Daily Bread

Apr 7, 2024    Pastor David Lah


                    နေ့ရက်အစဥ်တိုင်းမှာ ပြင်ဆင်ထားပေးတဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်အတွက် အထူးပဲချီးမွမ်းပါတယ်။ ကျွန်တော်စွဲလမ်းတဲ့ ကျမ်းချက်တွေထဲက ကျမ်းစာတစ်ပိုဒ်နဲ့နှုတ်ကပတ်တော်ကို အစပြုချင်ပါတယ်။

ငါတို့သည် ခရစ်တော်နှင့်အတူ အောင်ပွဲကို အစဉ်ခံစေခြင်းငှါ၎င်း၊ ထိုသခင်ကို သိခြင်း၏ အမွှေး အကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှါ၎င်း၊ ပြုတော်မူသောဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းရှိစေသတည်း။(၂ကော2:14)

ခရစ်အသက်တာဆိုတာ ကြိုးစားခြင်းထက်ကိုးစားခြင်းက သာ၍အရေးကြီးတယ်ဆိုတာ ကျွန်တော်ပြောပြချင်တယ်။ ကျွန်တော်တို့လုပ်ချင်တာကို ကြိုးစားလုပ်နေတာမဟုတ်ပဲ ဘုရားလုပ်ခိုင်းတဲ့အရာကို လုပ်ဆောင်တတ်တဲ့အသက်တာ ဖြစ်ဖို့ပဲ အရေးကြီးတယ်။

 ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။(ဟေဗြဲ 11:6)

ဘုရားကကျွန်တော်တို့ အသက်တာကို ပင်ပန်းစေချင်တဲ့ ဘုရားမဟုတ်ဘူး။ ကိုးစားတတ်ရင် အနားယူတတ်ရင် မပင်ပန်းဘူး။ ကျွန်တော်တို့ ပြဿနာက ဘာဖြစ်လဲဆိုတဲ့အခါ ဘုရားသခင်လုပ်ပေးမယ့် အရာကို နားမလည်ကြဘူး။

“The battle belong to the Lord.”စစ်ပွဲက ဘုရားရဲ့အတာဖြစ်တယ်။ စစ်ပွဲက ဘုရားမပါလဲ သင်ရကောင်းရနိုင်တယ်။ ဒါပေမယ့် သင်အရမ်းပင်ပန်းလိမ့်မယ်။ ဘုရားရှိတယ် ဆိုတဲ့အသိလေးတစ်ချက်က လောကမှာ သင်အသက်ရှင်တဲ့အခါမှာ သင့်ကိုအရမ်းပေါ့ပါးစေတယ်။

ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရ ဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ် စေသော သူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သော သူဖြစ်၏။ ထိုသူသည်ကား၊ ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန် ရောက် ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သော ကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကို သီးတတ် သော အပင်နှင့်အတူ၏။(ယေရမိ 17:7-8)

           ကျွန်တော်တို့အသက်တာမှာ ဘုရားကို ကိုးစားတတ်ရင် ကျွန်‌တော်တို့ တိုက်ရမယ့် တိုက်ပွဲတွေကို ဘုရားက အကုန် တိုက်သွားပေးလိမ့်မယ်။ “Try နဲ့ Trust “ဆိုတာရှိတယ်။ ဘုရားကို အားမကိုးတတ်သေးသူကတော့ (you have to try). ဘုရားကကျွန်တော်တို့ကို ကိုးစားစေချင်တဲ့ဘုရားရှင်ဖြစ်တယ်။ (you have to trust) ကြိုးစားခြင်းထက် ကိုးစားခြင်းက သာ၍ ကောင်းတယ် ဆိုတာကို နားလည်စေချင်တယ်။ ဒါဆိုရင် ကျွန်တော်တို့က ဘာမှမလုပ်ရတော့ဘူးလားလို့ မေးလာကြမယ်။ ကြိုးစားခြင်းထက် ကိုးစားခြင်းက သာ၍လုံ့လဝိရိယ စိုက်ထုတ်ရတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

