Daily Bread

Mar 30, 2024    Pastor David Lah


ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင်၊ ဆုံးရှုံးခြင်းသို့ရောက်သော သူတို့အားသာ ဖုံးအုပ်လျက်ရှိ၏။ ထိုသို့မယုံကြည်သောသူတိုကား၊ ဘုရားသခင်၏ ပုံသဏ္ဌာန်တော် တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော

ဧဝံဂေလိတရား၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသော ဘုရားသည်သူတို့၏ ဥာဏ်မျက်စိကို ကွယ်စေ၏။ (၂ကော4:3-4)


            ဒီကနေ့ ကျွန်တော်တို့ဒီနှုတ်ကပတ်တော်ကို ဆင်ခြင်သွားကြရအောင်ပါ။ “ဧဝံ‌ဂေလိတရား”တနည်းအားဖြင့် ပြောရရင် ကောင်းသတင်း ကိုပြောနေတာဖြစ်တယ်။ ဘာကောင်းသတင်းလဲဆိုရင် ယေရှုခရစ်တော်က မိမိရဲ့ အပြစ်တွေကြောင့် ငရဲ သွားရမယ့် သူတွေ အားလုံးအတွက် လက်ဝါးကပ်တိုင်မှာ လာပြီးတော့ အသက်သေခံခဲ့တယ်။ သုံးရက်မြောက်တဲ့နေ့မှာ ရှင်ပြန်ထမြောက်ခဲ့တယ်။ ဘုရားသခင်ရဲ့သားတော်ကို ယုံကြည်တဲ့သူတွေက ထာဝရအသက်ကို ရမယ်ဆိုတဲ့ ဒီသတင်းစကားနဲ့ ယေရှုခရစ်တော်ကြောင့် ငါကထာဝရအသက်ကို ရပြီဆိုတာ သဘောမပေါက်သေးတဲ့ သူတွေက ဖုံးကွယ်ခြင်း ခံထားရသူတွေ ဖြစ်တယ်။မယုံနိုင်တဲ့သူတွေ ဖုံးကွယ်ခြင်းခံထားရသူတွေရဲ့ အသက်တာက စာတန်လုပ်နေတာဖြစ်တယ်။ ဧဝံ‌ဂေလိစကားကို မယုံနိုင်ခြင်းက သူတို့ရဲ့ဆုံးရှုံးခြင်းဖြစ်နေတယ်။ အလင်းကို မမြင်ရအောင် မှောင်မိုက်နဲ့ မျက်စိကို ဖုံးအုပ်ထားတာက ဒီလောကကို အစိုးရတဲ့စာတန်ဖြစ်တယ်။ သူက ဧဝံဂေလိ သတင်းစကားကို မကြားစေချင်ဘူးဖြစ်တယ်။

               ဒီခေတ်က မဟုတ်တာက အဟုတ်ဖြစ်နေပြီး မကောင်းတာလုပ်သူကို ကိုယ်ကသွားပြီး ပြောလို့မရတဲ့ ခေတ်ဖြစ်နေတယ်။ ဒါကသူတို့ရဲ့ လွတ်လပ်စွာ ရွေးချယ်မှုလို့ ခံယူနေကြတယ်။ ကောင်းတာလုပ်တဲ့သူကျပြန်တော့ လုပ်ခွင့်မရှိပြန်ဘူး။ မကောင်းတာကို အကောင်း၊ အကောင်းကျတော့ မကောင်း။ အလင်းနေရာမှာ မှောင်မိုက်၊ မှောင်မိုက် နေရာမှာ အလင်း၊ အချိူနဲ့အခါး နေရာမှားနေတဲ့ ခေတ်ကာလဖြစ်နေတယ်။ ဒီလောကကို အစိုးရတဲ့ဘုရား လို့စာတန်ကို ပြောထားတယ်၊ ဒီလောကကို အစိုးရတဲ့ဘုရားက ဒီလောကထဲမှာ အသက်ရှင်နေထိုင်နေတဲ့ သင့်ကို အစိုးမရဖို့ သိပ်အရေးကြီးတယ်။

