Daily Bread
အားလုံးပဲ သခင်ယေရှုခရစ်တော်နာမ၌ မင်္ဂလာပါ။ ဘုရားသခင်ပြင်ဆင်ပေးခြင်းကြောင့် ကျွန်တော်တို့ တစ်နေ့ပြီးတစ်နေ့ မစခဲ့တယ်၊ ပို့ဆောင်ခဲ့တယ်။ ကျွန်တော်တို့ ဘုရားသခင်ရဲ့ ကောင်းကြီးတွေကို ချီးမွမ်းခွင့်ရနေခြင်းက ကျေးဇူးတော် သက်သက်ကြောင့်ပဲ ဖြစ်ပါတယ်။ နေ့ရက်အစဥ်တိုင်းက ဘုရားသခင်ပြင်ဆင်ပေးတဲ့ နေ့ရက်သစ်တွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့က ချီးမွမ်းတတ်တဲ့ အသက်တာဖြစ်ကြရအောင်ပါ။
ဒီကနေ့မှာ ကျွန်တော်ဝေငှချင်တာကတော့ ချည်နှောင်ခြင်းများကို ချိူးဖျက်မည့်သူ (Chain Breaker) ပဲဖြစ်ပါတယ်။ မာရ်နတ်ရဲ့လုပ်ရပ်ကတော့ သင့်တစ်ယောက်ကိုပဲမဟုတ်ဘဲ သင့်ရဲ့သားစဥ်မြေးဆက်ကိုပါ ဖျက်ဆီးဖို့ ကြံစည် ချောင်းမြောင်းနေတာ ဖြစ်တယ်။ မျိူးရိုးမှာပါလာတဲ့ အမင်္ဂလာတွေအားလုံးကို မင်္ဂလာပြန်ဖြစ်စေဖို့ ကတော့ ခရစ်တော်အားဖြင့်ပဲ ဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။
“လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။”(၂ကော5:17)
အင်္ဂလိပ်ကျမ်းစာထဲမှာတော့ ဖန်ဆင်းတယ်လို့ သုံးထားတယ်။ ဖန်ဆင်းခြင်းဆိုတဲ့ အရာက ဘုရားမှာပဲရှိတာ ဖြစ်ပြီး ဘုရားပဲလုပ်နိုင်တာဖြစ်တယ်။ သင်က ခရစ်တော်၌ရှိသွားတဲ့အခါ သင့်အသက်တာထဲမှာ ကျိန်ခြင်း အမင်္ဂလာတွေ ဘယ်လောက်ပဲ ပြည့်နှက်နေပါစေ၊ သင့်အထဲကနေ ဘုရားရဲ့တန်ခိုးတော်က ပြုပြင်ပေးခြင်းအားဖြင့် အသစ်ပြန်ဖြစ်ရတဲ့ အခွင့်ကို ဘုရားသခင်ပြန်ပေးတယ်။ ဘုရားသခင်က အကုန်လုံးကို ပြန်လည်ပြင်ဆင်ပေးတယ်။ ငါကတော့ ခရစ်ယာန်မိသားစုကနေ ပေါက်ဖွားလာတာပဲ ၊ ယုံကြည်သူ ခရစ်ယာန်တစ်ယောက်ပဲ ဆိုပြီး သင်ပေါ့ဆလို့မရဘူး၊ သင့်ရဲ့ရွေးချယ်မှူနဲ့ အများကြီးသက်ဆိုင်တယ်။
ယုံကြည်သူထဲမှာ ဘယ်လောက်ပဲပေါက်ဖွား ခဲ့ပါစေ အဲဒီ အမင်္ဂလာက သင့်ဆီမှာ ပါကို ပါလာတယ်။ သင်က သင့်မိသားစုထဲမှာ ဖြစ်ခဲ့တဲ့ အမင်္ဂလာ မှန်သမျှ သင်နဲ့လုံးဝမဆိုင်ဘူး၊ သင်က ယေရှုနဲ့ပဲသက်ဆိုင်တာဖြစ်တယ်၊ သင်ကနေစပြီး သင့်ရဲ့မျိူးဆက်အားလုံးက မင်္ဂလာဖြစ်တဲ့ မျိူးရိုးဖြစ်တယ်လို့ သင်က ယေရှုခရစ်တော်နာမနဲ့ ကြွေးကြော်ဝန်ခံနိုင်ရင် သင့်အသက်တာကနေစပြီး အမင်္ဂလာတွေအားလုံးက မင်္ဂလာဖြစ်စေတာကို သင်မြင်တွေ့ခံစားရပါမယ်။