            လူတွေက တစ်ရက်ကို အနည်းဆုံး ၅နာရီ ၆နာရီ အလုပ်လုပ်နိုင်ကြပေမယ့် ဘုရားနဲ့မိဿဟာရဖွဲ့ဖို့အတွက်တော့ အချိန်ကို ၂နာရီ ၃ နာရီလောက်ပေးဖို့ မလုပ်နိုင်ကြဘူး အချိန်မပေးနိုင်ကြဘူး။ ကိုးစားခြင်းဆိုတာ ဘုရားမျက်မှောက်တော်ထဲ တိုးဝင်ပြီးတော့ ဘုရားသခင်က ငါ့ရဲ့အမှုအရာအားလုံးကို ကိုင်တွယ်သွားလိမ့်မယ်လို့ ဘုရားကိုပဲ အာရုံပြုပြီး စိတ်ချနေတာ။ ကိုးစားတယ်ဆိုတာ ဘုရားအပေါ်မှာ လုံးဝစိတ်ချထားတဲ့အသက်တာ၊ ကိုးစားတယ်ဆိုပြီး သင်က တွေးပူပန်နေတုန်းပဲဆိုရင် သင်မကိုးစားတတ်သေးပါဘူး။ မကိုးစားတတ်ရင် သင်အိပ်နေတာတောင်မှ သင်ကအိပ်ရေးမဝဘူး။ အိပ်နေသောငြားလည်းပဲ မနက်ဖြန်အတွက် တွေးပူနေပြီး သင်စဥ်းစားနေရရင် သင်ဘယ်တော့မှ အိပ်ရေးမဝဘူး၊ ဘာလို့လဲဆိုတော့ ဦးနှောက်က အလုပ်လုပ် နေရလို့ဖြစ်တယ်။ ဥပမာ ခန္ဓာကိုယ်မှာ ထိခိုက်မှုတစ်စုံတစ်ခုဖြစ်ရင် အရမ်းနာတယ်ဆိုတဲ့အသိက ဦးနှောက်က ဖော်ပြပေးတာဖြစ်တယ်။ ဆေးပညာရှင်တွေရဲ့ ပြောပြချက်အရ စိတ်နာတယ်ဆိုတာလည်း ခန္ဓာကိုယ်ရဲ့နာကျင်မှုပဲ။ စိတ်ထဲမှာ ပူပန်သောက ရောက်ပြီးတော့မှ စိတ်ထဲမှာ ကြောက်ရွံ့ခြင်း နာကျင်ခြင်း ပူပန်ခြင်း ကိုယ့်ကို သူများတစ်ခုခုလုပ်သွားလို့ စိတ်ထဲမှာ နာကျင်ခြင်း ကြေကွဲခြင်း စသဖြင့် အားလုံးရဲ့နာကျင်မှုက ခန္ဓာကိုယ်မှာ ထိခိုက်မှုတစ်စုံတစ်ခုဖြစ်လို့ နာကျင်ရတဲ့ နာကျင်မှုက ဒီဦးနှောက်က ပို့တဲ့အဆင့်က အတူတူပဲလို့ ပြောတယ်။ ခန္ဓာကိုယ်နာမှ ကျွန်တော်တို့ကို ထိတာမဟုတ်ဘူး။ စိတ်နာရင်လည်း ကျွန်တော်တို့ကို ထိပါတယ်။ နာကျင်လွန်းရင် နာကျင်မှုဒဏ်ကို လူကမခံနိုင်တော့ပဲ မေ့မျော သွားစေနိုင်သကဲ့သို့ စိတ်နာလွန်းရင်လည်း နာကျင်လွန်းပြီး လူကိုမေ့မျောသွားစေနိုင်တယ်တဲ့။ အားလုံးကို မသိမမြင်နိုင်တော့ လောက်အောင် ပိတ်ချလိုက်သလိုမျိူး ဖြစ်သွားစေတယ် If you believe it, you receive it. If you don’t you won’t. ကျွန်တော်ပြောတဲ့အရာ အားလုံးက သင်ယုံကြည်ရင် သင်ယုံကြည်တဲ့အတိုင်း သင်ခံစားရလိမ့်မယ်။ မယုံကြည်ဘူး ဆိုရင်တော့ မရဘူး ဖြစ်တယ်။