               သင့်ရဲ့အရှင်က ဘယ်သူလဲဆိုတာ သင်သိဖို့အရေးကြီးတယ်။ သင့်ရဲ့အသက်တာမှာ အခွင့်မပေးမိဖို့ အရေးကြီးတယ်။ ယေရှုခရစ်တော်အားဖြင့် ထာဝရအသက်ကို ရထားတဲ့ ကျွန်တော်တို့က လောကကို အစိုးရတဲ့ဘုရားရဲ့ လက်အောက်မှာ မရှိဘူး။ ကျွန်တော်တို့က ခရစ်တော်နဲ့ဆိုင်သောသူသာ ဖြစ်တယ်။ မှောင်မိုက်ထဲကလူ မဟုတ်ပဲ အလင်းထဲမှာ အသက်ရှင်ခွင့်ရသူတွေ ဖြစ်သွားခဲ့ပြီ။


တဖန်ဘုရားသခင်က ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန် အပေါင်းတို့ကို၎င်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန် တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊အချင်းတို့ များပြားစွာ မွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊သူတို့ကို ကောင်းကြီးပေးတော်မူ၏။ (ကမ္ဘာ 1:26-28)


                  ဘုရားက လူကိုဖန်ဆင်းပြီးတဲ့အခါ  အုပ်စိုးခြင်းအာဏာအပြည့် လူကိုပေးထားတာဖြစ်တယ်။ မြေကြီးပေါ်မှာ သင့်ကို ဘယ်သူမှ မနိုင်စေရဘူး။ ဘုရားက လူကိုဖန်ဆင်းပြီးတဲ့အခါမှာ လူကို ကောင်းကြီးပေးထားတာဖြစ်တယ်။ ဘုရားက အုပ်စိုးခြင်းအာဏာ လူကိုပေးထားတာ ဖြစ်လျက်သားနဲ့ လောကရဲ့ ဘုရားက ဘာဖြစ်လို့ စာတန်ဖြစ်သွားရတာလဲ?


ထာဝရအရှင်ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညက် ထားတော်မူ၏။(ကမ္ဘာ 2:16-17)


                 လူကို ဘုရားသခင်ဖန်ဆင်းကတည်းက အုပ်စိုးခြင်းအာဏာနဲ့တစ်ကွ ကောင်းကြီးပေးထားပေမယ့် ကျွန်တော်တို့က မသိသလိုဖြစ်နေကြတယ်။ စာတန်က ထိုအသီးကိုစားရင် ဘုရားကဲ့သို့ ဖြစ်မယ်လို့ လူကိုပြောတာဖြစ်တယ်။ ဘုရားစားခိုင်းတဲ့ အရာထက် ဘုရားမစားခိုင်းတဲ့ အစာကို အာဒံတို့စားလိုက်မိတဲ့ နေ့ကစပြီး သူတို့က အုပ်စိုးခြင်းအာဏာမရှိတော့ပဲ စာတန်က ယူသွားနိုင်ခဲ့တာဖြစ်တယ် ။စာတန်က ဘယ်လိုယူလို့ရတာလဲ? ဘုရားစကားကို ဝန်ခံသောသူရဲ့အသက်တာက ဘုရားအုပ်စိုးလို့ရတယ်။ လောကစကားကို ဝန်ခံလိုက်ရင် လောက ကသင့်ကို အုပ်စိုးသွားလိမ့်မယ်။ ဘုရားစကားကို ဝန်ခံသူအတွက် ဘုရားသခင်ရဲ့အုပ်စိုးခြင်း မင်္ဂလာအားလုံးက သင့်အသက်တာထဲမှာ အုပ်စိုးလို့ရသွားပြီး ဘုရားစကားကို မဝန်ခံပဲနဲ့ လောကစကားကို သင်ကဝန်ခံလိုက်ရင် လောကကသင့်ကို အုပ်စိုးခွင့် စာတန်က အုပ်စိုးခွင့် ရသွားတာဖြစ်တယ်။

            အခုအာဒံက စာတန်ရဲ့စကားကိုသွားယုံလိုက်မိတာဖြစ်တယ်။ စာတန်လိုချင်တာ လည်းအဲ့ဒါပဲဖြစ်တယ်။ ဒီနေ့ လောကမှာ ဘုရားစကားထက် လောကစကားကို ပိုယုံစေချင်တယ်။ ဘုရားစကားထက် သတင်း မီဒီယာတွေကို ပိုယုံစေချင်တယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ရှူံးနိမ့်နေကြတယ်။ ဘုရားစကားထက် လောကရဲ့ သတင်းမီဒီယာကို ဦးစားပေး ယုံနေသရွေ့ သင့်ဆီမှာ အပျက်သဘော အတွေးတွေပဲ ပြည့်နေမယ်။ နောက်ဆုံး ဘုရားစကားကိုတောင် သင်က အကောင်းမမြင်နိုင်တော့ဘူး။ ဒီကျမ်းစာကြီးက လူတွေရေးထားတာပါ၊ အလကားပါလို့ သင်တွေးလာမယ်။အဲဒါစာတန်ရဲ့  အကြီးမားဆုံးလက်နက်ပဲ၊ ဒါက အကြီးမားဆုံးသော ကျရှုံးမှုပဲ။


                         သင့်ရဲ့အသက်တာထဲမှာ ဘုရားသခင်ရဲ့ အုပ်စိုးခြင်းနဲ့အတူ ဘုရားသခင်ရဲ့ဘုန်းလွှမ်းခြုံခြင်းကို ခံစားချင်ရင် ဘုရားစကားကို များများသွင်းထားပါ။ မောရှေက ဘုရားစကားကို သိနတောင်ပေါ်မှာ ရက်လေးဆယ်လုံးလုံးနားထောင်ပြီး ပြန်ဆင်းလာတဲ့အချိန်မှာ သူ့မျက်နှာက သူများမကြည့်နိုင်လောက်အောင် အရောင် ထွန်းတောက်နေတယ် လို့နှုတ်ကပတ်တော် ပါရှိထားတယ်။ ဘုရားစကားကိုပဲ နားထောင်တဲ့သူမှာ ဘုရားရဲ့ဘုန်းက သူ့ကို လွှမ်းခြုံထားတယ်။ သင့်ရဲ့အသက်တာကို ကြည့်တာနဲ့ ဒီလူမှာ ဘုရားပါတယ် ဆိုတာကို သိသွားတဲ့ အသက်တာမျိူး ဘုရားသခင်က အလိုရှိတယ်။ သင့်ရဲ့ အသက်တာထဲမှာ ဘုရားဘုန်းနဲ့ လွှမ်းခြုံလို့ ရအောင် ဘုရားစကားကို ပဲစွဲလမ်းနေရမယ်။ ဒါပေမယ့် အာဒံက စာတန်ရဲ့စကားကို ဝန်ခံလိုက်တာနဲ့ စာတန်က အာဒံရဲ့ အုပ်စိုးခြင်းအာဏာကို သူယူလိုက်တယ်။ လောကကို အုပ်စိုးခြင်း အာဏာ ပေးခြင်းခံထားရတဲ့ အာဒံက လောကရဲ့ဘုရားဖြစ်ခွင့်ပေးခြင်းခံထားရပေမယ့် အာဒံက စာတန်ရဲ့စကားကို နာခံလိုက်မိတဲ့အချိန်ကစပြီး အာဒံက စပြီးရှုံးနိမ့်သွားပြီ။


ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။(မဿဲ 4:3-4)


                       စာတန်က အာဒံကို လုပ်လို့ရသလို ယေရှုကိုလဲ လုပ်လို့ရမယ်လို့ထင်နေခဲ့တာဖြစ်တယ်။ ယေရှုက စာတန်ရဲ့ ခေါင်းကို ကြိတ်တော့မှာ ။ ယေရှုက စာတန်ကို ပြန်ပြောလိုက်တဲ့အရာက မင်းစကားနဲ့အသက်ရှင်ဖို့ ဒီလောကကို ငါလာခဲ့တာ မဟုတ်ဘူး။ ငါက ဘုရားစကားနဲ့အသက်ရှင်ဖို့ ဒီလောကကို လာခဲ့တာဖြစ်တယ်။ ဘုရားစကားကို ဝန်ခံဖို့ ငါလာတာ။ ဘုရားမိန့်တဲ့ စကားအတိုင်း ငါအသက်ရှင်မယ်လို့ ပြောတဲ့အခါ မာရ်နတ်က အထံ‌တော်ကထွက်သွားခဲ့ရတယ်။ အာဒံကို လုပ်လို့ရသလို ယေရှုကို လုပ်လို့ရမယ်လို့ စာတန်ထင်ထားတာ။ လုပ်လို့မရတဲ့အပြင် အာဒံဆီက စာတန်လုယူသွားတဲ့ အခွင့် အာဏာတွေကို လက်ဝါးကပ်တိုင်ပေါ်မှာ ယေရှုခရစ်တော်က အသက်စွန့်ပေးပြီး အသေခံပြီးတော့ ပြန်ယူပေးခဲ့တာ ဖြစ်တယ်။

              ယေရှုက အသေခံခဲ့တာဖြစ်တယ်။ အသတ်ခံရတာမဟုတ်ဘူး ဆိုတာကို ဘယ်မှာတွေ့ရလဲဆိုရင် ယေရှုကို ဖမ်းဖို့လာတဲ့သူတွေက ယေရှုကိုမသိလို့ ဘယ်သူကယေရှုလဲလို့မေးတဲ့အခါမှာ ယေရှုက ငါပဲလို့ပြန်ပြောချိန်မှာ ကြားတဲ့သူတွေ အားလုံးက နောက်ပြန်လဲကျကုန်တယ်။ သူ့ကို ဘယ်သူမှမဖမ်းနိုင်ဘူး၊ ဖမ်းတဲ့သူတွေအားလုံးက အကုန် မြေပေါ်မှာ လဲကျကုန်တာဖြစ်တယ်။ ရှင်းရှင်းလေးပါ၊ ငါအဖမ်းမခံရင် ငါ့ကိုဘယ်သူမှလာဖမ်းလို့မရဘူး၊ ငါအသေမခံရင် ငါ့ကို ဘယ်သူမှ လာသတ်လို့မရဘူး ဆိုတာကို ပြလိုက်ခြင်းပဲဖြစ်တယ်။ သူသာအသေမခံခဲ့ရင် ကျွန်တော်တို့သေရမှာဖြစ်တယ်။ သူက အပြစ်ကြွေးတွေကို မဆပ်ပေးသွားရင် ကျွန်တော်တို့က ဒီအပြစ်တွေအားလုံးကို ဆပ်ရမှာဖြစ်တယ်။

                လက်ဝါးကပ်တိုင်မှာ အသေခံတဲ့ နေရာက ကရာနီတောင်ကုန်းက ဂေါလဂေါသအရပ် ဖြစ်တယ်။ အဲ့ဒီနေရာက ဒါဝိတ်က ဂေါလျက်ရဲ့နှဖူးကို လောက်လွဲနဲ့ပစ်လို့ ထိပြီး ‌ဂေါလျက်ကြီး လဲကျသွားတဲ့အချိန် ဒါဝိတ်က ပြေးသွားပြီး ဂေါလျက်ရဲ့ ခေါင်းကို ဖြတ်ချလိုက်တာ။အဲ့ဒီဂေါလျက်ရဲ့ ခေါင်းကို ယေရုရှလင်မြို့ကို ယူလာခဲ့တယ်။ဂေါလဂေါသအရပ်မှာ မြုပ်တာ ဖြစ်တယ်။ ဂေါလျက်က ဖိလိတ္တိ ကိုကိုယ်စားပြုတယ်၊ ဒါဝိတ်က ဣုသရေလကို ကိုယ်စားပြုတယ်။ ဒါဝိတ်ရဲ့အောင်နိုင်ခြင်းက ဣုသရေလ တစ်မျိူးလုံးရဲ့အောင်နိုင်ခြင်းဖြစ်သွားသလို ဂေါလျက်ရဲ့ရှုံးနိမ့်ခြင်းက ဖိလိတ္တိ တစ်တပ်လုံးရဲ့ ရှုံးနိမ့်ခြင်း ဖြစ်သွားတယ်။ ယေရှုခရစ်တော်ရဲ့ အောင်မြင်ခြင်းကလည်း ကျွန်တော်တို့ရဲ့ အောင်မြင်ခြင်း ပြန်ဖြစ်သွားတယ်။ ဒါဝိတ်အောင်မြင်တဲ့ ဂေါလျက်ရဲ့ခေါင်းက ဂေါလဂေါသ အရပ်မှာရှိတာဖြစ်တယ်။ ဂေါလျက်က မာရ်နတ်ကို ပုံဆောင်တယ်။  ဂေါလျက်ရဲ့ ဦးခေါင်းဆိုတဲ့ လောကမှာ အစွမ်းထက်ပါတယ်ဆိုတဲ့ အကြီးမားဆုံးအရာပါဆိုတဲ့ အရာတွေအားလုံးက ယေရှုရဲ့ ခြေဖဝါးအောက်မှာ ရှိတယ်။


                 ယေရှုခရစ်တော်က ရှင်ပြန်ထမြောက်ပြီးတဲ့ နောက်ပိုင်းမှာ ကောင်းကင်အောက် မြေကြီးပေါ်မှာ စီရင်ပိုင်တဲ့ အခွင့်တန်ခိုး အာဏာအားလုံးကို ယေရှုခရစ်တော်က ငါရပြီလို့ ပြောခဲ့တယ်။ ဘာဖြစ်လို့ ယေရှုပြောနိုင်တာလဲ? ကျောက်ခဲကို မုန့်လုပ်လိုက်ပါလားလို့ ပြောခဲ့တဲ့ စာတန်ရဲ့စကားကို မဝန်ခံပဲ ဘုရားစကားကို ဝန်ခံပြီး လက်ဝါး ကားတိုင်ပေါ် တက်သွားခြင်းက မာရ်နတ်ကို အောင်မြင်ခြင်းဖြစ်သွားခဲ့ပြီ။

                      အာဒံဆီက ခိုးယူသွားတဲ့အခွင့်တန်ခိုးအာဏာတွေအားလုံးကို ယေရှုက ပြန်ယူပေးတယ်။ ယေရှု ပြန်ယူပေးခဲ့တဲ့ အခွင့်တန်ခိုး အာဏာတွေအားလုံးကို သင်က ယေရှုကို ယုံကြည်သောသူအဖြစ်နဲ့ သိမ်းပိုက်ရပြီဖြစ်တယ်။ သင်က ယုံကြည်သောသူဖြစ်ပြီးတော့မှ ဘုရားစကားကို အချိန်မပေးပဲ မယုံနိုင်ပဲ နားမထောင်နိုင်ပဲ လောကရဲ့စကားကို သင်သွားယုံနေရင် နားထောင်မိနေရင် ၊ အချိန်ပေးမိနေရင် သင်ကပါးစပ်ကသာဝန်ခံနေပြီး ယုံကြည်ခြင်းမပါတာကြောင့် သင့်မှာ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ လောကစကားမှာ လောကအရာမှာ အချိန်ဖြုန်းနေသူများ မဖြစ်စေပဲ ဘုရားစကားကို သာယုံကြည်ဝန်ခံခြင်းဖြင့် အသက်တာမှာ ဘုရားဘုန်းထင်ရှားသောသူများဖြစ်ကြပါစေ။


ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။မာကု 9:23