Daily Bread

Apr 2, 2024    Pastor David Lah


“ဘုရားသခင်၏သားဖြစ်သောသူ မည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတပါး၊ အဘယ်သူသည် လောကကို အောင်နိုင်သနည်း။” (၁ယော5:4-5)

                   ဒီကနေ့ ကျွန်တော်တို့ ဆင်ခြင်သွားကြရမယ့် ကျမ်းပိုဒ်ပဲဖြစ်ပါတယ်။ဘုရားသခင်ရဲ့ သားဖြစ်တဲ့သူက လောကကို အောင်တယ်လို့ နှုတ်ကပတ်တော်က ပြောထားတယ်။ ဘုရားသခင်ရဲ့သားဆိုတာ ဘယ်သူလဲ? ခရစ်ယာန်တွေကို ပြောတာလား? လက်ဝါးကပ်တိုင်ပေါ်မှာ ကျွန်တော်တို့အတွက် အသေခံပြီးတော့ သုံးရက်မြောက်တဲ့နေ့မှာ ရှင်ပြန်ထမြောက်သော ယေရှုခရစ်တော်က ငါ့ရဲ့ဝဋ်ကြွေး ဝဋ်နာတွေ အကုန်ဆပ်ပေးပြီးတော့ ငါ့ကိုယ်စားအကုန်ခံပြီး ငါ့ရဲ့အပြစ်ကြွေး အကုန်ဆပ်ပေးသွားတယ်လို့ သင်ကယုံကြည်ပြီး လက်ခံသောသူဖြစ်ရင် သင်က ဘုရားသားဖြစ်ရတဲ့ အခွင့်ကို ဘုရားကပြင်ဆင်ပေးတယ်။ ယေရှုခရစ်တော်က အပြစ်ကြွေးတွေအားလုံးကို အကုန်အစင် ဆပ်ပေးပြီးတဲ့အပြင် ရှင်ပြန်ထမြောက်တဲ့ အသက်ရှင်တဲ့ဘုရားဖြစ်တယ်လို့ သင်က ယုံကြည်လက်ခံသောကြောင့် သင်က ဘုရားသားဖြစ်ရတဲ့ အခွင့်ကို ရသည်သာမက ပထမဆုံးသင်ပိုင်ဆိုင်ခွင့် ရသွားတာက ထာဝရအသက် ဖြစ်တယ်။

                ယေရှုခရစ်တော်အားဖြင့် သင်က ထာဝရအသက်ကို ရရှိသောသူဖြစ်သွားပြီ။ ခရစ်ယာန်ဆိုတာ ပုံမှန်ဘုရားကျောင်းတက်၊ အလှုငွေပုံမှန်ထည့်ပြီး ပရဟိတ ပုံမှန်လုပ်နေသူ လောက်အဆင့်ကို ပြောနေတာမဟုတ်ဘူး။ တကယ့်စစ်မှန်တဲ့ ခရစ်ယာန်ဆိုတာက ဘုရားစကားအပေါ်မှာ ရပ်တည်သောသူ၊ ဘုရားစကားကိုယုံသောသူ ဖြစ်တယ်။ နှုတ်ကပတ်တော်က သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက် ထာဝရအသက်ကို ရသောသူ လို့ပြောထားတယ်။ ထာဝရအသက်ကို ရသောသူရဲ့ အထဲမှာ သန့်ရှင်းသောဝိညာဥ်တော်က လာပြီးကျိန်းဝပ်တယ်။ ကျွန်တော်တို့က သန့်ရှင်းသောဝိညာဥ်တော် ကျိန်းဝပ်တဲ့ ဗိမာန်တော်ဖြစ်တယ်။

                 သင်ကယေရှု ခရစ်တော်ကို ယုံကြည် လက်ခံလိုက်တဲ့ နေ့ကစပြီးတော့ သင့်ရဲ့ပျက်စီးခြင်းကို မ‌ရောက်တော့ပဲ ထာဝရအသက်ကို သင်ရပြီး သန့်ရှင်းသော ဝိညာဥ်တော်က လာရောက်နေရာယူပြီ။ သင်ကဘုရားရဲ့ ဝိညာဥ်လာရောက် ကျိန်းဝပ်နေသောသူဖြစ်တဲ့ အတွက် သင်က ရိုးရိုးလူမဟုတ်တော့ဘူး၊ ခရစ်‌တော်ရဲ့ဝိညာဥ်ကို ရတဲ့သူဖြစ်တယ်။ တကယ် ခရစ်တော်ကိုရတဲ့သူရဲ့အသက်တာကို သင်ကသွားထိခိုက်နေခြင်းက ခရစ်တော်ကို သွားထိခိုက်နေတာနဲ့ အတူတူပဲ။ ခရစ်ယာန်တွေကို သတ်တဲ့ ရှောလုက ဒမာသတ်မြို့အဝင်မှာ စူးရှတဲ့အလင်းတန်းကြောင့် မြင်း‌ပေါ်ကပြုတ်ကျခဲ့ချိန်မှာ ယေရှုသူ့ကို ဘာပြောခဲ့လဲ?

“ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်းဟု မိမိအား ပြောသောစကားသံကို ကြားလျှင်၊ သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု မေးလျှောက်၏။ သခင်ဘုရားကလည်း၊ ငါကား သင် ညှဉ်းဆဲသော ယေရှုဖြစ်သတည်း။” (တမန်တော် 9:4-5)

ရှောလုက ယေရှုကိုသူညှင်းဆဲနေတာ မဟုတ်ပေမယ့် ခရစ်တော်ရဲ့ဝိညာဥ်ကို နေရာပေးထားတဲ့ ဝိညာဥ်ကို သွားထိရင် ယေရှုကို ထိတာနဲ့အတူတူပဲ ဆိုတာကို ပြောနေခြင်းဖြစ်တယ်။

“သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟု မိန့် တော်မူ၏။”(ယောဟန်16:33)

“ဘုရားသခင်၏သားဖြစ်သောသူ မည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတပါး၊ အဘယ်သူသည် လောကကို အောင်နိုင်သနည်း။” (၁ယော5:4-5)

            ခရစ်တော်ရဲ့ဝိညာဥ်က ကျွန်တော်တို့အထဲမှာ လာရောက်နေရာယူသွားပြီး ကျွန်တော်တို့က လောကကို အောင်သောသူတွေ ဖြစ်တယ်။ နေ့ရက်အစဥ်တိုင်း အသက်ရှင်တဲ့အရာမှာ ခရစ်တော်ရဲ့ဝိညာဥ် သင့်အထဲမှာ ကျိန်းဝပ်ပြီးဆိုတာသိပြီး အသက်ရှင်ပါ။ ငါ့ကိုလာမထိနဲ့ ငါ့အထဲမှာ ခရစ်တော်ရှိတယ်ဆိုပြီး မောက်မာ ဝါကြွား နေဖို့မဟုတ်ဘူး။ ခရစ်တော်ကို တကယ်ရတဲ့သူ ခရစ်တော်ရဲ့ဝိညာဥ်က သင့်အထဲမှာ တကယ်ကျိန်းဝပ်တယ် ဆိုရင် သင်က နေ့တိုင်းမှာ ခရစ်တော်နဲ့ မိဿဟာယဖွဲ့လာတယ်။ ကျွန်တော်တို့နဲ့အတူရှိပြီး လမ်းပြကွယ်ကာပေးနေတဲ့အပြင် ချစ်ခြင်းမေတ္တာတွေနဲ့ လမ်းပြပေးနေလို့ ကျေးဇူးတင်တယ်။ ဘယ်လိုဆုံးဖြတ်ချက်ချရမလဲ ဆိုတဲ့ဥာဏ်ပညာတွေ ပေးနေလို့ကျေးဇူးတင်တယ် ဆိုပြီး နေ့တိုင်း ဘုရားနဲ့ မိဿဟာယဖွဲ့တတ်လာရင် သင့်အသက်တာကမှောင်မိုက်ထဲမှာ မရှိတော့ဘူး။

“ဘုရားသခင်သည်အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည်အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိဿဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော်ယေရှုခရစ်၏အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကိုဆေးကြောတော်မူ၏။” (၁ယော 1:7)

ဘုရားနဲ့တကယ်အသက်ရှင်တဲ့သူက အလင်းထဲမှာပဲ သွားလာတယ်။ မှောင်မိုက်ထဲမှာ မသွားလာတော့ဘူး။ ခရစ်တော်က ကျွန်တော်တို့အထဲမှာ တကယ်အသက်ရှင်ပြီဆိုရင် လောကကို အောင်တဲ့သူတွေဖြစ်သွားပြီ။

“ငါသည်ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်းအသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။” (ဂလာတိ2:20)

ယုံကြည်သူခရစ်ယာန်အသက်တာဆိုတာက ကိုယ်အသက်ရှင်နေတာမဟုတ်ပဲ ခရစ်တော်က အသက်ရှင်ပေးနေတာဖြစ်တယ်။ ဒီအတွက်ကြောင့် ကိုယ်တွေးချင်တာမတွေးဘူး၊ကိုယ်ပြောချင်တာမပြောဘူး၊ သင်တွေးချင်တာတွေးတတ်တာ လူအပောာင်း၊ သင်က လူသစ်ဖြစ်ပြီဆိုရင် နှုတ်ကပတ်တော်အတိုင်းတွေးတယ်၊ ပြောတယ်၊ လုပ်ဆောင်တယ်။ အဲ့ဒီလူရဲ့အသက်တာက သူလုပ်သမျှမှာ ဘုရားသခင်အကုန်ပါတယ်။ သူပြောတဲ့စကားတိုင်းမှာ ဘုရားသခင်က အတည်ပြုပေးတယ်။

           ဒီကနေ့ကစပြီး သင့်ကိုယ်သင် ရှုံးနိမ့်သောာသူလို့ မတွေးပါနဲ့။ သင်က အောင်မြင်သောသူလို့ ဘုရားက ပြောထားရဲ့သားနဲ့ သင်ဘာဖြစ်လို့ လောကကို မအောင်သေးတာလဲဆိုရင် ခရစ်တော်ရဲ့ဝိညာဥ် သင့်အထဲမှာ ရှိတယ် ဆိုတာ သင်သိရင်၊ ဘုရင်တကာတို့ရဲ့ဘုရင် ၊ သခင်တကာတို့ရဲ့သခင် ဆိုမှတော့ သင်က လောကကိုအောင်သောသူပေါ့။ ယေရှုခရစ်တော်အတိုင်း ငါသည် လောကကိုအောင်သောသူဖြစ်တယ်ဆိုတာ သင်ဝန်ခံကြွေးကြော်ပါ။ ငါသည်လောကကို အောင်မြင်သောသူ ကျန်းမာသောသူ လို့ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ပြီး သင်ဝန်ခံတတ်လာရင် သင်က ကြီးမားသော အောင်မြင်သောသူ ဖြစ်လာလိမ့်မယ်။ သင့်နှုတ်က သေခြင်းနဲ့ရှင်ခြင်းကို အစိုးရတယ်လို့ နှုတ်ကပတ်တော်မှာပါရှိထားတယ်။

                   အရင်တုန်းက သင့်သဘာဝက အပြစ်သားသဏ္ဍန် အပြစ်သားဇာတိ ဖြစ်နေခဲ့ပြီး ခရစ်တော်ကို ယုံကြည်လက်ခံ လိုက်တဲ့နေ့ကစပြီး ဘုရားသဏ္ဍန်၊ဘုရားဇာတိပြောင်းသွားတာ၊ ဘုရားပကတိနဲ့ဆက်ဆံရသောသူဖြစ်သွားတာ။ သင်ကရွေးချယ်ခံရတဲ့အမျိူး ၊ မှောင်မိုက်ထဲကနေ အလင်းတော်သို့ ခေါ်သွင်းခြင်းခံရသော မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် အမျိူး ဖြစ်တယ်။ ပိုင်ထိုက်သောအပေါင်းအသင်း ရွေးချယ်ခံထားရသော အမျိူး ဖြစ်တယ်ဆိုတာ သင်ဝန်ခံသွားရင် သင့်အသက်တာက အဲ့ဒီအခွင့်ကို ပေးထားတယ်။ သင့်နှုတ်ကထွက်တဲ့ စကားအခွန်းတိုင်းကို မစဖို့ ဘုရားသခင်က အဆင်သင့်ရှိနေတယ်။ သင့်အထဲမှာ ဘုရားစကား မျိူးစေ့ကျပါစေ။ ယုံကြည်ခြင်းနဲ့ စတင် အသက်ရှင်ရအောင်။ ဘုရားစကားနေရာယူပါစေ၊ဘုရားစကားအုပ်စိုးပါစေ။ ဘုရားစကား ကောင်းသောမြေမှာ ကျပါစေ။ သင့်ရဲ့ အတွင်းနှလုံးသားထဲကနေ ယုံကြည်ခြင်းနဲ့ပြောတဲ့စကားအားလုံးက သင့်အသက်တာထဲမှာ ဧကန်မုချ ဖြစ်လာပါလိမ့်မယ်။

              ကျွန်တော်တို့က နှုတ်ကပတ်တော်ကို သယ်‌ဆောင်သောသူဖြစ်ပါစေ။ ကျမ်းစာအုပ်ကို ကိုင်ပြီး အသက်ရှင်ခြင်းထက် နှလုံးသားထဲမှာ ဘုရားစကားကို နေရာ‌ပေးပြီး အသက်ရှင်တတ်သောသူဖြစ်ပါစေ။ လောကကို အောင်သော သားသမီးအသီးသီးဖြစ်ဖို့ရန်အတွက် သန့်ရှင်းသောဝိညာဥ်တော်ကို နေရာပေးသူများ ဖြစ်ပါစေ။