ သင်အဲ့လိုမတွေးတတ်ရင် သင့်အသက်တာက တကယ်ပဲရှုံးနိမ့်ရပါလိမ့်မယ်။

            ကျွန်တော်တို့ရဲ့အသက်တာထဲမှာ အချက်သုံးချက်ကို နားလည်ထားကြဖို့ လိုအပ်ပါတယ်။

 1.Aptitudes သင့်မှာ အရည်အချင်းတွေ ဘယ်လောက်ပဲရှိပြီး ဘယ်လောက် တော်နေပါစေ၊ ဒီအရာလေးတစ်ခုထဲနဲ့ သင်ဘယ်တော့မှ ထိပ်ကို မရောက်နိုင်သေးပါဘူး၊

2.Attitude သင့်ရဲ့စိတ်နေစိတ်ထား အတွေးအခေါ် တွေကမှန်ဖို့ သိပ်အရေးကြီးတယ်။

3.Altitude ဆိုတဲ့အမြင့်ကို ရောက်ဖို့အတွက်က သင့်မှာအရည်အချင်းရှိရုံနဲ့မရဘူး၊ သင့်တွေးခေါ်မှူ သင့်ရဲ့စိတ်နေ စိတ်ထားတတ်မှူ မှန်ရမှာဖြစ်တယ်။

                   ဘုရားသခင်က လူတိုင်းအတွက် ကြီးမားသော အကြံအစည်ရှိတယ်။ နောက်ဆုံးသောအချိန်ကာလက အခြေအနေဆိုးတွေ များလာတဲ့အခါ အဲ့ဒီအထဲမှာ သင့်ကို ဘုရားသခင်က အသုံးပြုပြီး သက်သေထူချင်တယ်။ သင့်ကို လောကရဲ့ဆား လောကရဲ့အလင်းဖြစ်စေချင်တယ်။ သူများဆီက ယူရတဲ့အသက်တာမဟုတ်ပဲ သူများကိုပေးရတဲ့အသက်တာ ဖြစ်စေချင်တယ်။ သင့်အသက်တာကို သူများက ကြည့်ပြီးအားကျရတဲ့အသက်တာမျိူး ဘုရားကဖြစ်စေချင်တယ်။ အဲ့ဒီအသက်တာ ဖြစ်ဖို့ရန်အတွက် အရေးကြီးဆုံးက သင်ဘာတွေးနေလဲ ဆိုတာပဲဖြစ်တယ်။

                 ထာဝရဘုရား၏”တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ည မပြတ် ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာရှိ၏”လို့ ဆာလံဆရာက ပြောထားတာ ဖြစ်တယ်။ဂတိတော်တွေကိုပဲ သင်တွေးနေရင် ဂတိတော်တွေကိုပဲ သင်စဥ်းစားနေရင် သင်အနှူတ်လက္ခဏာကို စဥ်းစားမိမှာမဟုတ်ဘူး၊ ဂတိတော်မှာ အနှုတ်လက္ခဏာမရှိဘူး။ ဘုရားစကားမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး။


 “သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲ ခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထားဟု ဂတိတော်ရှိ၏။ထိုကြောင့် ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည်ဖြစ်၍၊ လူသည် ငါ၌ပြုနိုင်သမျှကို ငါမကြောက်ဟု၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့် ရှိကြ၏။”(‌ဟေဗြဲ13:5-6)        

       

