daily bread

May 15, 2024    Pastor David Lah


အားလုံးပဲမင်္ဂလာပါ။ ဘုရားသခင်ပြင်ဆင်ပေးခြင်းကြောင့် တစ်ရက်ပြီးတစ်ရက် နှုတ်ကပတ်တော်ကို ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ ခွန်အားယူခွင့်ရတဲ့အတွက် ဘုရားနာမဘုန်းကြီးပါစေ။ ဘုရားရှင်က ကျွန်တော်တို့အသက်တာအတွက် လိုအပ်နေတဲ့ အရာတွေ အားလုံးကို ဖြည့်ပေးသွားမယ်ဆိုတာ ကျွန်တော်တို့တွေ ယုံကြည်ထားရအောင်ပါ။

 အဓိကတော့ ကျွန်တော်တို့ရဲ့ အသက်တာထဲမှာ မျှော်လင့်ခြင်းကို ဘယ်တော့မှ မကုန်ဆုံးစေပါနဲ့။ ဘုရားသခင်က ကျွန်တော်တို့အတွက် အစဥ်ရှိပြီး သိပ်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်။ ဘယ်အခြေအနေမျိူးကမှ သင့်ကို မလှည့်စားပါစေနဲ့။

နေ့ရက်အစဥ်တိုင်းမှာ အားယူ၍ရဲရင့်တတ်ဖို့ အရေးကြီးပါတယ်။ ဘုရားသခင်က ကျွန်တော်တို့အတွက် အကောင်းဆုံး ပြင်ဆင်ထားပေးတာ ဖြစ်တယ်။ ခရစ်တော်က ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာ ငါချမ်းသာပေးမယ်လို့ပြောခဲ့တယ်။ သေခြင်းမာန်ကို ရှင်ပြန်ထမြောက်တဲ့ ဘုရားက အသက်ရှင်တဲ့ဘုရားက သင့်ကို ငါလုပ်ခိုင်းတာ လုပ်လို့ ပြောတာမဟုတ်ဘူး၊ မင်းမလုပ်နိုင်တာကို ငါသိတယ် ၊ ကောင်းတာကို သိတယ် မလုပ်နိုင်ဘူး၊ မကောင်းတာကို သိတယ် မရှောင်နိုင်ဘူး၊ အဲဒီအတွက် ငါကိုယ်တိုင် မင်းအတွက် မင်းရဲ့ဝဋ်ကြွေး ဝဋ်နာတွေ အားလုံးအတွက် ငါက လက်ဝါးကားတိုင်မှာ အသေခံခဲ့တာ ဖြစ်တယ်။ အသေခံခဲ့ပြီးမှ သုံးရက်မြောက်တဲ့နေ့မှာ ရှင်ပြန်ထမြောက်ခဲ့တဲ့ ဘုရားက မင်းတို့ကို လုပ်ပါ လုပ်ပါလို့ ပြောခဲ့တဲ့ဘုရားမဟုတ်ဘူး၊ မင်းတို့မလုပ်နိုင်တာသိလို့ လုပ်ပေးခဲ့ပြီး မင်းတို့မလုပ်နိုင်တဲ့အရာတွေကို ငါ့အားဖြင့် တတ်နိုင်သွားမယ်ဆိုတာ မင်းတို့ကို သိစေချင်တာဖြစ်တယ်။

ငါ့ကိုခေါ်လော့ ငါထူးမည်။ ကြီးသောအရာ နက်နဲသောအရာ သင်မသိနိုင်တဲ့အရာတွေကို ငါဖော်ပြမယ်လို့ ပြောတဲ့ဘုရားဖြစ်တယ်။ ခေါ်လို့ရတယ် ခေါ်ကြည့်ပါလို့ ကျွန်တော်ပြောချင်ပါတယ်။ သင်တို့မဖြေရှင်းနိုင်တဲ့ အရာတွေကို သင့်ကို ကူညီပေးဖို့ခေါ်ကြည့်ပါ၊ သင်သက်သေရမယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

