Daily Bread

Mar 31, 2024    Pastor David Lah


ပျင်းရိသောသူ၏ လယ်ယာအနားနှင့်၊ ဥာဏ်မရှိ သောသူ၏ စပျစ်ဥယျာဉ်အနားမှာ ငါရှောက်သွားစဉ်၊ ဆူးပင်များပြား၍၊ မြေတပြင်လုံး၌ ဆူးလေပင် အနှံ့အပြား လွှမ်းမိုးလျက်၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို၊ငါမြင်၍ စေ့စေ့ဆင်ခြင်၏။ ကြည့်ရှု၍ သွန်သင် ခြင်းကို ခံရ၏။ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခြင်း ငှါ၊ ခဏ လက်ချင်းပိုက်လျက် နေစဉ်တွင်၊ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာလိမ့် မည်။ သုတ္တံ 24:30-34

             ဒီအကြောင်းအရာကို ရေးခဲ့သူက ရှောလမုန်မင်းကြီးဖြစ်တယ်။ ရှောလမုန်မင်းကြီးက ပျင်းရိသောသူ၏လယ်ယာနှင့် ဥာဏ်မရှိသောသူ၏ စပျစ်ဥယျာဥ် အနားသွားစဥ်မှာ သူမြင်တဲ့အရာအပေါ်ဆင်ခြင်နေမိတယ်တဲ့။ဒီကျမ်းစာကို ဖတ်ရင်းနဲ့ ကျွန်တော့်အတွက် သိပ်ခွန်အားရတယ်။ ဒီနေရာမှာ ကျွန်တော် ပျင်းရိသောသူ၏ လယ်ယာနှင့် ဥာဏ်မရှိသောသူ၏ စပျစ်ဥယျာဥ် ဆိုတာကိုဆင်ခြင်ရင် ညီအစ်ကို မောင်နှမတို့ကို ဝေငှစရာအကြောင်းဖြစ်လာတယ်။ လယ်မှာ ဆူးပင်တွေပေါက်နေပြီး စပျစ်ပင်တွေနေရာမှာ ဆူးလေပင်တွေပေါက်နေတယ်။ နောက်ဆုံးဘယ်လောက်ထိ များသလဲဆိုရင် ဆူးလေပင်တွေက အုတ်နံရံတွေ အပေါ်ထိတက်လာနိုင်ခဲ့ပြီး ကျောက်ရိုးတို့ကို တောင်မှ ဖြိုဖျက် ပစ်လိုက်နိုင်တယ်။

               ကျောက်ရိုးပြိုသွားခဲ့တာ ကျောက်တွေရဲ့အထဲထိ ဝင်နေတဲ့ ဆူးလေပင်တွေ ကြီးထွားလာခြင်းကြောင့်ဖြစ်တယ်။ အဲ့ဒီကျောက်ရိုးတွေကြားထဲမှာ ဟိုတိုး ဒီတိုး အမြစ်တွယ်တဲ့အထိ နေနိုင်လာတဲ့အတွက် အုတ်ရိုး ကျောက်ရိုးတွေကို တောင် ပြိုကျသွားစေနိုင်တဲ့အထိဖြစ်ရတယ်။ အဆီးအတားမရှိ ကွယ်ကာခြင်းမရှိတော့ဘူး ဆိုတဲ့အရာကို ကြည့်ပြီး ရှောလမုန်မင်းကြီး ကဆင်ခြင်မိနေတာဖြစ်တယ်။ ကျွန်တော်တို့ရဲ့အသက်တာမှာလဲ ဘုရားက ကောင်းသောမြေ ဖြစ်စေချင်တယ်။ ကောင်းသောမြေမှာ ကျမှ မျိူးစေ့က အပင်ပေါက်ပြီး အသီးသီးမှာဖြစ်တယ်။ ဆူးပင်တွေမှာ ရှိနေရင် မျိူးစေ့က အပင်မပေါက်နိုင်ဘူး။ ဆူးပင်တွေက လွှမ်းမိုးထားခြင်းကြောင့် ဖြစ်တယ်။ ဘယ်လောက် နှုတ်ကပတ်တော်တွေ ကြားကြား၊ ဘယ်လောက်မျိူးစေ့ကျကျ၊ ဝိညာဥ်တော်ရဲ့ဖွင့်ပြခြင်းတွေနဲ့ ဟောတဲ့ဆရာတွေရဲ့ တရားဟောချက်တွေ ဘယ်လောက်ပဲနားထောင်ပါစေ၊ သင့်ရဲ့အသက်တာထဲမှာ ဘာမှမကြီးထွားနိုင်ဘူး။ ဆူးပင်တွေ‌ကြောင့်ဖြစ်တယ်။