ဘုရားသခင်က သင့်ကို ဘယ်တော့မှ မစွန့်ဘူး ဘယ်တော့မှပစ်မထားဘူးဆိုတာ ယုံကြည်ပြီးသွားဖို့ ဘုရားသခင်က သင့်ကိုအလိုတော်ရှိတယ်။ ကျွန်တော်ထပ်ခါ ထပ်ခါပြောနေရခြင်းက အောင်မြင်ခြင်းကို အဓိက ပြောနေတာမဟုတ်ဘူး။ ယေရှုခရစ်တော်အားဖြင့် ကျွန်တော်တို့က အောင်မြင်ပြီးသားဆိုတာ မသိရင် ဆုံးရှုံးသွားနိုင်ပါတယ်။ ယာဘတ်က သူ့ရဲ့အတွေးအခေါ်ကို သူပြင်လိုက်တာဖြစ်တယ်။ သူ့ခံယူချက်တွေ တွေးခေါ်မှူတွေ ဝန်ခံချက်တွေ ပြောင်းလိုက်တဲ့အခါမှာ သူ့အသက်တာပြောင်းလဲသွားခဲ့တယ်။


”ယာဗက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကောင်းကြီးပေး၍၊ အကျွန်ုပ်နေရာကို ကျယ်ဝန်း စေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ်အနှောင့် အရှက်နှင့်ကင်းလွတ်ပါမည်အကြောင်း၊ လက်တော်သည် အကျွန်ုပ်ဘက်၌နေ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင်အား ဆုတောင်းတတ်၍၊ တောင်းသောဆုကို ဘုရားသခင်ပေးတော်မူ၏။”( ၁ရာချူပ် 4:10)


               သင်ရဲ့ တော်ခြင်းတတ်ခြင်းတွေနဲ့ ဘာမှမဆိုင်ဘူး၊ သင်ဘာတွေ တွေးလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး သင့်အသက်တာ ကပြောင်းလဲလာတာဖြစ်တယ်။ ခြင်္သေ့က သူ့ထက် အကောင်ကြီးတဲ့သူတွေ အများကြီး ရှိနေရဲ့သားနဲ့ ဘာဖြစ်လို့ တောဘုရင် ဖြစ်နေရတာလဲ ဆိုရင် ခြင်္သေ့က သူမြင်သမျှသောအရာတွေကို သူ့အစာလို့ သူမှတ်ယူထားခြင်းကြောင့်ပဲ ဖြစ်တယ်။ ဘယ်အကောင် ဘယ်လောက်ကြီးကြီး ဒါက ငါ့ရဲ့အစာပဲလို့ မြင်တဲ့အတွက် ကြောင့်ဖြစ်တယ်တဲ့။

        ဒါဝိတ်ရဲ့အောင်မြင်ခြင်းကလဲ အဲဒါမျိူးပဲ၊ လူတွေအားလုံးကဂေါလျက်ကို ကြည့်လိုက်တဲ့အခါမှာ တကယ့်စစ်သူရဲ စစ်ဘုရင်ကြီး အရှုံးမရှိခဲ့ဖူးတဲ့သူဖြစ်လို့ ဒီပွဲမှာလဲ သူနိုင်အုံးမှာပဲလို့ တွေးပြီးကြောက်နေကြချိန်မှာ ဒါဝိတ်ကတော့ သူများ တွေးကြောက်သလို သူမတွေးဘူး၊ ကြောက်စရာကောင်းတယ်လို့ သူမမြင်ဘူး။


“သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သော အရာတည်း ဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။”(ရောမ 12:2)


                                စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ လို့ပြောတဲ့အရာက သင့်အတွေးအခေါ်ပြောင်းရင် သင့်ဘဝတစ်ခုလုံး ပြောင်းသွားမယ်လို့ ပြောနေတာဖြစ်တယ်။ သူများကို ကြည့်ပြီး အားကျနေရတဲ့သူမဟုတ်ပဲ သင့်ဖြစ်ခြင်းအပေါ်မှာ ဝမ်းမြောက်တတ်သောသူ ဖြစ်ရမယ်။ ကျွန်တ်ောတို့ ဘုရားက ဘုန်းအားနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိတဲ့ဘုရားဖြစ်တယ်။ ကျွန်တော်တို့အလိုရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေမှာဖြစ်တယ်။ ကျွန်တော်တို့ က ဘုရားသားသမီးတွေဖြစ်တယ်။ မင်းစည်းစိမ်ရှိတဲ့ ယဇ်ပုရောဟိတ်အမျိူး ပိုင်ထောက်သောလူမျိူးဖြစ်တယ်။

                       ကျမ်းစာထဲမှာ ယုံကြည်သူတွေကို တဆေးနဲ့နှိူင်းထားတယ်။ တဆေးဆိုတာ နည်းနည်းလေးယူပြီး မုန့်ညက် နဲ့ရောလိုက်တဲအခါမှာ မုန့်ညက်တစ်ခုလုံးကိုဖောင်းကြွစေနိုင်တယ်။ လောကသားတွေကို ကျွန်တော်တို့က လွှမ်းမိုး နိုင်ရမှာ ဖြစ်တယ်။ ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းတဲ့ ဘုရားရဲ့သားသမီးတွေဖြစ်တဲ့ ကျွန်တော်တို့အားဖြင့် အလိုတော်သည် ကောင်းကင်ဘုံမှာ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံဖို့ ဘုရားသခင်အလိုတော်ရှိတယ်။

                         အဲဂုတ္ထုပြည်က ထွက်လာတဲ့သူတွေထဲမှာ ခါနန်ပြည်ကို ယောရှုနဲ့ကာလက် နှစ်ယောက်ပဲ ဘာဖြစ်လို့ ဝင်ရတာလဲ? ယောရှု ကာလက် တွေးခေါ်ပုံနဲ့ ဣသရေလ လူတွေတွေးခေါ်ပုံချင်းမတူဘူး၊ ခါနန်ပြည်ကို သွားစုံစမ်းခိုင်းတုန်းက ၁၂ယောက်လွှတ်ခဲ့တယ်။ ၁၀ယောက်က ပြန်လာပြောတဲ့အခါမှာ ဒီ အာနက လူတွေက သိပ်ကြီးလွန်းတယ် ပြည်နယ်က အရမ်းကောင်းတယ် ဒါပေမယ့် တို့တွေက သူတို့ရှေ့မှာ နှံကောင် အဆင့်လောက်ပဲရှိတယ် လို့ပြန်လာပြောကြတယ်။ ဘုရားက ဒီပြည်ကိုပေးမယ်လို့ ပြောထားပြီးသား ၊ ဒါကိုသူတို့က ကြောက်နေကြတယ်။

                  သင်တို့သတိပြုရမှာက အပေါင်းလက္ခဏာထက် အနှုတ်လက္ခဏာပြောတဲ့သူက အမြဲပိုများတယ်။ လောကကြီးမှာ အားလုံးဘာလို့ မအောင်မြင်တာလဲ? အများစုက အနှူတ်လက္ခဏာသမားတွေ ဖြစ်နေတယ်။ ၁၀ယောက်က အနှုတ်လက္ခဏာ စကား ပြန်လာပြောနေပေမယ့် ယောရှုနဲ့ ကာလက်က တော့ ငါတို့ဒီနယ်မြေကို သိမ်းပိုက်ရမယ် အောင်မြင်မှာ ဖြစ်တယ် လို့ပြန်လာပြောတယ်။ တွေးတာချင်းမတူခဲ့ဘူး၊ ရတဲ့ရလဒ်ကလည်း ကွာခြားခဲ့တယ်။

                  ဒါဝိတ်က သူများတွေးသလိုမတွေးဘူး။ သူကအကောင်သေးသေးလေးဆိုပေမယ့် ငါအောင်ကိုအောင်မြင်ရမယ်။ ဒါငါ့အတွက် လမ်းစပဲလို့ ခံယူချက်ထားတာဖြစ်တယ်။ သူများအတွက် ပြဿနာဖြစ်ပေမယ့် သူ့အတွက်တော့ မင်္ဂလာ ဖြစ်နေတယ်။ အဲ့လိုတွေးတဲ့အခါ မင်္ဂလာကနေ မင်္ဂလာပြောင်းသွားခဲ့တယ်။ ဣသ‌ရေလလူမျိူးတွေ ရှုံးနိမ့်ရတော့မယ့် အခြေအနေမှာ ဒါဝိတ်လို လူတစ်ယောက်အားဖြင့် နိုင်သွားခဲ့ရတယ်။