               ယုံကြည်မှုတစ်ခုပါပဲ။ ဘုရားသခင်ထံကို ချဥ်းကပ်တဲ့သူတွေက် ဘုရားရှိတယ်ဆိုတာ သိနားလည်ရမယ်။ ရှာတဲ့သူကိုလည်း အကျိူးပေးမယ်ဆိုတာ ယုံကြည်ရမယ်။ ညီအစ်ကိုမောင်နှမတို့ ခန္ဓာနာကျင်မှ သင်ထိခိုက်မှုရတာ မဟုတ်ပါဘူး။ သင့်ရဲ့စိတ်နာကျင်မှုတွေကလည်း သင့်ကိုထိခိုက်စေတဲ့အတွက်ကြောင့် အောင်မြင်စွာနဲ့ကျော်ဖြတ်နိုင်ဖို့ရန် အတွက် အရင်ဆုံး သင်သဘောပေါက်ရမယ့်အရာတစ်ခုက ဘုရားသခင်ကို ကိုးစားခြင်းသည် ကြိုးစားခြင်းထက် သာ၍ကောင်းတယ် ဆိုတာပဲ။ သင်ကြိုးစားပြီး သွားနေတဲ့အသက်တာထက် ကိုးစားပြီးသွားတတ်တဲ့အသက်တာက သင့်အတွက် ပေါ့ပါးစေပါတယ်။ လူပျင်းတစ်ယောက်အနေနဲ့ အသက်ရှင်ခိုင်းနေတာ မဟုတ်ပါဘူး။ မနက်အိပ်ရာက နိုးလာပြီးတဲ့အခါ ကျမ်းစာအုပ်ကို အရင်ဖွင့်ပြီး ဘုရားနဲ့မိဿဟာယ ဖွဲ့မယ်။ ကတိတော်တွေကိုစွဲလမ်းမယ်။ ငါ့အတွက်ဘုရားသခင်က အကောင်းဆုံးပဲ ပြင်ဆင်ထားတဲ့ ဘုရားရှင်ဖြစ်တယ်။ ဣသရေလလူမျိူးတွေအတွက် ဘုရားရှင်က ခါနန်ပြည်ကို အကောင်းဆုံး ပြင်ဆင်ထားပေးတယ်။ သူ့လူတွေကျွန်ခံရတာတွေ အားလုံးကို ကြည့်လိုက်ပါ၊ ဘုရားကို ကျောခိုင်းပြီး ဘုရားရှင်ရဲ့  နှုတ်ကပတ်တော်အတိုင်း မသွားလို့ ပဲဖြစ်တယ်။


ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။မဿဲ 11:28


ဝန်လေး၍ပင်ပန်းနေလား ငါ့ထံသို့လာကြ ငါသည်ချမ်းသာပေးမည်လို့ ယေရှုပြောထားတာဖြစ်တယ်။ သင်ခေါ်ကြည့်ပါ၊ တိုးဝင်ကြည့်ပါ သက်သေရကိုရမယ်ဆိုတာ ကျွန်တော်က အားပေးချင်ပါတယ်။ဒီအချိန်ဒီကာလက ဘုရားနဲ့ပိုပြီး မိဿဟာယဖွဲ့ရမယ့် အချိန်ဖြစ်နေပါပြီ။