                   ဘာဖြစ်လို့ ဆူးပင်တွေနဲ့ ပြည့်နေတာလဲ ပျင်းလို့ ဥာဏ်မရှိလို့ဖြစ်တယ်။ ပျင်းရင် ဥာဏ်မရှိရင် ဆူးပင်အပြည့်နဲ့ လယ်လိုပဲဖြစ်နေမယ်။ နှလုံးသားမြေက ကောင်းသောမြေ ရှင်းလင်းထားတဲ့မြေ မဟုတ်ရင် မျိူးစေ့ဘယ်လိုကျနိုင်မှာလဲ? သင့်ရဲ့အတွေးအခေါ်မှာ လောကအရာတွေနဲ့ပဲ ပြည့်နေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး အသက်တာတွေက ကြီးထွားနိုင်မှာလဲ? ဒါကြောင့် စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဍန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့ လို့နှုတ်ကပတ်တော်က ပြောထားတယ်။ သင်ဘယ်လိုတွေးလဲ ဆိုတဲ့အပေါ်မူတည်ပြီး သင်ဖြစ်လာတာ။ သင်က နှိမ့်ချခြင်းအကြောင်းပဲ တွေးနေရင် သင်က နှိမ့်ချသောသူ ဖြစ်လာတာပေါ့။ အကယ်၍သင်က မာနကြီးခြင်းအကြောင်း သင်အမြဲတွေးနေရင် သင်ကမာနကြီးသူ ဖြစ်လာတာပေါ့။ သင်က ကျန်းမာခြင်း လွတ်မြောက်ခြင်းအကြောင်း သင်တွေးနေရင်တော့ သင်က လွတ်မြောက်သူ၊ ကျမ်းမာသူ ဖြစ်လာမှာပဲ။

          သင့်ကမင်္ဂလာရှိတဲ့အကြောင်း ကျန်းမာခြင်းအကြောင်း ဖြောင့်မတ်ခြင်းတရား ဝမ်းမြောက်ခြင်း အကြောင်း သင်တွေးနေလား? မဟုတ်ပဲ တစ်ခြားအရာတွေကို သင်တွေးနေမိရင် သင်မရှင်းထုတ်ဘူးဆိုရင် သင့်ရဲ့အုတ်ရိုး သင့်ရဲ့ကျောက်ရိုး ပြိုကျတော့မယ်။ အဲ့ဒီဆူးပင် အဲ့ဒီနွယ်ပင်တွေက သင်ရဲ့ ဥယျာဥ် သင့်ရဲ့လယ်ကို ကွယ်ကာထားတဲ့ အရာတွေအားလုံးကို ဖြိုချသွားနိုင်တယ်။ သင့်အသက်တာထဲမှာ ဘုရားမနှစ်သက်တဲ့ အရာရှိတယ်ဆိုရင်မပျင်းပါနဲ့။ အဲ့ဒီအရာကို ဘုရားနဲ့ပြန်အချိန်ယူပြီးတော့ ဖယ်ရှားခိုင်းပါ။ သင့်ရဲ့အတွေးအခေါ် ညစ်ညူးနေတယ်ဆိုရင် ဝိညာဥ်တော်နဲ့ များများ မိဿဟာယဖွဲ့ပြီး အကုန်ရှင်းထုတ်ပါ။ မဟုတ်တဲ့အရာတွေ အတွေးအခေါ်တွေကို သင်ကဝင်ခွင့်ပေးနေမယ်ဆိုရင် သင်က ဥာဏ်မရှိတဲ့ စပျစ်ဥယျာဥ်ပဲ။ သင်မရှင်းထုတ်ထားတဲ့ ဆူးတွေနဲ့ပြည့်နေတဲ့ လယ်ယာပဲဖြစ်သွားလိမ့်မယ်။

            ဝိညာဥ်ရေးရာ ပျင်းရိနေသူတွေက ရှင်းထုတ်စရာရှိတာမထုတ်ကြဘူး။ ဘုရားသခင်က အကုန်လုပ်ပေးနိုင်ပေမယ့် အကုန်မလုပ်ပေးဘူး။ သင်ကဘုရားထံသို့ တိုးဝင်ပြီး ကိုယ်တော်ပြုပြင်ပေးပါလို့ မပြောမချင်း ဘုရားက အလုပ် လုပ်လို့မရဘူး။ ဘုရားက ကျွန်တော်တို့အပေါ်မှာ လေးစားမှုထားတယ်။ သူဖန်ဆင်းတဲ့လူသားကို သူလေးစားတယ်၊ သင့်ဆန္ဒမပါပဲ သူတစ်ဖက်ထဲ ဘယ်တော့မှ အလုပ် မလုပ်ဘူး။ တစ်ဖက်ထဲ ဆုံးဖြတ်လုပ်ကိုင်သူက မာရ်နတ်ဖြစ်တယ်။ မဖွင့်တဲ့တံခါးကို အတင်းတွန်းဖွင့် ဝင်ချင်နေတာက စာတန်ဖြစ်တယ်။

             သင့်ရဲ့အသက်တာထဲမှာ သင့်ရဲ့ အားထားရာ အုတ်ရိုးကြီး ပြိုကျပျက်စီးတော့မယ်။ သင့်အသက်တာကို လုံခြုံမှုမရှိတဲ့ အသက်တာမျိူး မဖြစ်ချင်ရင် အရင်ဆုံးအတွေးအခေါ်နဲ့နှလုံးသားထဲမှာ ရှိတဲ့အရာတွေကို အရင်ဆုံးရှင်းထုတ်ပါ။ အဲ့ဒီဥယျာဥ်မှာ ကွယ်ကာခြင်းမရှိတော့ဘူးဆိုရင် အကောင်တွေ တောသားရဲတွေက ဝင်လာပြီး ဖျက်ဆီး စားသုံးကြတော့မယ်။ ဘုရားသခင်နဲ့မိဿဟာယမရှိပဲ သင်နေချင်သလို နေပြီး သင်လုပ်ချင်သလိုလုပ်မိလာမယ်၊ မဖြစ်သင့်တာတွေဖြစ်လာမယ်။

                သင့်နေရာမှာ ခြုံတွေထူထပ်နေပြီ၊ သားရဲတွေဝင်လာနေပြီ ဆိုရင် ကွယ်ကာဖို့နဲ့ ရှင်းလင်းတဲ့စိတ်ရှိဖို့က သန့်ရှင်းသောဝိညာဥ်တော်ရဲ့ မစမှုကိုယူပါ။ သင့်ကို အမင်္ဂလာရစေတဲ့ အတွေးအခေါ်တွေကို ဖယ်ရှင်းပြုပြင်ပါ။ နှစ်ပေါင်းဘယ်လောက်ရှိခဲ့ပြီလဲ သင်မရှင်းထုတ်နိုင်ခဲ့တဲ့ ဆူးပင်တွေ၊ သင်သန့်ရှင်းသောဝိညာဥ်တော်မစမှုနဲ့ သင်ရှင်းထုတ်ပါ။ သန့်ရှင်းသောဝိညာဥ်တော်ကို သင့်အသက်တာထဲမှာ နေရာပေးပါ။ မကြာခင်မှာ အသီးများစွာသီးတဲ့အသက်တာတွေ ဖြစ်လာမယ်ဆိုတာ ယုံကြည်တယ်။ ကြွယ်ဝသောအသက်တာဖြစ်ပြီ ဖြစ်ကြောင်း ဝန်ခံရင်း ဆုတောင်းကောင်းကြီးပေးလိုက်ပါတယ်။