သင်တို့ရဲ့အသက်တာမှာ ဘုရားသခင်ကအရမ်းချီးမြှောက်ချင်တာဖြစ်တယ်။ ဒါပေမယ့် ဘုရားချီးမြှောက်လို့ မရနိင်တဲ့အရာတွေ သင့်အသက်တာမှာ မရှိဖို့ သတိပြုဆင်ခြင်ရပါမယ်။  သင့်ကို ဘုရားက ချီးမြှောက်နိုင်ဖို့အတွက် သင့်အသက်တာထဲမှာ သင်ဖယ်ရှားရမယ့်အရာ ငါးချက်ကို ကျွန်တော်ပြောသွားပါမယ်။ “မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင် အောက်မေ့သောသူ သည် မင်္ဂလာရှိ၏။”(ဆာလံ 1: 1-2)

ယနေ့ ခရစ်ယာန်တော်တော်များများက လူအပေါင်းနဲ့အသင့်အတင့်နေရမယ်လို့ သွန်သင်မှုတွေရှိပြီး သူခိုးဖြစ်ဖြစ် ဘာဖြစ်ဖြစ် လူတိုင်းနဲ့ အဆင်ပြေအောင်နေကြတယ် ပေါင်းကြတယ်။ ဒါကခရစ်ယာန်တွေရဲ့နှလုံးသားဖြစ်တယ်။ ငယ်ငယ်ကတည်းက ကျွန်တော်တို့ကိုလည်း ဒီလိုပဲဆုံးမသွန်သင်ခဲ့ကြတယ်။ ဒါပေမယ့် အဲ့ဒါကမှားပါတယ်။

               လူတိုင်းကို ချစ်ရမယ်၊ လူတိုင်းနဲ့သင့်တင့်အောင်နေရမယ်၊ သူတစ်ပါးလိုအပ်တဲ့အကူအညီရှိရင် ကိုယ်က ကူညီပေးရမယ်။ လူတိုင်းကို မစတတ်ရမယ်၊ ချစ်ရမယ်၊ မမုန်းရဘူး၊ ဆုတောင်းပေးရမယ်၊ စသဖြင့် ဟုတ်ပါတယ်၊ အဲဒီအထဲမှာမှ တစ်ခုက မပေါင်းရဘူးဖြစ်တယ်။ မပေါင်းရတဲ့ လူငါးမျိူး ရှိပါတယ်။ သင့်အသက်တာထဲမှာ အဲ့လိုစိတ်မျိူးမရှိရဘူး၊ အဲ့လိုစိတ်နှလုံးရှိတဲ့သူတွေနဲ့လည်း သင်ကမပေါင်းရဘူး။ သင့်အသက်တာထဲမှာ အဲ့ဒါရှိနေရင် သင်ဘယ်တော့မှ ကောင်းကြီးမဖြစ်ဘူး၊ သင်ဘယ်လောက်ပဲကြိုးစားကြိုးစား သင့်အသက်တာက ကောင်းကြီးမဖြစ်လာဘူး၊ သင်ကိုယ်တိုင်က မရှိပေမယ့် အဲ့လိုလူမျိူးတွေနဲ့ သင်ပေါင်းတာ များလာရင် အဲ့ဒီအကျင့်က ကူးသွားတယ်၊ အကျင့်ဆိုတာ ကူးတယ်၊ အဲ့လိုကူးတတ်တဲ့အခါ သင့်အသက်တာက မင်္ဂလာကနေ အမင်္ဂလာ ပြန်ဖြစ်သွားပြန်ရော။ အသက်တာမှာ ဆုံးရှုံးမှုတွေက ဖြစ်လာတယ်။

               နောက်ဆုံးသောအချိန်ကာလမှာ တကယ်ကောင်းကြီးဖြစ်စေချင်ပါတယ်။ ယာကုပ်ရဲ့အမွေဥစ္စာနဲ့ ကျွန်တော်တို့ကို ကျွေးမယ့်ဘုရားရှိတယ်။ယေရှုခရစ်တော်အားဖြင့် အာဗြံဟံရတဲ့ကောင်းကြီးမင်္ဂလာကို ကျွန်တော်တို့အတွက် ဘုရားရှင်က အကုန်ပြင်ဆင်ထားပြီးသား။ ကျွန်တော်တို့က ယေရှုခရစ်တော်အားဖြင့် မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်အမျိူး တွေဖြစ်တယ်။ ပိုင်ထိုက်သောအမျိူးဖြစ်တယ်၊ ကြွယ်ဝတဲ့အမျိူးတွေဖြစ်တယ်။ သင်ကြိုးစားလုပ်နိုင်မှ သင့်ကိုဘုရား ကောင်းကြီးပေးတာမဟုတ်ဘူး၊ မကြိုးစားရဘူးလို့ ကျွန်တော်မပြောလိုဘူး၊ သင်လုပ်ရမယ့်အရာကို သင်အကောင်းဆုံး လုပ်ရမှာဖြစ်တယ်။ ဒါပေမယ့် သင်အကောင်းဆုံးလုပ်တိုင်း အကောင်းဆုံးဖြစ်လာမှာ မဟုတ်ဘူး၊ ယေရှုခရစ်တော် အားဖြင့်သာ သင့်ရဲ့အသက်တာမှာ မင်္ဂလာတွေ ဖြစ်လာမှာ ဖြစ်တယ်။