                 ဥပမာလေးတစ်ခု ကျွန်တော်ပြောပြချင်ပါတယ်။ ခလေးတစ်ယောက် က မုန့်ဆိုင်တစ်ဆိုင်ရှေ့မှာ မတ်တပ်ရပ်ပြီး မုန့်ဆိုင်ထဲက မုန့်တွေကို စားချင်တဲ့မျက်နှာနဲ့ အကြာကြီးရပ်ကြည့်နေခဲ့တယ်။ ဒါကိုမြင်သွားတဲ့ မုန့်ဆိုင်ပိုင်ရှင်က ဆိုင်ထဲကို လှမ်းခေါ်ပြီး မုန့်ပုံးကိုချပေးခဲ့တယ်။ ကြိုက်သလောက် နှိုက်ယူပြီး စားဖို့ ခလေးကို အကြိမ်ကြိမ်ခွင့်ပြု ပြောဆိုနေပေမယ့် ခလေးက လုံးဝမယူခဲ့ဘူး။ ဒီအခါ ဆိုင်ပိုင်ရှင်က ခလေးကို လာခဲ့ ငါထည့်ပေးမယ်ဆိုပြီး သူ့လက်နဲ့ ဆုပ်ယူပြီး ခလေးကို ပေးတဲ့အခါ ခလေးက လက်နဲ့ခံလို့မရလို့ အင်္ကျီနဲ့သူခံပြီး ယူလိုက်ရတယ်။ ဆိုင်ပိုင်ရှင်က ပေးပြီးနောက် ခလေးကို ပြန်ခွင့်ပေးပြီး ကျောခိုင်းလိုက်ပြီးမှ ခလေးဆီက အပြုမူ တစ်စုံတစ်ခုကို သတိထားမိသွားပြီး ခလေးကို ပြန်ခေါ်ပြီး မေးလိုက်တယ်။ ငါမင်းကိုခုနက မုန့်တွေကို နှိုက်ယူခိုင်းတာ မင်းလုံးဝမယူခဲ့ဘူး၊ ငါနှိုက်ပေးတာကျတော့ မင်းဘာလို့ယူတာလဲ? လို့မေးတဲ့အခါမှာ ခလေးပြန်ဖြေတာက ကျွန်တော့လက် သေးသေးလေးနဲ့ယူရင် ယူသလောက်ပဲ ရမှာပေါ့ ဦးရဲ့လက်နဲ့ ထည့်ပေးလိုက်တော့ ကျွန်တော်အများကြီး ရတယ်လေတဲ့။

ကျွန်တော်တို့ဘုရားက ကျွန်‌တော်တို့ကြိုးစားလို့ ရတာထက် သူပေးလို့ရတာက ပိုများတယ်ဆိုတာ သင်တို့ကို သိစေချင်တယ်။

ကိုယ်လုပ်လို့ရတဲ့အရာကတစ်ဆုပ်စာလေးပဲဖြစ်တယ်။ ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိတဲ့ ဘုရားရှင်က ကိုယ်လုပ်နိုင်တာထက် အဆပေါင်းများစွာ ကိုယ့်ကို ပေးနိုင်တဲ့ ဘုရားရှင်ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ထာဝရဘုရားကို ကိုးစားတဲ့အသက်တာက မင်္ဂလာတွေနဲ့ပြည့်နေတယ်။ အသက်တာမှာ မိမိလုပ်နိုင်တယ်ဆိုတဲ့အရာအားလုံးထက် ဘုရားလုပ်ပေးမယ်ဆိုတာ စိတ်ချပါ။ တိုက်ပွဲအားလုံးကို ကျွန်တော်တို့အတွက် ရှေ့ကနေတိုက်ပေးနေတဲ့ ဘုရားဖြစ်တယ်။ ဒါဝိတ်က ဒါကို ကောင်းကောင်းသိတယ်။

ထာဝရဘုရားသည် ထားလှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို၊ ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် စစ်မှုကို ပိုင်၍၊ ငါတို့လက်သို့ အပ်နှံတော် မူမည်ဟု ဖိလိတ္တိလူအား ဆို၏။(၁ရာ17:47)