                    စာအုပ်တစ်အုပ်မှာ ကျွန်တော်ဖတ်ရတဲ့အရာက သုတေသီတွေက သန်းတွေကို ပုလင်းတစ်လုံးထဲထည့်ပြီး အဖုံးကိုအပေါ်ကဖုံးထားတယ်။ သန်းတွေက ကြိုးစားပြီးအပေါ်ကို ခုန်တက်ကြတယ်၊ ဒါပေမယ့် တက်လို့ မရပဲ ပြန်ပြန်ကျသွားကြတယ်။ နောက်ဆုံးတော့ သန်းတွေက အပေါ်ကို တက်မလာကြတော့ဘူး၊ အဲဒီအခါမှာ သုတေသီတွေက အဖုံးကိုဖွင့်ထားပေးပြီး စောင့်ကြည့်တဲ့အခါ သန်းတွေက အပေါ်ကိုလုံးဝတက်မလာကြတော့ဘူးတဲ့။ ဒါကိုကြည့်ပြီး ဆင်ခြင်စရာတွေ အများကြီး ရခဲ့တယ်။

                        ကျွန်တော်တို့အသက်တာထဲမှာလဲ မာရ်နတ်က လောကကို ကြီးစိုးထားပြီး ကျွန်တ်ောတို့ရဲ့ အတွေးအမြင်တွေကို အုပ်ထားခဲ့တယ်။ ယေရှုခရစ်တော်အားဖြင့် ကျွန်တ်ောတို့ လွတ်မြောက်ခြင်း ရသွားတဲ့အခါမှာ ကျွန်တော်တို့က တွေးခေါ်မှု အဟောင်းတွေထဲကနေ မထွက်တတ်ကြတော့ဘူး။ ယေရှုအားဖြင့် ကျွန်တော်တို့အတွက် ထွက်မြောက်ရာလမ်းကို အကောင်းဆုံး ပြင်ဆင်ထားပြီးသားဖြစ်တယ်။

                           ဒါကြောင့် ထလော့ လင်း‌လော့ သင်၏အလင်းရောက်လာပြီလို့ နှုတ်ကပတ်တော်ရှိနေပေမယ့် မာရ်နတ်ရဲ့ လုပ်ဆောင်ချက်က ငါလုပ်လို့မရတော့ဘူး ဆိုပြီး အတွေးအခေါ်တွေက ဝင်နေစေတာဖြစ်တယ်။ ခါနန်ပြည်ကို သွားစုံစမ်းတဲ့ ၁၂ယောက်မှာ အနှုတ်လက္ခဏာဆောင်တဲ့ အတွေးသယ်လာတဲ့ လူ၁၀ ယောက်နောက်ကို အားလုံးက လိုက်ကြပြီး အပေါင်း လက္ခဏာပြောတဲ့သူ ၂ ယောက်နောက်ကိုတော့ ဘယ်သူမှမလိုက်ခဲ့ဘူး။ လူ့သဘာဝက ကောင်းတာနဲ့ မကောင်းတာ မှာ မကောင်းတာကို ပိုပြီးမှတ်ထားကြတဲ့ အကျင့်ရှိကြတယ်။

                  အတွေးအခေါ်တွေ ပြင်ကြရအောင်။ သင့်နှုတ်ကပြောဆိုခြင်းတွေလည်း ပြောင်းလဲလာပါလိမ့်မယ်။ သင့်ပြောဆိုဝန်ခံခြင်းပြောင်းသွားတဲ့အခါ သင့်အသက်တာလဲ ပြောင်းလဲသွားမှာဖြစ်တယ်။ အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ။