Daily Bread

Mar 21, 2024    Pastor David Lah

အားလုံးမင်္ဂလာပါ။ ဘုရားသခင်သည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်သည် အစဥ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဘုရားသခင်ထံမှလာတဲ့ငြိမ်သက်ခြင်း ကျန်းမာခြင်း အောင်မြင်ခြင်း ဝမ်းမြောက်ခြင်း ကောင်းကြီးမင်္ဂလာကို သခင်ယေရှုနာမ၌ သင်နှင့်သင့်မိသားစုအပေါ်မှာ ကြေငြာပါတယ်။

       ဒီကနေ့လူငယ်တွေ ကကျွန်တော့်ကို မေးလာကြတယ်။ ပြောင်းလဲလာပြီးနောက်မှာ ကျွန်တော့်အသက်တာက အရင်လို အရာတွေ ဘာကြောင့်ပြန်လုပ်နေမိတာလဲ? တစ်ချိူ့ကလဲ ပြောင်းလဲလာပြီလို့ ပြောပြီးပြန်ပြန်ဖြစ်နေကြတာ နားမလည်နိုင်ဘူး လို့ ပြောပြီး မေးလာတဲ့ မေးခွန်းတွေအပေါ်မှာ ပြန်ပြီးဆင်ခြင်မိပြီး ကျွန်တော်ဒီအရာလေးကို ဝေငှချင်ပါတယ်။

        ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော။ ငါတို့ သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။ ၁သက် 5: 23

         ကျွန်တော်တို့နားလည်ရမယ့်အရာက လူမှာရှိတဲ့ ခန္ဓာ စိတ် ဝိညာဥ် သုံးပိုင်းစလုံးက ယေရှုခရစ်တော် သူပြန်ကြွလာတဲ့ အခါ ဒီသုံးပိုင်းစလုံးက အပြစ်တင်ခြင်းနဲ့ ကင်းလွတ်တဲ့အသက်တာဖြစ်ဖို့ ဘုရားသခင်က အလိုတော်ရှိတယ်။ ယေရှုခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံပြီးတဲ့သူတိုင်း ယေရှုခရစ်တော်အားဖြင့် ကျွန်တော်တို့က အပြစ်တင်ခြင်းနှင့် ကင်းလွတ်ခွင့်ရရှိသူများဖြစ်ကြတယ်။ ကျွန်တော်တို့က ဝိညာဥ်လူတွေဖြစ်တယ်။ ကျွန်တော််တို့ရဲ့ ဝိညာဥ်က ဒီခန္ဓာကိုယ်ထဲမှာ ဝင်ရောက်နေထိုင်နေတာဖြစ်တယ်။

      ဒါကြောင့် ကျမ်းစာထဲမှာ ကျွန်တော်တို့ရဲ့ယာယီတဲ ဆိုတာ ဒီခန္ဓာကို ပြောနေတာဖြစ်တယ်။ မြေကြီးနဲ့တည်ဆောက်ထားတဲ့  ယာယီတဲအိမ် ဖြစ်ပြီး ပျက်စီးသွားလိမ့်မယ်။ ယေရှုခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံပြီးတဲ့သူတိုင်း အတွက် ကျွန်တော်တို့ရဲ့ ဝိညာဥ်ကတော့ လုံးဝ ပျက်စီးစရာအကြောင်း မရှိတော့ဘူး။ ကျွန်တော်တို့က သန့်ရှင်းသောသူ ဖြောင့်မတ်သောသူ အသက်ရှင်တဲ့ဝိညာဥ်အဖြစ် ဘုရားသခင်က ပြင်ဆင်ပေးလိုက်ပြီဖြစ်တယ်။ သို့ပေသော်ငြားလည်းပဲ ခန္ဓာနဲ့စိတ်က မပြောင်းလဲသေးဘူး ညီအစ်ကို မောင်နှမတို့၊ ဝိညာဥ်ပဲ ပြောင်းလဲတာ။ တစ်ချိူ့က ပြောကြတယ် ၊ ယေရှုခရစ်တော်ကို ယုံကြည်လက်ခံလိုက်တာနဲ့ ခန္ဓာ စိတ် ဝိညာဥ် သုံးပါးစလုံး ပြောင်းလဲတာတဲ့၊ မဟုတ်ပါဘူး ညီအစ်ကိုမောင်နှမတို့၊ ဝိညာဥ်ပဲ ပြောင်းလဲတာဖြစ်တယ်၊ ခန္ဓာနဲ့စိတ်က မပြောင်းလဲသေးဘူး၊ စိတ်ဆိုးနေတတ်တုန်းပဲ၊ လောကအရာတွေကို တပ်မက်နေတတ်တုန်းပဲ၊ သင်က မာနကြီးတတ်နေတုန်းပဲ၊ သင့်မှာ ပြောင်းလဲမှုက ချက်ချင်း မဖြစ်လာသေးဘူး၊ သင့်ရဲ့ ဝိညာဥ်က လွတ်မြောက်ပြီး ပြောင်းလဲသွားပေမယ့် ခန္ဓာ နဲ့ စိတ်က မပြောင်းလဲသေးဘူး၊ နှစ်ပေါင်းများစွာ လောကမှာ ကျင်လည်ခဲ့တဲ့အတွက်ကြောင့် လောကအရာ လောကရဲ့အတွေးအခေါ်က သူ့မှာ ကျန်နေတုန်းပဲ။

            တစ်ခါတစ်လေ လူတွေကို ကြည့်တဲ့အခါ ယေရှုကို ယုံကြည်လက်ခံပြီး ပြောင်းလဲပြီလို့လဲပြောသေးတယ်၊ သင်ယေရှုကို ယုံကြည်လက်ခံလိုက်ပြီ ဆိုကတည်းက သင်က ဘုရားသခင်ရှေ့မှာ perfect  ဖြစ်ပြီ၊ သို့သော်လည်း လူတွေအရှေ့မှာတော့ သင် perfect  မဖြစ်သေးဘူး။ ဝိညာဥ်လွတ်မြောက်သလို ခန္ဓာပါ လွတ်မြောက်ခြင်း ဖြစ်ဖို့အတွက် ကသင့်ရဲ့စိတ်က အရေးကြီးပြီ။

       သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သော အရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ရောမ 12:2

        သင့်ရဲ့ဝိညာဥ် လွတ်မြောက်ခြင်းရပြီးတော့ သင့်ရဲ့ခန္ဓာ ပါ လွတ်မြောက်ခြင်းအခွင့်ရဖို့အတွက် ဆိုရင် သင့်ရဲ့ စိတ်နေသဘောနဲ့ သင့်ရဲ့အတွေးအခေါ်ကိုပါ ပြင်နေဖို့ အရေးကြီးတယ်။ နှုတ်ကပတ်တော်နဲ့ နေ့တိုင်း သင့်ရဲ့အတွေးအခေါ်ကို သင်ပြင်ရမယ်။ ယေရှုကို ယုံကြည်လက်ခံပြီး သင့်ရဲ့ဝိညာဥ် လွတ်မြောက် ပြီးတဲ့နောက်ပိုင်းမှာ သင့်ရဲ့ခန္ဓာနဲ့စိတ်ကတော့ မလွတ်မြောက်သေးဘူး။ သင့်ရဲ့ခန္ဓာက သင့်ရဲ့သွေးသားအရာတွေ တပ်မက်ခြင်းတွေ ကျန်ရှိနေတုန်းပဲ။ ဒီတော့ သင်ကဘုရားသား ဖြစ်ခြင်းရဲ့ ပုံသဏ္ဌာန် ပေါ်ထွက်လာဖို့အတွက်ကသင့်ရဲ့အသက်တာမှာ သင့်ရဲ့အတွေးအခေါ်ကို နှုတ်ကပတ်တော်နဲ့ သင်ပြင်ရမယ်။ သင်မပြင်ရင် သင့်အသက်တာက ဘုရားသခင်ရှေ့မှာ သန့်ရှင်းဖြောင့်မတ်နေပေမယ့် လူတွေရှေ့မှာ သန့်ရှင်းဖြောင့်မတ်သူလို ဖြစ်မနေဘူး။

          ဝိညာဥ် ကဖြောင့်မတ်ခြင်း လွတ်မြောက်ခြင်းရှိပြီ ဖြစ်လို့ သင်လုပ်ချင်တာလုပ်ရင် တော့ လုပ်လို့ရတယ်။ မရဘူးလို့ မပြောဘူး၊ သင်ကယ်တင်ခြင်း မဆုံးရှုံးပါဘူး၊ သို့သော်လည်းပဲ သင့်ခန္ဓာကိုတော့ မောဟ လက်ထဲအပ်လိုက်ရတာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားဘုန်းတော် မထင်ရှားမယ့်အတူတူ ဘုရားက သူ့ကို ဒီလောကမှာ ကြာရှည်ထားလို့မရဘူး။ ဘုရားသခင်က ခရစ်တော်နဲ့ အတူ အောင်ပွဲကို အစဥ်ခံဖို့ထားတာ၊ ထိုသခင်ကို သိခြင်း၏ အမွှေးအကြိုင်သည် အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှာ ဘုရားသခင်ပြုဖို့ သူ့ကို ထားတာ ဖြစ်သော်ငြားလည်းပဲ သင်က ယေရှုခရစ်တော်အားဖြင့် သင့်ဝိညာဥ် ပြောင်းလဲသလို သင့်ခန္ဓာက တိုးတက်ပြောင်းလဲမှုရှိဖို့ တစ်နည်းအားဖြင့် သင့်အသက်တာကို ကြည့်ပြီး သူတစ်ပါးအားကျ အတုယူစရာဖြစ်အောင် ပုံသက်သေဖြစ်တဲ့အထိ ဘုရားကဖြစ်စေချင်တာဖြစ်တယ်။

        ယေရှုကြောင့် ဘုရားသားသမီး ဖြစ်ခွင့်ရတယ်။ ဝိညာဥ်လွတ်မြောက်သလို ခန္ဓာနဲ့စိတ် လွတ်မြောက်ဖို့ အရေးကြီးဆုံးက စိတ်ပဲ။ ဝိညာဥ်ဖြစ်သလို သင့်ရဲ့ခန္ဓာမှာ ဖြစ်နေဖို့က သင့်ရဲ့အတွေးအခေါ်က အရေးကြီးဆုံးပဲ။ သင့်ရဲ့အတွေးအခေါ်ကို နှုတ်ကပတ်တော်နဲ့ နေ့တိုင်းပြင်နေရမှာဖြစ်တယ်။ နေ့တိုင်းသင်က စိတ်ဓါတ်ကျစရာ အကြောင်း စာတန်က လာထည့်ပေးသော်ငြားလည်း နှုတ်ကပတ်တော်နဲ့ ပြန်တိုက်ထုတ်ပါ။ မိမိကိုယ်မိမိ နှုတ်ကပတ်တော်နဲ့ အခွင့်ပေးလာရင် ဘာပဲ ဆုံးဖြတ်ဆုံးဖြတ် နှုတ်ကပတ်တော်နဲ့ပဲ ဆုံးဖြတ်တာလာမယ်။ တစ်ခါတစ်လေ အတွေးအခေါ်တွေက စိတ်ဓါတ်ကျစရာ ဝင်လာရင် ကိုယ်နဲ့မဆိုင်ဘူးဆိုတာသိပြီး ဖယ်ထုတ်ပါ။

             သင်ဘာစဥ်းစားနေလဲဆိုတာ သိပ်အရေးကြီးပါတယ်။ သင့်ခန္ဓာက သင့်စဥ်းစားသလို လိုက်လုပ်နေတာဖြစ်တယ်။ သင်ဘာများများစဥ်းစားလဲဆိုတာက သင့်ခန္ဓာကို ဖြစ်စေတယ်။ သင်ကအနာရောဂါငြိမ်းခြင်းအကြောင်း စဥ်းစားနေရင် သင့်အသက်တာမှာ ကျန်းမာခြင်းကို ဖြစ်စေမယ်။ ၁ရာချူပ် 4:10 မှာ ယာဘတ်က အမျိူးထဲမှာ ထူးဆန်းသောသူဖြစ်တယ်။ ကြီးမြတ်တဲ့ဘုရားကို ကိုးကွယ်နေတာဖြစ်လို့ သူ့ကိုအစဥ်ကောင်းကြီးပေးမယ်လို့ ယုံကြည်တဲ့အခါ သူ့အသက်တာက သူယုံကြည်သလိုဖြစ်လာတယ်။

                ကျွန်တော်တို့အသက်တာထဲမှာ နှုတ်ကပတ်တော်ကို မစဥ်းစား မဆင်ခြင်ပဲ ဟိုလူဒီလူပြောတဲ့အကြောင်း တွေးနေရင် သင်ကလောကသားတွေနဲ့ မခြားနားဘူး။ သင်ကဝိညာဥ်လွတ်မြောက်ခြင်း အခွင့် ရပြီးသော်ငြားလည်း သင်ဘာစဥ်းစားလဲ ဆိုတာ မူတည်ပြီး  သင့်ရဲ့ခန္ဓာကလွတ်မြောက်ခြင်းရမယ်။ ခန္ဓာကိုယ်က သင်စဥ်းစားတဲ့အတိုင်းဖြစ်နေတာ၊ သင်ဝိညာဥ် လွတ်မြောက်သလို ခန္ဓာနဲ့ဝိညာဥ်က တသားတည်းဖြစ်ပြီဆိုရင် သင်ပြောတဲ့အတိုင်း ဖြစ်ရတဲ့အခွင့် ဘုရားသခင်က ပြင်ဆင်ပေးတယ်။

               ဝိညာဥ်လွတ်မြောက်သွားပြီး ဆိုပြီး လူတွေက အကျင့်ကို ကြိုးစားပြင်နေကြတယ်။ ကျမ်းစာထဲမှာ အကျင့်ကို မပြင်ခိုင်းဘူး သင့်ရဲ့အတွေးအခေါ် သင့်ရဲ့စိတ်ကို ပြင်ခိုင်းနေတာဖြစ်တယ်။ သင့်ခန္ဓာ လွတ်မြောက်ချင်ရင် သင့်အတွေးအခေါ်ကို ပြင်ရမယ်။ ယေရှုခရစ်တော် ခံပေးခဲ့တဲ့ ဒဏ်ရာဒဏ်ချက်များအားဖြင့် သင့်အနာရောဂါ ပျောက်ပြီလို့ ကျမ်းစာကပြောထားတယ်။ အဲ့ဒါဆိုရင် မနေ့ ယနေ့ နောင်ကာလ မပြောင်းမလဲပဲတည်ရှိနေတဲ့ ဘုရားဖြစ်တယ်လို့ ကျမ်းစာမှာရှိထားတဲ့အတွက် ယေရှုက လွန်ခဲ့တဲ့အနှစ်နှစ်ထောင်ကျော်က လူတွေကိုပဲ အနာပျောက်စေခဲ့တာမဟုတ်ဘူး၊ ရှင်ပြန်ထမြောက်ခဲ့ပြီး အသက်ရှင်ခဲ့တဲ့ ယေရှုက ယနေ့အတွက် ရော နောင်ကာလမှာပါ အစဥ်အမြဲ တည်ရှိတည်နေတဲ့ ဘုရားဖြစ်တယ်။

            သင့်ရဲ့ဝိညာဥ်လွတ်မြောက်ဖို့အတွက်ပဲ လောကကို ဆင်းကြွလာခဲ့တာမဟုတ်ဘူး၊ နာကျင်စွာထိုးခြင်း နှိပ်စက်ခြင်းကို ခံပေးခဲ့တဲ့ ယေရှုခရစ်တော်အားဖြင့် ကျွန်တော်တို့က အနာရောဂါ ပျောက်ကင်းခွင့်ရတယ်ဆိုတာ သင်စိတ်ချယုံကြည်ပါ။ သင်ကယုံကြည်သူဖြစ်လာပြီး နှုတ်ကပတ်တော်အတိုင်း အသက်မရှင်ရင် သန့်ရှင်းသောဝိညာဥ်တော်နဲ့ ပြည့်ဝတဲ့အသက်တာ မဖြစ်လာဘူး။ ခံစားချက်ကို နေရာမပေးပါနဲ့။ နှုတ်ကပတ်တော်ကိုသာ နေရာပေးပါ။ ဝိညာဥ်တော်နဲ့ ပြည့်လာရင် သင့်မှာတန်ခိုးတွေဖြစ်လာတယ်။ သန့်ရှင်းသောဝိညာဥ်တော်အားဖြင့် မစခြင်းခံရတဲ့အသက်တာဖြစ်လာမယ်။

              သန့်ရှင်းသောဝိညာဥ်တော်နဲ့ပြည့်လာရင် ဒီခန္ဓာက အပြစ်သွေးဆောင်ရာကို လိုက်တဲ့အသက်တာ မဟုတ်တော့ဘူး၊ မာနတ်ကို ဆီးတားနိုင်တဲ့ခန္ဓာဖြစ်လာတယ်။ သန့်ရှင်းသောဝိညာဥ်တော်နဲ့ ပြည့်ဝလာဖို့ ကိုယ့်ရဲ့အသက်တာမှာ ခံစားချက်ကို အခွင့်မပေးပဲ နှုတ်ကပတ်တော်ကို များများအခွင့်ပေးပါ၊ ဝိညာဥ်တော်နဲ့ ပြည့်ဝတဲ့အသက်တာ ဖြစ်လာရင် ဒီခန္ဓာကိုယ်ရဲ့ သွေးသား အရာတွေအားလုံးကို နိုင်ရတဲ့အခွင့်ကို ပေးလာတယ်။ ဒါတင်မကဘူး သန့်ရှင်းသောဝိညာဥ်တော်နဲ့ ပြည့်ဝလာရင် သင်တန်ခိုးပါလာတယ်၊ သင်တန်ခိုးပါလာတဲ့အခါ သင်လက်တင်ဆုတောင်းပေးတာနဲ့ အနာရောဂါငြိမ်းခြင်းတွေ ဖြစ်လာတယ်။ တန်ခိုးပါတဲ့စိတ် ချစ်တတ်တဲ့စိတ် ရှင်းလင်းတဲ့စိတ်တွေဖြစ်လာတယ်။ သင်သန့်ရှင်းသော ဝိညာဥ်တော်နဲ့ ပြည့်လာရင် သွေးသား ဆန္ဒတွေကို နိုင်ရတဲ့ အခွင့်ကို ပေးလာတယ်၊ အပြစ်ပြုတဲ့ခန္ဓာကိုယ်မဟုတ်တော့ပဲ အပြစ်ကို နိုင်တဲ့သူဖြစ်လာတယ်၊ ဝိညာဥ်ပဲ လွတ်မြောက်တာ မဟုတ်ဘူး ခန္ဓာလဲလွတ်မြောက်လာတယ်။ စိတ်ကိုအလိုမလိုက်ပဲ နှုတ်ကပတ်တော်နဲ့အချိန်ပေးတဲ့အခါ ဝိညာဥ်တော်နဲ့ပြည့်လာတယ်၊ တန်ခိုးပါတဲ့စိတ်ဖြစ်လာတယ်၊ တန်ခိုး တစ်ခုထဲမဟုတ်ပဲ စည်းစိမ် ပညာ အစွမ်းသတ္တိ ဂုဏ်အသရေ ဘုန်းအာနုဘော် ကောင်းကြီးမင်္ဂလာ တွေနဲ့ ပြည့်စုံတဲ့ အသက်တာဖြစ်လာတယ်။

                     သင့်အသက်တာမှာ ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးရင် သင့်ဝိညာဥ်က လွတ်မြောက်ခြင်းအခွင့် ရပြီးဖြစ်လို့ ဝိညာဥ်ကို ထိလို့မရတော့တဲ့ မာနတ်က သင့်ရဲ့ခန္ဓာကို ဖျက်ဆီးချင်နေသေးတယ်။ သင့်ဝိညာဥ်က ဘုရားသားဖြစ်သွားခဲ့ပြီ၊ အဲ့ဒီဝိညာဥ်က ဒီခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့အတွက် ဒီခန္ဓာကိုယ်က အပြစ်သားသဏ္ဌာန် ဆက်ပြီးအသက်ရှင်လို့မရဘူး၊ သမ္မာတရားကိုသိရင် သမ္မာတရားအတိုင်းအသက်ရှင်မယ်။ သမ္မာတရားအတိုင်းအသက်ရှင်ရင် ဝိညာဥ်တော်က အကြီးအကျယ်အလုပ်လုပ်လာမယ်၊ ဝိညာဥ်တော်က အလုပ်လုပ်လာရင် မာရ်နတ်က ထိလို့မရတော့ဘူး။

ဘုရားသခင်၏သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကိုမပြုတတ်သည်ကို ငါတို့သိကြ၏။ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူသည်၊ မိမိကိုမိမိ စောင့်ရှောက်သဖြင့်၊ မာရ်နတ်သည်ထိုသူကို မထိမခိုက်နိုင်ရာ။၁ယော 5:18

              မိမိကိုယ်မိမိစောင့်ရှောက်တယ်ဆိုတာ ငါကဘုရားသားဖြစ်သွားပြီဆိုတာ သိတဲ့နေ့ကစပြီး  သင်နှုတ်ကပတ်တော်နဲ့ ဆက်ပြီးအသက်ရှင်ပါ။ သင့်ကိုမာရ်နတ်က လုံးဝထိလို့မရတော့ဘူး၊ သင့်ကိုဘုရားက အပြစ်သားတစ်ယောက်လို မစဥ်းစားခိုင်းဘူး၊ သန့်ရှင်းခြင်းအကြောင်းတွေပဲ စဥ်းစားခိုင်းတယ်။ အချိန်တန်ရင် သင်ပြန်စဥ်းစားနေတာက ညစ်ညူးတဲ့အရာတွေလား? ဝိညာဥ်လွတ်မြောက်သွားတဲ့ ကျွန်တော်တို့က အကျင့်ကို ကြိုးစားပြီး ပြင်နေသရွေ့ သင်ရှုံးနေအုံးမှာပဲ၊ သင်နှုတ်ကပတ်တော်နဲ့ နေ့တိုင်းဝန်ခံပြီး ယုံကြည်စွဲလမ်းရင် သန့်ရှင်းသောဝိညာဥ်တော်နဲ့ ပြည့်ဝလာပြီး လုပ်သမျှအောင်ခြင်းအခွင့်နဲ့အတူ ဘုရားသခင်ဘုန်းတော်ထင်ရှားတဲ့အသက်တာဖြစ်လာပါမယ်။ နှုတ်ကပတ်တော်ကို ဦးစားပေးတဲ့အသက်တာ ဖြစ်မယ်ဆိုရင် မာရ်နတ်ကိုဆီးတားနိုင်ပြီး မာရ်နတ်ကိုအောင်မြင်သောသူဖြစ်ရတဲ့အခွင့်ကို ဘုရားရှင်ပြင်ဆင်ပေးပါမယ်။