              ကျမ်းစာထဲမှာ အာဟတ်မင်းက သူအပေါင်းအသင်းမှားလို့ ဆုံးရှုံးသွားခဲ့ရတယ်။ သင့်အသက်တာထဲမှာလည်း သင့်ရဲ့အသက်တာကို ဆွဲချမယ့်သူဆိုရင် သင်မပေါင်းပါနဲ့။ သင့်အသက်တာထဲကနေ ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်အသက်တာကို ဘုရားရှင်က အံ့သြဖွယ်ရာ ကောင်းကြီးပေးချင်တယ်။ ဒီကနေ့မှာ မပေါင်းသင်းထိုက်တဲ့ လူအမျိူးအစား ငါးမျိူးကို ကျွန်တော်ပြောပြသွားပါမယ်။

            ၁၊ မနာလိုစိတ်ရှိသောသူ နဲ့သင်မပေါင်းသင်းပါနဲ့၊ အတွင်းကနေ ခြစားခြင်းခံရသလို ရေရှည်မှာ သင့်ရဲ့အတွေးအခေါ်ကိုပါ ခြစားခြင်းခံရပါလိမ့်မယ်။ ကျမ်းစာထဲမှာ ပထမဆုံးမနာလိုတဲ့သူက ကာဣနဖြစ်တယ်။ သူ့ရဲ့ယဇ်ပူဇော်ခြင်းကို ဘုရားကလက်မခံလို့ သူက အာဗေလကို သတ်ခဲ့တယ်။ ဒီမနာလိုစိတ်က ကြောက်စရာ သိပ်ကောင်းပါတယ်။ သင့်ရှေ့မှာ သင်က သူ့ထက်အောင်မြင်သွားခဲ့ရင် သင့်အသက်တာကို သူက ဖျက်ဆီးတော့မှာဖြစ်တယ်။ ရှောလုအထောင်ထောင် ဒါဝိတ်အသောင်းသောင်း ဆိုပြီး ကြွေးကြော်ခြင်းကို ကြားတဲ့အခါ ရှောလုရဲ့မနာလိုစိတ်က ဒါဝိတ်အပေါ်မှာ ကြီးထွားလာပြီး သတ်ဖို့ကြံစည်ခြင်းခံရတာဖြစ်တယ်။ မနာလိုစိတ်ရှိသူနဲ့ သင်မပေါင်းဖော်ပါနဲ့။ သင်ဘာလုပ်လုပ် သင့်ရဲ့လုပ်ငန်းမှာ အနှောင့်အယှက်ပေးပြီး ဖျက်ဆီးခံရပါလိမ့်မယ်။ မနာလိုတတ်သူကိုရှောင်ပါ၊ သင်ရဲ့ အကြံဥာဏ်တွေ သင်လုပ်ရမယ့် လျိူ့ဝှက်ချက်တွေကို သွားပြီးမပြောပြမိပါစေနဲ့။ သင့်လုပ်ငန်းအကုန်ပျက်စီး သွားလိမ့်မယ်။

              ၂၊ အတ္တသမား နဲ့မပေါင်းသင်းပါနဲ့။ ကျမ်းစာထဲမှာ အတ္တသမားကို ဘုရားသခင်က ရှောင်ခိုင်းတယ်။ ကျမ်းစာထဲမှာ အာဗြံဟံက လောတနဲ့တောက်လျှောက်လာတယ်။ လောတရှိနေသရွေ့ အာဗြံဟံကို ဘုရားသခင်က စကားမပြောဘူး၊ ဘာမှမပြောတဲ့အပြင် ဘာရူပါရုံမှ မပြဘူး၊ လောတက သူ့ဦးလေး သူ့အပေါ်ဘယ်လောက်ကောင်းကောင်း ဘာရူပါရုံပဲ ပြပြ ‌ကျွေးမွေးကြည့်ရှု ခဲ့ပေမယ့် လောတနဲ့အာဗြံဟံခွဲသွားတဲ့အခါမှာ သူကအကောင်းတွေ အကုန်ယူသွားပြီး သူ့ဦးလေးအတွက် အကောင်းတွေ ချန်မထားခဲ့ဘူး၊ အကောင်းဆုံးသောမြေနေရာ ကိုရွေးချယ်ယူသွားပြီးတဲ့နောက် အာဗြံဟံမှာ ဘာမှမချန်ထားခဲ့ဘူး။ ဒါပေမယ့် အာဗြံဟံက ဘာမှမဖြစ်ဘူး၊ ဘာတစ်ခုမရှိတဲ့ ဒီစကြာဝဠာ ကြီးကို အရာအားလုံးနဲ့ ပြည့်စုံအောင် ဖန်ဆင်းတဲ့ဘုရား၊ ဘာမှမရှိခြင်းထဲကနေ ရှိအောင်ဖော်ထုတ်တဲ့ဘုရား၊ အလင်းကိုဖြစ်စေပြီး လှပခြင်းအရာအားလုံးကိုဖန်ဆင်းတဲ့ ဘုရားရှင်က သူ့ဘက်မှာရှိတယ်ဆိုတာကို သူသိတဲ့အခါ ဘာမှမရှိလဲ သူစိတ်မဆင်းရဲဘူး၊ ဘုရားသခင်က မရှိတဲ့အထဲကနေ ပြီးပြည့်စုံတဲ့ ဘုရားဖြစ်စေတယ်ဆိုတာ သူယုံကြည်ထားခြင်းဖြစ်တယ်။

           အာဗြံဟံကို လောတနဲ့အတူရှိနေတုန်းက ဘုရားသခင်က ကောင်းကြီးမပေးခဲ့ပေမယ့် လောတနဲ့ခွာသွားတဲ့အခါမှာ အရှေ့အနောက် တောင်မြောက် မင်းအားလုံးကို ကြည့်လိုက်ပါ မင်းမြင်နိုင်သလောက်ထိ ငါမင်းကို ပေးမယ်လို့ပြောခဲ့တယ်။ ဘယ်သူနဲ့ခွာသွားပြီးမှလဲ ဆိုရင် လောတနဲ့ခွာသွားပြီးမှ ဘုရားက ပြောခဲ့တာ ဖြစ်တယ်။ အသက်တာမှာ အတ္တသမားတွေနဲ့ ဘုရားက အလုပ်မလုပ်ဘူး၊

             ၃။ မကောင်းမြင်ဝါဒရှိတဲ့သူ ကိုဘုရားမကြိုက်ဘူး၊ ဘယ်သူမှမကောင်းပဲ သူပဲကောင်းတယ်လို့ထင်နေသူမျိူး၊ သူတစ်ပါးကို ချီးမွမ်းဖို့မရှိပဲ သူသာလျင်အမြဲမှန်တယ်လို့ ထင်နေသူ၊ သူတစ်ပါးအကြောင်းကို ရစရာမရှိအောင် ပြောတတ်သူမျိူးကို သင့်အသက်တာထဲမှာမရှိပါစေနဲ့၊ သင့်မှာလဲ မရှိပါစေနဲ့၊ သင့်အသက်တာထဲကနေ ဖယ်ရှားပါ။ ဘုရားသခင်က သင်ပန်းတိုင်ရောက်ဖို့ တွန်းပို့ပေးနိုင်မယ့်သူကို ဘယ်တော့မှ သင့်ဘဝထဲကနေ မဆွဲထုတ်ဘူး၊ အကယ်၍သင့်ဘဝထဲကနေ ဆွဲထုတ်သွားခဲ့ပြီဆိုရင် သင်မှတ်ထားပါ၊ သင့်အတွက် ဗိုင်းရပ်စ် သို့မဟုတ် အဆူးဖြစ်နေမှာစိုးလို့ ဆွဲထုတ်ပစ်တာဖြစ်လို့ သွားခွင့်ပေးလိုက်ပါ။ သင်မနှမြောပါနဲ့။ ဘယ်‌တော့မှ သူများကို အကောင်းမမြင်တတ်သူကို သင်မပေါင်းပါနဲ့၊ လူတိုင်းက တစ်ယောက်မှ မကောင်းပါဘူး၊ သင်ကိုယ်တိုင်တောင်မှလည်း ကောင်းမနေပါဘူး၊ မကောင်းတာတွေထဲကနေ ကောင်းတာကို ရှာပြီးတော့ ပြောတတ်တဲ့သူဖြစ်ပါစေ။ လူမှာ မကောင်းတာရှိသလို လူတိုင်းမှာ ဘယ်လောက်မကောင်း ကောင်း ၊ ကောင်းတာတော့ ရှိကိုရှိပါတယ်။ သင်က အဲ့ဒီကောင်းတာကို မြင်တတ်ပြီး ရှာဖွေပြောတတ်ရင် သင်မင်္ဂလာဖြစ်တယ်။ သင်က မင်္ဂလာစကားများများပြောလာရင် အဲ့ဒီမင်္ဂလာတွေက သင့်ဆီပဲ ပြန်ရောက်လာတာဖြစ်တယ်။ သင်က အမင်္ဂလာစကားတွေ ပြောနေရင် သင့်ဆီမှာ အမင်္ဂလာတွေပဲဖြစ်နေမယ်။ သင်စိုက်တဲ့အတိုင်း သင်ဖြစ်နေမယ်။