             စစ်မှုကို ပိုင်တာ ဘုရားဖြစ်တယ်လို့ ဒါဝိတ်က ဂေါလျက်ကို ပြောနေတာဖြစ်တယ်။ ဓါး လှံတွေနဲ့ ဒါဝိတ်က အဲ့ဒီစစ်ပွဲကို တိုက်ခဲ့တာမဟုတ်ဘူး ကျောက်ခဲလေးတစ်လုံးနဲ့ တိုက်ပွဲကို တိုက်ခဲ့တာဖြစ်တယ်။ဘုရားကို အားကိုးတတ်ရင် ခဲလုံးလေး တစ်လုံးနဲ့လဲ အလုပ်ပြီးတယ်။ ဘုရားကို အားကိုးတတ်ရင် ဘုရားသခင်က မိနစ်ပိုင်းအတွင်းမှာ အံ့သြဖွယ်ရာပြင်ဆင်ပေးတဲ့ ဘုရားရှင်ဖြစ်တယ်။ ဘုရားပြင်ဆင်ပေးတဲ့အချိန်ကို သင်စောင့်တတ်ဖို့ပဲအရေးကြီးတယ်။

              တစ်ညလုံးကြိုးစားရှာနေခဲ့တဲ့ ငါးကတစ်ကောင်မှမရပဲ ဘုရားစကားကို ဝန်ခံပြီး ရွှေ့လိုက်တာနဲ့ လှေတစ်စင်းလုံး နစ်လုမတတ်ဖြစ်တဲ့အထိ ငါးတွေရခဲ့တာ ဘုရားကို ကိုးစားခြင်းကြောင့်ဖြစ်တယ်။ ဘုရားသခင်ကအံ့သြဖွယ်ရာ ကတိတည်တဲ့ ဘုရားဖြစ်တယ်။

ဂတိထားတော်မူသောသူသည် ဂတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။(ရောမ 4:21)

                      အာဗြံဟံက ကတိထားတော်မူသောသူက ကတိတော်အတိုင်းတတ်နိုင်တာကို လုံးဝစိတ်ချနေတဲ့အတွက် အချိန်တန်တဲ့အခါမှာ ကိုးစားသောသူရဲ့မင်္ဂလာကို ထာဝရဘုရားက ချီးမြှောက်ခဲ့တယ်။ ထာဝရဘုရားကို မျှော်လင့်တဲ့သူ ထာဝရဘုရားကို ကိုးစားသော သူရဲ့အသက်တာက ဘယ်တော့မှ အရှက်တကွဲ အကျိူးနည်းမဖြစ်စေဘူး။ ကိုးစားပြီး အသက်ရှင်တဲ့ အသက်တာက ဘုရားရှင်အကောင်းဆုံးပြင်ဆင်ပေးထားတာကို ယုံကြည်ထားပြီး မိမိလုပ်စရာရှိတာကို လုပ်ဆောင်နေခြင်း ဖြစ်တယ်။ စိတ်ဓါတ်ကျစရာ ဝမ်းနည်းစရာ စိတ်ပျက်စရာ ဘာအကြောင်းမှမရှိဘူးလို့ တွေးပြီး မနက်အိပ်ယာက နိုးတာနဲ့ ဘုရားနဲ့မိဿဟာယဖွဲ့ပြီး ချီးမွမ်းနေတတ်တဲ့ အသက်တာဖြစ်တယ်။ အနှစ်လေးဆယ်လုံး တောထဲမှာနေရတဲ့ ဣသရေလလူမျိူးတွေက ဘာလို့ကျန်းမာကြတာလဲ? သူတို့ကို ဘုရားက မန္နမုန့်နဲ့ကျွေးထားတဲ့အတွက် ဖြစ်တယ်။ သူတို့သောက်တဲ့ရေ စားတဲ့အစာကို ကောင်းကြီးပေးထားလို့ဖြစ်တယ်။ နေ့အချိန်မှာ မိုးတိမ် ညအချိန်မှာ မီးတိုင်အားဖြင့် ဘုရားသခင်ကပြင်ဆင်ထားပေးတယ်။ဣသရေလလူမျိူးတွေ တိုက်ရမယ့်တိုက်ပွဲတွေကို ပျားတူ ဆိုတဲ့အကောင်တွေလွှတ်ပြီး တိုက်ပေးတယ်။

ယောရှဖတ်မင်းကြီးကို သူများတွေက စစ်လာတိုက်တဲ့အခါမှာ သူကြောက်တယ်။ ဒါပေမယ့် သူတခြားမင်းတွေနဲ့ မဟာမိတ် လုပ်ပြီး အားကိုးမရှာဘူး။ ဘုရားနဲ့ပဲသူတိုင်ပင်တယ်။ ဘုရားကိုပဲသူအားကိုးတယ်။ ၂ရာချူပ် 20:15-20 ဘုရားကို အားကိုးတတ်ရင် အရမ်း ပေါ့တယ်။ ဘုရားရဲ့နှုတ်ကပတ်တော်က သင့်အတွက်ဖြစ်မယ်လို့ သင်ခံယူရင် အချိန်တစ်ခုကို သင်စောင့်ရင် စောင့်ရမယ်။ ဒါပေမယ့် ဖြစ်ကိုဖြစ်လာတယ်။ သင်က ဘုရားကတိကို စွဲလမ်းရင် သင်စွဲလမ်းတဲ့အတိုင်း ဖြစ်ကို ဖြစ်တယ်။

                    အမှုတော်ဆောင် မိသားစုတစ်စု မှာ အမျိူးသားက အမှုတော်ဆောင်လုပ်ပြီး သူ့မိန်းမက အပြင်အလုပ်ကို လုပ်တယ်။ တစ်နေ့မှာ အမျိူးသားဖြစ်သူက ဘုရားအမှုတော်ထဲမှာ ပါဝင်ဖို့ သူ့မိန်းမကို ပြောတဲ့အခါ သူ့မိန်းမက အလုပ်တွေများပြီး မအားကြောင်း အချိန်မရှိကြောင်း သူမ အလုပ်လုပ်မှ အိမ်မှာဝင်ငွေနဲ့ရပ်တည်မှုက အဆင်ပြေမှာ ဖြစ်ကြောင်း သူ့ယောက်ျားကို ပြန်ပြောခဲ့တယ်။ သူ့အမျိူးသားက ဘာမှပြန်မပြောပဲ ဆုတောင်းခြင်းနဲ့သာ နေခဲ့တယ်။ တစ်နေ့မှာ မထင်မှတ်ပဲ သူမက လဲကျပြီး အိပ်ယာထဲ နေရတဲ့အဖြစ်နဲ့ သုံးလလုံးလုံး အလုပ် မလုပ်နိုင်ဖြစ်သွားခဲ့ရတယ်။ အံ့သြစရာ ကောင်းတာက သုံးလလုံးလုံး သူမ အလုပ်မလုပ်နိုင်ပဲ အိပ်ယာထဲနေ နေရတဲ့အချိန် မှာ ရတဲ့ကောင်းကြီးက သူမ အလုပ်လုပ်နိုင်တုန်းက အချိန်မှာ ရတဲ့ဝင်ငွေထက် အဆများစွာဖြစ်နေခဲ့တယ်။ အဲ့ဒီအခါ သူမမြင်သွားတဲ့ အရာက ငါမလုပ်လည်းဘဲ င့ါယောက်ျားရဲ့ ဆုတောင်းခြင်း ကိုးစားခြင်းတွေက ကောင်းကြီးတွေဖြစ်နေပါလား ကျေးဇူးတော်ကြောင့် ပါလား ဆိုတာကို သူမမြင်သွားခဲ့တယ်။ သူမဒါကို သဘောပေါက်တဲ့နေ့မှာပဲ ခေါင်းထောင်လို့တောင် မရတဲ့ အခြေအနေကနေ သူမအိပ်ယာကနေထနိုင်ခဲ့တယ်။ သူမ လွတ်မြောက်ခြင်းရပြီး သူမရဲ့ခင်ပွန်းအတွက် တကယ့်ကျောထောက်နောက်ခံ တစ်ယောက် ဖြစ်လာခဲ့တယ်။ အခုအချိန်မှာတော့ တကယ့် ဝိညာဥ်မိခင်ကြီးတစ်ယောက်ဖြစ်နေခဲ့ပါပြီ။ ဒီနေ့ ခရစ်ယာန်တွေထဲမှာ အဲ့ဒီလို ထက်ထက်မြက်မြက်ပုံစံတွေ အများကြီးရှိနေတယ်။

               သင်တတ်နိုင်လို့ သင်လုပ်နိုင်လို့ သင်တော်လို့ တစ်ခုမှမဟုတ်ပါဘူး။ ဘုရားသခင်ပေးထားတဲ့ ခွန်အားတွေ ဘုရားပေးတဲ့ အစွမ်းအစတွေကြောင့်ပဲ ဖြစ်နေခဲ့တာ။ သင်လုပ်တဲ့အရာ လက်တစ်ဆုပ်လေးကို ဟုတ်လှပြီမထင်ပါနဲ့။ ဆာလံ ၂၇ ကိုဖတ်ပြီး ဆင်ခြင်မိတဲ့အခါ ဘုရားသခင်ရဲ့အကြောင်းကိုပဲ ဆင်ခြင်ပြီး တည်ကြည်နေတဲ့ အသက်တာကိုမြင်ရတယ်။ ကြိုးစားတဲ့သူနဲ့ကိုးစားတဲ့သူက သိပ်ကွာတယ်။ကိုးစားခြင်းမှာ ယုံကြည်ခြင်းပါတယ်။ ကိုယ့်ရဲ့တတ်နိုင်ခြင်းကို ကြည့်ပြီးအသက်ရှင်နေတာ မဟုတ်ဘူး၊ ဘုရားသခင်တတ်နိုင်ခြင်းကို ကြည့်ပြီး အသက်ရှင်ခိုင်းနေတာဖြစ်တယ်။ ကိုယ့်အစွမ်းအစကြောင့်မဟုတ်ဘူး။ ကြံစည်တတ်စွမ်းနိုင်တဲ့ အစွမ်းသတ္တိကိုပေးတဲ့ ဘုရားကြောင့်ဖြစ်တယ်။ အရာခပ်သိမ်းကို သိတဲ့ဘုရားရှင်ဖြစ်တယ်။ ခဲယဥ်းဆိုးယုတ်ရာ ကာလမှာပင်လျင် ဝစွာကျွေးမယ်ဆိုတာ သင်စိတ်ချပါ။

နှလုံးသားကိုဆင်ခြင်ရတယ်။သင်ထလော့။ လင်းလော့။ သင်၏အလင်း ရောက်လာပြီ။ ထာဝရဘုရား၏ဘုန်းတော်သည် သင်၏ အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏။ဟေရှာယ 60:1

သင်တိုက်ရမယ့်တိုက်ပွဲတွေအတွက် စိတ်မပူပဲ အိပ်ယာကနိုးတာနဲ့ ချီးမွမ်းခြင်းနဲ့နေ့သစ်ကို အစပြုရင်း ဘုရားရှင်က ဒီနေ့အတွက် အကောင်းဆုံးပြင်ဆင်ပေးထားပြီဆိုတာ စိတ်ချပြီး ကိုးစားနေတတ်ရင် သင်တိုက်ရမယ့်တိုက်ပွဲတွေအတွက် ဘုရားက တိုက်ပေးသွားတယ်ဆိုတာ သင်မြင်တွေ့ရပါလိမ့်မယ်။ သင်လုပ်ရမယ့်အရာတစ်ခုပဲရှိတယ်။ ဘုရားသခင်ကို ယုံကြည်စိတ်ချပါ။ ဘုရားသခင်နဲ့အနားယူတတ်ခြင်းကို သင်ယူပါ။THE BATTLE BELONGS TO THE LORD.      အယောက်စီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေ။