Daily bread
အားလုံးပဲမင်္ဂလာပါ။ ကျွန်တော်တို့အသက်တာမှာ နေ့ရက်အစဥ်တိုင်းက ချီးမွမ်းစရာအကြောင်းတွေပဲ ဖြစ်နေပါတယ်။ နေ့ရက်အစဥ်တိုင်းမှာ တစ်ခုပြီးတစ်ခု ဖွင့်ပြပေးနေတဲ့ သန့်ရှင်းသော ဝိညာဥ်တော်ကို ချီးမွမ်းပါတယ်။ ဒီကနေ့ ကျွန်တော် ဝေငှချင်တဲ့အရာလေးကတော့ “ရွေးချယ်မှူမမှားပါစေနဲ့” ဖြစ်ပါတယ်။ သင်ရွေးချယ်မှူမမှားတဲ့ အပေါ်မှာ သင့်ရဲ့ အနာဂတ် ကောင်းခြင်းနဲ့ ဆိုးခြင်းက မူတည်သွားလိမ့်မယ်။ ရွေးချယ်မှူက သိပ်အရေးကြီးပါတယ်။ သင့်ဘဝက သင်ရွေးချယ်တဲ့ အတိုင်းသင်ဖြစ်နေတာ၊ သင်ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ သင်လုပ်ချင်တာ သင်လုပ်နိုင်ပါတယ်။ ဒါပေမယ့် သင့်အနာဂတ်ကတော့ သင်ရွေးချယ်တဲ့အတိုင်း သင်ဖြစ်လာလိမ့်မယ်။ သင်လုပ်ချင်တိုင်း လုပ်တဲအပေါ်မှာ သင့်ရဲ့အကျိူး ရလဒ်တွေရှိနေမယ်။
သင်ကောင်းတာပဲရွေးရွေး ဆိုးတာပဲရွေးရွေး အဲ့ဒီနောက်မှာ ပါလာမယ့် အကျိူးဆက်ကိုတော့ သင်ငြင်းလို့မရပဲ သင်ရင်ဆိုင်ရမှာဖြစ်တယ်။ သင့်ဆီကို တိုက်ရိုက် တည့်တည့်ကြီး ရောက်လာမှာဖြစ်တယ်။ သင့်ရွေးချယ်မှူပေါ်မှာ မူတည်ပါတယ်။ ဧသောက သားဦးအရာကို မရွေးချယ်နိုင်ခဲ့ဘူး၊ ပဲဟင်းတစ်ခွက်ကို ရွေးချယ်တဲ့အတွက် သူ့အသက်တာမှာ ဝမ်းနည်းစရာတွေ ပြန်ဖြစ်လာခဲ့တယ်။ ယာကုပ်ကတော့ သားဦးအရာကိုရွေးချယ်ခဲ့တဲ့အခါ မင်္ဂလာတွေ ဖြစ်လာတယ်။ ယာကုပ်ကနေ ဣသရေလဖြစ်လာခဲ့တယ်။ ဘာဖြစ်လို့လဲ?.... သူတို့ရဲ့ရွေးချယ်မှူကြောင့်ပဲဖြစ်တယ်။ သင့်ဘဝရဲ့ဒီကနေ့ ရွေးချယ်မှူက နောင်လာမယ့်အနာဂတ်မှာ ကောင်းကြီးမင်္ဂလာဖြစ်စေသလို ရွေးချယ်မှူမှားရင်လဲ အမင်္ဂလာ ဖြစ်သွားနိုင်တယ်။
“အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းကြီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်ဟု သင့်တဘက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။သို့ဖြစ်၍၊ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည် အကြောင်းနှင့်၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ်၍ စကားတော်ကို နားထောင်သ ဖြင့်၊ အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်း အကျိုးကို ပေးတော်မူသော ကိုယ်တော်ကို ဆည်းကပ်မှီဝဲ မည် အကြောင်းနှင့်၎င်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေး အာဗြံဟံ ၊ဣဇက်၊ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်၌ နေမည်အကြောင်းနှင့်ယှဥ်သော အသက်တရားကို ရွေးယူလော့ဟု ဣသရေလအမျိူးအား ဟောပြော၏။”(တရားဟော 30:19-20)
ဒါဝိတ်ကတော့ ဂေါလျက်အကြောင်း မစဥ်းစားဘူး၊ ဣသရေလ တပ်တစ်ခုလုံးက ဂေါလျက် ဘယ်လောက် ကြီးကြောင်း ဘယ်လိုစစ်ပွဲမှာ အောင်နိုင်ကြောင်း၊ ဂေါလျက်မှာဘာတွေရှိကြောင်း စိတ်ဝင်စား ရွေးချယ်ပြောဆိုပြီး ကြောက်လန့်နေချိန်မှာ ဒါဝိတ်ကတော့ ဂေါလျက်ကို လုံးဝစိတ်မဝင်စားဘူး၊ ဒါဝိတ်က သူ့ဘုရားအကြောင်းပဲ ရွေးချယ် ချီးမွမ်းနေတာဖြစ်တယ်။ ငါ့ဘုရားကတော့ ခြင်္သေ့ကနေအောင်မြင်ခြင်းကို ပေးတဲ့ဘုရား ဝက်ဝံကနေအောင်မြင်ခြင်းကို ပေးတဲ့ဘုရား၊ အရာခပ်သိမ်းကနေ အောင်မြင်ခြင်းကို ပေးတဲ့ဘုရား၊ ဒီဂေါလျက်ကိုလည်း အောင်မြင်ခြင်းကို ပေးအုံးမှာဖြစ်တယ် လို့ပဲ သူရွေးချယ်ဝန်ခံတယ်။ သင်စဥ်းစားနေတဲ့အရာက သင်ရွေးချယ်တဲ့အရာဖြစ်တယ်။
ဒါဆိုရင် သင်ဘာစဥ်းစားရမလဲ? ကျမ်းစာထဲက နမိတ်လက္ခဏာတွေ အကြောင်းသင်စဥ်းစားရမယ်။ ကျမ်းစာထဲမှာ ထားရှိတဲ့ ဘုရားကတိတော်တွေကို မှတ်ယူရမယ်။ ကျမ်းစာထဲက အရာတွေက သင့်ကို အလကားပေးဖတ်ခိုင်းထားတာ မဟုတ်ဘူး၊ ကျမ်းစာထဲမှာ သူတို့ကို ဒီလိုလုပ်ပေးနိုင်ခဲ့တာ ငါ့ကိုလဲ လုပ်ပေးမယ်ဆိုတာ သင်သိဖို့ ထည့်ထားပေးတာ ဖြစ်တယ်။ သင်က ပတ်ဝန်းကျင်အခြေအနေကိုပဲ လိုက်ကြည့်ပြီး စဥ်းစားနေရင် သင့်ကို အဲ့ဒီအရာတွေက လွှမ်းမိုး သွားလိမ့်မယ်။ ငါဘုရားကိုပဲ ယုံမယ်၊ ငါဘုရားကိုပဲ စိတ်ချမယ်၊ ဘုရားနှုတ်ကပတ်တော်မှာပဲ ငါရပ်တည်မယ်လို့ ဆုံးဖြတ်ချက် သင်ချနိုင်ရင် အဲ့ဒါ သင့်ရဲ့ရွေးချယ်မှူပဲ ညီအစ်ကို မောင်နှမတို့။
တရားဟောရာကျမ်း 30:19-20 မှာ နှုတ်ကပတ်တော်က ရွေးချယ်စရာတွေထဲက အသက်တရားကို ရွေးယူဖို့ ဣသရေလ အမျိူးသားတွေကို မောရှေကပြောနေတာဖြစ်တယ်။
“ငါမူကား၊ ထာဝရဘုရားကို မြော်လင့်မည်။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူမည်။”(မိက္ခာ7:7)
ဒီမတိုင်ခင် အငယ် ၁ကနေ၆မှာဆိုရင် လောကကြီးရဲ့ဆိုးညစ်မှူတွေကို တွေ့ရတယ်။ အဲ့လောက်ဆိုးညစ်နေတဲ့ အချိန်မှာ သူမျှော်လင့်တာ သူရွေးချယ်တာက ဘုရားသခင်ကိုပဲ ဖြစ်တယ်။ သင့်အသက်တာမှာ ရွေးချယ်မှူမမှားပါစေနဲ့လို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ သင်က ချည်နှောင်ခြင်းကို ရွေးချယ်လို့ရတယ်။ ခွင့်လွှတ်ခြင်းကို သင်ရွေးချယ်လို့ ရတယ်။ ချည်နှောင်ခြင်းကို သင်ရွေးချယ်ရင် သင့်ရဲ့အသက်တာက ဝန်ထုပ်ဝန်ပိုးနဲ့ လေးလံပြီး သင်နစ်မွန်းနေလိမ့်မယ်။ ချည်နှောင်ခြင်းကို သင်ရွေးချယ်ရင် သင့်ရဲ့အသက်တာက ပေါ့ပါးပြီး တက်ကြွလန်းဆန်းမှူတွေနဲ့ အောင်မြင်ခြင်းကို မြင်တွေ့ရလိမ့်မယ်။ ဘုရားက သင့်ကို ခွင့်လွှတ်ခြင်းကို ရွေးချယ်ခိုင်းတာက သင့်အတွက်ပဲဖြစ်တယ်။
“ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ် သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ့၏ အသက်ခိုလှုံရာဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း။ငါ့ကိုအငြိုးထားသော ရန်သူလူဆိုးတို့သည်၊ ငါ့အသားကို ကိုက်စားမည်ဟု လာကြသောအခါ၊ ခြေ တိုက်မိ၍ လဲကြ၏။ငါတဘက်၌ တပ်ချကြသော်လည်း၊ ငါ့နှလုံး မကြောက်တတ်။ စစ်ချီ၍လာကြသော်လည်း၊ ထိုအမှုတွင် ပင် တည်ကြည်သော စိတ်ရှိလိမ့်မည်။ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော် ကို ဖူးမြင်၍၊ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလိုငှါ၊ ထာဝရဘုရား၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်။”(ဆာလံ 27:1-4)
ဘုရားရဲ့မျက်မှောက်တော်ထဲမှာပဲ နေဖို့အတွက် ရွေးချယ်မှူကိုတွေ့ရတယ်။ လူတွေဘယ်လိုပဲ ကဲ့ရဲ့ရှုတ်ချ ပြစ်တင်ပါစေ၊ ငါကတော့ ဘုရားသခင်ကိုပဲရွေးချယ်မယ်၊ ဘုရားရှေ့မှာပဲ ဒူးထောက်မယ် ဆိုတဲ့ ဒါဝိတ်ရဲ့ နှလုံးသားကို မြင်ရတယ်။ ကမ္ဘာဦးမှာကတည်းက ဘုရားက စားစရာတွေ အများကြီးပေးထားရဲ့သားနဲ့ မစားအပ်တဲ့ အသီးကို စားဖို့ရွေးချယ်မိလို့ လူသားတစ်မျိူးလုံးက အပြစ်သားဘဝကို ရောက်ခဲ့ရတယ်မဟုတ်ဘူးလား?
ဒါကြောင့် မောရှေက ဣသရေလလူမျိူးတွေကို ဘာပြောလဲ ဆိုတဲ့အခါမှာ မင်းတို့ရှေ့မှာ ကျိန်ခြင်းနဲ့ ကောင်းကြီးမင်္ဂလာ၊ သေခြင်းနဲ့ အသက်ရှင်ခြင်း တွေကို ရွေးချယ်ဖို့အတွက် ချထားတယ်။ မင်းတို့ ဘုရားကို ရွေးချယ်မယ် ဆိုရင်တော့ မင်းတို့ အသက်တာထဲမှာ လာမယ့်အနာဂတ်က အသက်ရှင်ခြင်းပဲဖြစ်လိမ့်မယ်။ တန်ခိုးကြီးသော လက်တော် အောက်မှာ မိမိကိုယ်ကိုနှိမ့်ချလို့ နှုတ်ကပတ်တော်ရှိထားတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဝန်ခံပြီး နာခံ လိုက်လျှောက်ရင် အသက်တာမှာ ကောင်းကြီးတွေနဲ့ ပြည်လျှံနေမှာ ဖြစ်တယ် လို့ပြောနေတာဖြစ်တယ်။
ကိုယ့်အမှုအရာအကုန်လုံးကို ထာဝရဘုရား၌အပ်၊ ကိုယ်တော်ကို ကိုးစား၊ သို့ပြုလျင် စီရင်သွားလိမ့်မယ်လို့ နှုတ်ကပတ်တော် ရှိထားပြီး ဖြစ်တယ်။ ဘုရားသခင်က သူ့ကို ရွေးချယ်ခိုင်းတာ သူ့စကားကိုရွေးချယ်ခိုင်းတာ ၊ ခံစားချက်ကို မရွေးချယ်ပါနဲ့ ညီအစ်ကို မောင်နှမတို့၊ သင့်ရဲ့ခံစားချက်က သင့်ကို ဖျက်ဆီးသွားလိမ့်မယ်။ အမင်္ဂလာတွေ ဖြစ်စေလိမ့်မယ်။ သင်ဘာကို ရွေးချယ်လဲ? ဧဒင်ဥယျာဥ်ထဲက လူယောက်ျားနဲ့ လူမိန်းမကတော့ ဘုရားမစားခိုင်းတဲ့ အသီးကို ရွေးချယ်လိုက်တယ်၊ သေခြင်းကို ရွေးချယ်လိုက်တယ်။
ရွေးချယ်မှု မမှားပါစေနဲ့၊ ဇာတိနဲ့ရွေးချယ်ရင် ဇာတိအသီးကို ပြန်စားရလိမ့်မယ်။ ဝိညာဥ်သဘောနဲ့ သင်ဆုံးဖြတ်လိုက်ရင် သင့်လာမယ့် အနာဂတ်က မင်္ဂလာစပြီ။ သင်ပဲ မင်္ဂလာစတာမဟုတ်ဘူး၊ သားစဥ်မြေးဆက် မင်္ဂလာတွေ ခံစားရမှာဖြစ်တယ်။ ဘုရားသခင်က ကျွန်တော်တို့ရဲ့ ဝမ်းမြောက်စရာပဲဖြစ်တယ်။
“သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်း ဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတဘက်၌ ဘိုးဘေးတို့ဝတ်ပြု သောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ် လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်”(ယောရှု 24:15)
ဘုရားက အာဗြံဟံကိုမင်းအမျိူးထဲကနေထွက်ခဲ့လို့ပြောတဲ့အခါမှာ အာဗြံဟံချက်ချင်းထွက်ခဲ့တယ်။ သူဘုရားကို ရွေးချယ်ခဲ့တယ်။အာဗြံဟံက သူ့အမျိူးကိုမရွေးချယ်ခဲ့ဘူး၊ သူ့ဘုရားကိုပဲ သူရွေးချယ်ခဲ့တယ်။ အဲ့ဒီအခါမှာ ဘုရားက သင့်ကို ကောင်းကြီး ပေးသောသူကို ငါကောင်းကြီးပေးမည်၊ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်လို့ အာဗြံဟံနဲ့ ပဋိညာဥ် ပြုခဲ့ပြီလေ။
ကောင်းကြီးမင်္ဂလာက နေရာနဲ့ဒေသနဲ့မဆိုင်ပါဘူး။ အဲ့ဒီ နေရာက ဘယ်လောက်ပဲ ကျိန်ခြင်းအမင်္ဂလာနဲ့ ပြည့်နေပါစေ၊ သင်က ဘုရားကိုပဲရွေးချယ်ခဲ့ရင် ဘုရားကို နံပါတ်တစ်နေရာမှာ ထားမယ်ဆိုတဲ့အသက်တာဖြစ်ရင် သင်နင်းတဲ့ မြေက အမင်္ဂလာဖြစ်နေရင်တောင်မှ သင်နင်းပြီးတဲ့အခါမှာ သင့်အားဖြင့် မင်္ဂလာအဖြစ် ပြောင်းလဲသွားရတဲ့အခွင့်ကို ဘုရားက ဖြစ်စေတာဖြစ်တယ်။ သင်က အသက်ရှင်ခြင်း ကောင်းကြီးမင်္ဂလာကို သင်ရွေးချယ်လို့ဖြစ်တယ်။
“မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။”(ဆာလံ 1:1-2)
နှုတ်ကပတ်တော် မရှိတဲ့သူတွေဆီက အကြံဥာဏ်တွေ လိုက်မယူကြပါနဲ့၊ သူတို့ဘာသာ သူတို့ ဘယ်လောက်ပဲ ချမ်းသာနေပါစေ သူဘယ်လောက်ပဲအောင်မြင်နေပါစေ သင်မှတ်ထားရမှာက သင်ကဘုရားသားသမီးဖြစ်ပြီး သူများရဲ့ အကြံဥာဏ်နဲ့ အသက်ရှင်ရမှာ မဟုတ်ဘူး၊ ဘုရားသခင်ဆီကလာတဲ့ ဖွင့်ပြချက်နဲ့ အသက်ရှင်ရမှာဖြစ်တယ်။ သူတို့မှာ good idea လေးပဲရှိတာဖြစ်ပြီး သင့်မှာက God idea နဲ့အသက်ရှင်နိုင်တာဖြစ်တယ်။ သူတို့ထက် ဘုရားက ချီးမြှောက်နိုင်တယ်။
မတရားသောသူတွေရဲ့ တိုက်တွန်းခြင်းတွေကို သင်လိုက်နေလား? သင်နောင်တရပြီး ပြန်လှည့်ပါ။ ဒီအတိုင်း သင်ဆက်သွားနေရင် သင့်အနာဂတ်က ဝမ်းနည်းဆုံးရှူံးခြင်းတွေနဲ့ ကြေကွဲမှူတွေပဲ သင်ရလိမ့်မယ်။ ကျမ်းစာဖတ်တာတွေ ဘာတွေ နားမလည်ပဲ ကိုယ်ကြိုးစားမှ ကိုယ်ရတာဆိုပြီး မထီမဲ့မြင်စကားပြောသူတွေကြားမှာ သင်မနေပါနဲ့။ ဘုရားက အသက်ရှင်ခွင့်မပေးရင် ခြေတစ်လှမ်းတောင်မှ လှမ်းလို့မရဘူး၊ ဒါကြောင့် ကျွန်တော်တို့ ဘုရားကိုပဲ ရွေးချယ်ရမယ်။ နှုတ်ကပတ်တော် မရှိတဲ့ အသိုင်းအဝိုင်းမှာ သင်မရှိနေပါနဲ့။