               ၄။ သူတစ်ပါးအတွင်းရေး သင့်ကိုယုံလို့ပြောထားတဲ့အရာကို သင်က သူတစ်ပါးကိုလိုက်မပြောပါနဲ့။ နောက်တစ်ခုကတော့ သူများအတွင်းရေးကို သင့်ကိုလာပြောပြတဲ့သူကိုလည်း သင်မပေါင်းပါနဲ့၊ မကြာခင်မှာ သင့်ရဲ့အတွင်းရေးကို သူများကို သူပြန်ပြောပြတော့မယ်။ အဲ့လိုလူမျိူးကို သင်သွားပြီးမယုံမိစေနဲ့။ အဲ့လိုလူနဲ့ သင်မိတ်ဆွေ သွားဖွဲ့မိရင် သိပ်မကြာခင်မှာ သင်ပါ အရှက်ကွဲရတဲ့အဖြစ်မျိူးကြုံလိမ့်မယ်။ သတိထားပါ။ ကျမ်းစာထဲမှာ ရန်ကိုငြိမ်းစေသောသူက မင်္ဂလာရှိတယ်တဲ့။ သူများရဲ့လျိူ့ဝှက်ချက်ကို ကိုယ့်ကိုယုံလို့ပြောတာ ကိုယ်က ပြန်မပြောမိပါစေနဲ့။ စကားကိုသယ်နေသောသူတွေ ရဲ့လုပ်‌ဆောင်ချက်တွေက သိပ်အမင်္ဂလာရှိတယ်။ သင်လည်းအဲ့လို မဖြစ်ပါစေနဲ့။ အဲ့လိုရှိတဲ့သူတွေနဲ့ သင်မပေါင်းနဲ့ သင်အမင်္ဂလာဖြစ်လိမ့်မယ်။

                  

“နှလုံးသည်အသက်၏အခြေအမြစ် ဖြစ်သော ကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။ ကောက်သောစကားတို့ကို၎င်း၊ ငြင်းဆန်တတ် သော နှုတ်ခမ်းတို့ကို၎င်း ဝေးစွာ ပယ်ရှောင်လော့။”(သုတ္တံ4:24)


                  လူကတစ်ယောက်မှမကောင်းဘူး၊ ဟန်ဆောင်ကောင်းလို့သာ လူကောင်း၊ ဟန်ဆောင်မကောင်းသူက လူဆိုးပဲ၊ ဒါကြောင့်အရေးကြီးတာ စိတ်နှလုံးကောင်းစားဖို့ပဲဖြစ်တယ်။ စိတ်နှလုံးကောင်းစားရင် အရာရာမှာ ကောင်းစားမယ်။ သင်စိုက်တဲ့အတိုင်း သင်ပြန်ရိတ်ရလိမ့်မယ်။

                   ၅။ တစ်ခါစားသမားမဖြစ်ပါစေနဲ့။ အနီးပဲမြင်တတ်ပြီး အဝေးကိုမမြင်တတ်တဲ့ ရူပါရုံမရှိသူများမဖြစ်ပါစေနဲ့။ သင်အကောင်းဆုံးလုပ်ပါ အချိန်တန်ရင် အကောင်းဆုံးတွေသင်ဆီပြန်လာမယ်။ လူတစ်ယောက်ကို အကောင်းဆုံး လုပ်ပေးလိုက်လို့ သူ့ဆီက အကောင်းဆုံးတွေ မလာပေမယ့် တစ်ခြားတစ်ယောက်ယောက်စီကနေ အကောင်းဆုံးတွေ ပြန်လာလိမ့်မယ်။ ရသမျှအကုန်လုံးငါယူထားမယ် ဆိုပြီး တစ်ခါစားအလုပ်တော့မလုပ်ပါနဲ့။ အဲ့လိုလူမျိူးနဲ့လဲ မပေါင်းပါနဲ့။

                      ကျွန်တော့်အသက်တာမှာ ၂၀၀၆ ခုနှစ်လောက် ကသြစတြေးလျနိုင်ငံသွားတဲ့အခါ အဲ့ဒီမှာရှိနေတဲ့ ယုံကြည်သူမိသားစုအိမ်တွေကို သွားဆုတောင်းပေးခဲ့တယ်။ တစ်ခါတော့ အိမ်တစ်အိမ်က ကျွန်တော့်ကို မေတ္တာပြ အလှူငွေ စာအိတ်ပေးတဲ့အခါ တော်တော်များတယ်။ စာအိတ်ကလဲ ထူနေတာပဲ။ ကျွန်တော်အဲ့ဒီအိမ်မှာ ဆုတောင်းပေးပြီး နောက်တစ်နေရာရောက်တဲ့အခါ ဆုတောင်းပေးရတဲ့အိမ်က အဖိုးကြီး အဖွားကြီး လင်မယား နှစ်ယောက်ထဲ နေတဲ့အိမ်ဖြစ်တယ်။ သူတို့လဲကျွန်တော့်ကိုအလှူငွေ စာအိတ်လေးပေးရှာတယ်။ လက်ကလေးတုန်တုန်နဲ့ပေးတာ ကျွန်တော်ကြည့်ပြီး မယူရက်ဘူး၊ အဲ့ဒီအချိန်မှာ ဘုရားက ကျွန်တော့်ကို သူတို့ရဲ့မေတ္တာစေတနာစိတ်နဲ့ ပေးလှူတဲ့အရာကို မင်္ဂလာဖြစ်ဖို့ ယူလိုက်ပါလို့ပြောလို့ ကျွန်တော်ယူလိုက်တယ်။ တစ်ချိန်တည်းမှာ ကျွန်တော့်ကို အတွင်းထဲက ထပ်ပြီးနှိူးဆော်လာတဲ့ ဘုရားအသံက မင်းခုနက တစ်ခါမှမရဖူးပဲ ရခဲ့တဲ့ အလှူငွေထုပ်ကြီးကို အခုလှူနေတဲ့ လင်မယားနှစ်ယောက်ကို ပြန်ပေးခဲ့ပါတဲ့။ ကျွန်တော့်အတွက် အင်မတန်ခက်တယ်၊ ဒါပေမယ့် တကယ်တော့ အဲ့ဒါက ဘုရားပေးထားတဲ့အရာဖြစ်တယ်။ လူတစ်ယောက်ရဲ့နှလုံးသားကို တို့ထိပြီးတော့မှ ကျွန်တော့်ကိုပေးတာ၊ ဒါဘုရားပဲလုပ်တာ။ ဒါပေမယ့် ဘုရားသခင်က ပေးလိုက်တဲ့အရာကို ကိုယ့်ဆီရောက်လာတဲ့အခါမှာ ကိုယ်က ကိုယ့်ဟာလို့ ကိုယ်ထင်သွားပြီးတော့မှ တစ်ခါစားလုပ်ချင်တာ၊ ဒီလိုမျိူး ပမာဏ ပြန်မရတော့ရင်ရော ဆိုတဲ့စိတ် ၊ အဲ့ဒီစိတ်က တစ်ခါစားစိတ်ဖြစ်တယ်။ ဘုရားလုံးဝမကြိုက်ပါဘူး။

                  ဘုရားရဲ့သဘောသဘာဝက အဝေးကြီးကို သူမြင်တယ်။ သားများစွာကို ရချင်တဲ့အခါမှာ တစ်ပါးတည်းသော သားတော်ကို သူစွန့်ပစ်လိုက်တယ်။ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတွေကို သူချစ်တယ်။ ရေရှည်ကို သူကြည့်တယ်။ မေတ္တာမျိူးစေ့ကို စိုက်ခြင်းက များစွာပြန်ရဖို့ဆိုတာ ကျွန်တော် နားလည်သွားရတဲ့အခါ ကျွန်တော့်ကို ခေါ်သွားတဲ့ဆရာကတစ်ဆင့် အဖွားနဲ့အဖိုးကို ပြန်ပေးဖို့ ကျွန်တော်ပေးခဲ့တယ်။ ကျွန်တော် အဲ့ဒီခရီးစဥ်တောက်လျှောက်မှာ ကျွန်တော်အဲ့လို မရတော့ပါဘူး။ ဒါပေမယ့်ကျွန်တော်သိတယ်၊ ကျွန်တော်အခုရနေတဲ့ ကောင်းကြီးတွေက အဲ့တုန်းက စိုက်ခဲ့ခြင်းဖြစ်တယ်။

“သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလ ကြာမြင့်မှ တဖန်တွေ့လေဦးမည်။ လူခုနစ်ယောက်မက၊ ရှစ်ယောက်တို့အား ဝေမျှ လော့။ မြေပေါ်မှာအဘယ်အမှုရောက်မည်ကို သင်မသိ။”( ဒေသနာ11:1-2)

                       ရေအဆုံး ကုန်းတစ်ဝက်ဆိုတဲ့ စကားရှိတယ်။ သူများကို ကူညီမစတယ်ဆိုရင် ဘာမှ ပြန်လှည့်မကြည့်ရဘူး၊ ဘာမှ ပြန်မမျှော်လင့်ရဘူး၊ စိတ်ပြတ်ပြတ်သာ ပေးလှူလိုက်ပါ။ အချိန်တန်ရင် အင်တန်ကာလကြာမြင့်တဲ့အခါမှာ သင်စိုက်ထားတဲ့ အရာက အလုံးပေါင်းများစွာ ပြန်ပေးတာဖြစ်တယ်။ ဒီလိုလူစားငါးမျိူး သင့်အသက်တာထဲမှာ မရှိပါစေနဲ့၊ အပေါင်းအသင်းမလုပ်မိပါစေနဲ့။

“နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊လူတို့သည် ကိုယ်ကိုကိုယ် ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ပကတိကြင်နာ စုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။”(2တိ 3:1-5)

           အကောင်းဆုံးလုပ်ဖို့ သင်မတတ်နိုင်ပါဘူး၊ သင်မနိုင်တဲ့ဝန် သင့်အသက်တာမှာ ပြုပြင်ခံရမယ့်အသက်တာဖြစ်ချင်ရင် သင်ဆု‌တောင်း ကိုးကွယ်ပါ။ သင့်ကိုမစနေတဲ့ယေရှုခရစ်တော်အားဖြင့် သင်ပြုပြင်ခြင်းခံယူပြီးသွားပါ။ ခုနက ပြောခဲ့တဲ့ အကျင့်ငါးမျိူး သင့်အထဲမှာ မရှိပါစေနဲ့။ အဲ့လို အကျင့်ရှိသူတွေနဲလဲ သင်အပေါင်းအသင်းမလုပ်ပါနဲ့။ ကောင်းကြီးကို ပိတ်ပင်တားဆီးသောသူများဖြစ်တယ်။ အဲ့ဒီအထဲမှာ သင်မပါ ပါစေနဲ့။

             မိမိအတွက်ဘုရားသခင်ပြင်ဆင်ထားပေးမှုကို ယုံကြည်စိတ်ချစွာနဲ့ စောင့်မျှော်တတ်သူများဖြစ်ကြပါစေ။ မိမိမတတ်နိုင်ခြင်းများကို ယေရှုခရစ်တော်အားဖြင့် တတ်နိုင်ကြောင်း ယုံကြည်စိတ်ချပြီး ကြီးမားသောမင်္ဂလာများကို ရယူနိုင်သောသူများဖြစ်ကြပါစေ။