ဣသရေလလူမျိူးတွေက ဘုရားနဲ့မှန်ရင်ကောင်းကြီးဖြစ်ပြီး ဘုရားနဲ့မမှန်တဲ့အခါမှာ သူများရဲ့ ကျွန်ဘဝကို ပြန်ရောက်နေရတယ်။ ခေတ်အဆက်ဆက်မှာ ကျွန်ဘဝကို ပြန်ပြန်ရောက်နေရတာ တွေ့ရတယ်။ အဲ့ဒီလို ကျွန်ဘဝကနေ လွတ်မြောက်ရတဲ့ အချိန်က ယေရှုခရစ်တော် ရောက်လာပြီးမှ သူတို့တွေ ကျွန်ဘဝကနေ လွတ်မြောက်ခွင့်ရခဲ့တယ်။
အာဗြံဟံက သူ့မိန်းမကို သူ့ညီမလို့ လိမ်ခဲ့သလို ဣဇက်ကလည်း သူ့မိန်းမကို သူ့ညီမလို့ လိမ်တယ်။ အာဗြံဟံလိမ်တဲ့ အချိန်က ဣဇက်မမွေးသေးပါဘူး၊ ဣဇက်ကနေ ယာကုပ်က လိမ်လည်ခြင်းကို ဆက်လုပ်နေပြန်တယ်။ ယာကုပ်ရဲ့သားတွေက လည်း ယောသပ်နဲ့ပတ်သတ်ပြီး ယာကုပ်ကို ပြန်လိမ်ခဲ့ကြတယ်။ ဒီလိမ်လည်ခြင်း အမင်္ဂလာတွေက ယောသပ်လက်ထက်မှာ လွတ်မြောက်ခွင့် ရခဲ့တာဖြစ်တယ်။ ယောသပ်ရဲ့ယုံကြည်မှု နဲ့ စွဲလမ်းမှုက သူ့မျိူးရိုးရဲ့ ကျိန်ခြင်း အမင်္ဂလာကို ပြတ်တောက်စေခဲ့တယ်။
သင့်အသက်တာမှာ လူစကားတွေကို သင်စိတ်မဝင်စားပဲ ဘုရားကတိတော်ကိုသာ သင်ဝန်ခံပြီး သင့်ယုံကြည်ချက်က ဘုရားကတိတော်အပေါ်မှာ တည်နေရင် ဘုရားကတိတော်က သင့်အတွက် ဖြစ်လာပါမယ်။ ယောသပ်က မင်္ဂလာပြန်ဖြစ်သွားပြီး ဘုရားမျက်နှာသာရသူ ချီးမြှောက်ခြင်းခံရသူ ဖြစ်လာခဲ့တယ်။
“ထိုကြောင့် ဘုရားသခင်ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူမျှဖြောင့်မတ်ရာသို့ မရောက် နိုင်ဟုထင်ရှားလျက်ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်း ခံရသောသူတိုင်း ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့်အညီ၊ ခရစ်တော်သည် ငါတို့ အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်၍၊”(ဂလာတိ 3:13)
“ထိုသူ၏ပြည့်စုံခြင်းမှလည်းကျေးဇူးတပါး၌ထပ်ဆင့်၍ကျေးဇူးတပါးကိုငါတို့ရှိသမျှသည်ခံရကြပြီ။”(ယောဟန်1:16)
ခရစ်တော်က ကျွန်တော်တို့ရဲ့ ကျိန်ခြင်းမင်္ဂလာကို ယူသွားခဲ့ပြီးဖြစ်တဲ့အတွက် ကျွန်တ်ောတို့ရဲ့ မျိူးရိုးမှာပါလာတဲ့ မကောင်းမသင့်တဲ့ အရာမှန်သမျှက ကျွန်တော်တို့နဲ့လုံးဝ မသက်ဆိုင်တော့ပါဘူး။ သစ်တိုင်ပေါ်မှာ ယေရှုခရစ် နာကျင်ခံပေးခဲ့တဲ့ အရာတွေကြောင့် ကျွန်တ်ောတို့က ကျေးဇူးခံစားခွင့် ရနေခြင်းဖြစ်ပြီး မင်္ဂလာရှိသောသူတွေ ဖြစ်ကြတယ်။
ဘုရားသခင်ဆီမှာ သင့်နေရာအရပ်ကို ကျယ်ဝန်းစေဖို့ သူတစ်ပါးကို ပြန်လည်ကူညီနိုင်တဲ့ အသက်တာဖြစ်ဖို့ သင်တောင်းပါ။ ဘုရားသခင်က သင့်ကို ကောင်းကြီးအလကားမပေးဘူး၊ သူများကို ပြန်ပေးတတ်တဲ့သူကိုပဲ ပေးနေတာဖြစ်တယ်။ ငါ့အတွက် လို့ ကြည့်ပြီးမှ ပေးတတ်သူကို ဘုရားသခင်က ကောင်းကြီးမပေးတာမဟုတ်ပါဘူး။ ဒါပေမယ့် သူတစ်ပါးကို ပေးဖို့အတွက်ပဲ စဥ်းစားနေသူကို တော့သာ၍ပေးအုံးမှာဖြစ်တယ်။
သင့်ကို သူတစ်ပါးက သင့်ရဲ့ကြီးမားတဲ့ ရူပါရုံထားရှိခြင်းကို လှောင်ပြောင်ကောင်း လှောင်ပြောင်ပါလိမ့်မယ်။ သင်ဂရုစိုက်ဖို့ မလိုဘူး၊ ဘုရားသခင်ရဲ့တတ်နိုင်ခြင်းကိုပဲ ဝန်ခံပါ။ လူတွေရဲ့ အမြင်အတွေး တွေကို ချိူးဖယ်လိုက်ပါ။ သင့်အတွက် မင်္ဂလာတွေ ဖြည့်ပေးဖို့ ယေရှုက လောကကို ကြွလာခဲ့ခြင်းဖြစ်တယ်။ ပေတရုရဲ့လှေကို ယေရှုက မလိုပါဘူး။ ပေတရုကို ငါးဖြည့်ပေးဖို့အတွက် လာခဲ့တာဖြစ်တယ်။
သင့်ရဲ့အသက်တာမှာလည်း များစွာသောမင်္ဂလာနဲ့ ဘုရားသခင် ဖြည့်ပေးချင်တယ်။ အဲ့ဒီအတွက်တစ်ခုပဲလိုတယ်။ ခရစ်တော်၌သင့်ရဲ့အသက်တာကို တည်ဆောက်ပါ။ခရစ်တော်၌တည်ဆောက်ခြင်းဆိုတာက သင့်ရဲ့အကြံအဥဏ် လူတွေရဲ့ အကြံဥာဏ်ကို ဖျောက်ပစ်လိုက်ပါ။ သင့်အစွမ်းအစနဲ့မဟုတ်ပဲ ဘုရားရဲ့မစမှုကြောင့် ဖြစ်တယ်ဆိုတာ သင်ဝန်ခံတတ်ပါစေ။ သင်ကမျိူးရိုးထဲမှာ ထူးခြားသောသူ မင်္ဂလာရှိသောသူ ဖြစ်ရမယ်။ သင်က ခရစ်တော်အားဖြင့် အောင်မြင်သောသူလို့ သင်ဝန်ခံ တတ်ရင် သင်က ချည်နှောင်ခြင်းများကို ချိူးဖျက်မယ့်သူ ဖြစ်လာပါမယ်။
“ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့အလိုငှါ၊ ဘုရားသခင်ပြင်ဆင်တော် မူသော အရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။”(၁ကော2:9)
ကျွန်တော်တို့က ခရစ်တော်၌ရှိတဲ့အခါ အရာအားလုံးက အသစ်ဖြစ်ခွင့် ရပြီဖြစ်တယ်။ ဘယ်သူ့ကြောင့် ဖြစ်ရသလဲ ဆိုရင်တော့ ယေရှုခရစ်တော်ကို ယုံကြည်လက်ခံ လိုက်တဲ့နောက် သင်ရဲ့အထဲကနေ ယေရှုခရစ်တော်က အသက်ရှင် ပေးနေပြီဖြစ်တယ်။ သင့်ရဲ့အသက်တာအားဖြင့် စာတန်ရဲ့အကြံအစည် အားလုံး ပျက်ယွင်းသွားစေပါ။ ယေရှုခရစ်တော်ကို ရတဲ့ မင်္ဂလာက သင့်ရဲ့အသက်တာမှာ ဘယ်လောက်ထိ ကြီးမြတ်သလဲဆိုတာ နားလည်ပြီး မျိူးရိုးမှာ ရှိနေတဲ့ အမင်္ဂလာကြိုးတွေ အားလုံးကို ဖြတ်တောက်သောသူများ ဖြစ်ကြပါစေလို့ ယေရှုခရစ်တော်နာမ၌ ဆုတောင်းကောင်းကြီး ပေးပါတယ်။