ဘုရားသခင်ကို ရွေးချယ်ပြီး နှုတ်ကပတ်တော်ရှိတဲ့ အသိုင်းအဝိုင်းထဲမှာ သင်ရှိနေခဲ့ခြင်းက တစ်နေ့ကျရင် သင့်ကို အဲ့ဒီလူတွေအရှေ့မှာ ဘုရားသခင်က ချီးမြှောက်လိမ့်မယ်။ အာဗြံဟံနဲ့လောတ တို့လမ်းခွဲတဲ့အခါမှာ အမြင်အားဖြင့် ရွေးချယ်ခဲ့တဲ့ လောတရဲ့အသက်တာက နောက်ဆုံးမှာ ဆုံးရှုံးခြင်းသာဖြစ်ခဲ့ရတယ်။ သူ့မျိူးရိုးက မောဘနဲ့အာမုန်ဆိုတဲ့ မျိူးရိုးဖြစ်လာပြီး တစ်သက်လုံး ဣသရေလလူမျိူးတွေကို ဒုက္ခပေးလို့ နောက်ဆုံးမှာ ဘုရားကျိန်ခြင်းခံရတဲ့ မျိူးရိုးဖြစ်သွားခဲ့ ရတယ်။
နောမိရဲ့အသက်တာကို ဆင်ခြင်ရင် ဗက်လင်မြို့ ဘုရားသခင်ကို ကိုးကွယ်တဲ့အသိုင်းအဝိုင်းကနေ ထွက်လာပြီးတော့မှ ရုပ်တုဆင်းတု ကိုးကွယ်တဲ့ မောဘပြည်ကို ပြောင်းရွှေ့နေထိုင်ခဲ့တဲ့ အခါမှာ ယောကျ်ားလဲသေ သားတွေလဲ သေခဲ့တယ်။ နောက်ဆုံးဘာလုပ်ရမလဲ မသိတော့တဲ့အခြေအနေမှာ မောဘကနေ ဗက်လင်ကို ပြန်လာခဲ့တယ်။ နောမိပြန်လာတဲ့အခါမှာ တစ်ယောက်တည်းမဟုတ်ပဲ ချွေးမဖြစ်တဲ့ ရုသက ပါလာခဲ့တယ်။ ရုသက နောမိနဲ့နေစဥ်တစ်လျှောက်မှာ နောမိကိုးကွယ်တဲ့ ဘုရားက အသက်ရှင်တဲ့ ဘုရားဖြစ်ကြောင်း အမြဲကြားနေသူဖြစ်တယ်။ ရုသက မောဘဆိုတဲ့ အမင်္ဂလာ အနွယ်ထဲက ဖြစ်ပေမယ့် ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းတဲ့ဘုရားကို ငါကိုးကွယ်မယ်လို့ ရွေးချယ်ခဲ့တဲ့အခါမှာ ဒါဝိတ်ရဲ့အဖွားအဖြစ်နဲ့ မင်္ဂလာရှိတဲ့ မျိူးရိုး ပြန်ဖြစ်လာခဲ့တယ်။
ဒါကြောင့် ယခုမှာ သင်ဘာတွေကို ရွေးချယ်နေလဲ? လောကကို သွားမအားကိုးမိပါစေနဲ့။ အချိန်တန်ရင် သင့်ကို ချီးမြှောက်မှာ ဘုရားပဲ၊ ကျိူင်းကောင်စားသွားတဲ့ အရေအတွက်ကို ခုနှစ်ဆပြန်ပေးမှာလဲ ဘုရားပဲ။ သင်ရဲ့ဝမ်းနည်းခြင်း မျက်ရည်တွေကို သိမ်းထားပြီး အဲ့ဒီမျက်ရည်တွေအစား ဝမ်းမြောက်ခြင်းမျက်ရည်တွေ ပြန်ပြီးတော့ စီးကျလာအောင် လုပ်ပေးမှာက ကျွန်တ်ောတို့ကိုးကွယ်တဲ့ အသက်ရှင်သောဘုရားဖြစ်တယ်။
သင့်ဘက်မှာ ဘယ်သူမှမရှိခဲ့ရင်တောင်မှ သင့်ဘက်မှာ ဘုရားရှိနေတယ်ဆိုတာသိပြီး လောကထက် ဘုရားကိုပဲရွေးချယ် အားကိုးတတ်သူများ ဖြစ်ကြပါစေ။ အယောက်စီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေ။