Daily Bread
ဒီကနေ့မှာ ကျွန်တော်တို့ ယေရှုနာမ၌ တန်ခိုးပါရှိခြင်း ဆိုတာကို ဆင်ခြင်သွားကြရအောင်ပါ။ ကျွန်တော်တို့က ယေရှုနာမ၌ ယေရှုနာမ၌ ဆိုပြီး လက်လွတ်စပယ် ပြောတတ်ကြတယ်။ ထိုသခင်ရဲ့နာမတော်ကို သင်ကတကယ်ယုံကြည်ခြင်းနဲ့ ဝန်ခံရင် အင်မတန်မှ တန်ခိုးကြီးသော နာမဖြစ်တယ်ဆိုတာက ကျွန်တော်က သင်တို့ကို ပြောပြချင်တယ်။
ထိုသခင်ရဲ့နာမတော်က အင်မတန်မှကြီးမြတ်တဲ့နာမဖြစ်တယ်။ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်တဲ့ ဘွဲ့နာမဖြစ်တယ်။ ယေရှုခရစ်တော်နာမ၌ ငါသည်ကျန်းမာပြီလို့ ယုံကြည်ခြင်းနဲ့ဝန်ခံရင် အံ့သြဖွယ်ရာ သင့်ရဲ့ခန္ဓာအထဲကနေ တစ်ခုခုက စီးထွက်သလို စီးဝင်သလို ခံစားရတယ် ညီအစ်ကိုမောင်နှမတို့။ သင်တကယ်ယုံကြည်ခြင်းနဲ့ထိုနာမတော်ကို ဝန်ခံကြည့်စမ်းပါ၊ ထိုနာမတော်မှာ တန်ခိုးရှိတယ်။ ထိုနာမတော်အကြောင်းကို ကျွန်တော်တို့ အတူတစ်ကွ ဆင်ခြင်သွားဖို့ရန်ဖြစ်တယ်။
သင်တို့သည် ငါ၏နာမကို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကာ၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်း ရှိမည် အကြောင်းတည်း။ ရှင်ယောဟန် 14:13
ဒီမှာ ပြောထားတဲ့ သင်တို့သည်ဆိုတာ ဘယ်သူလဲ? ယုံကြည်သူ အယောက်စီတိုင်းကို ပြောနေတာဖြစ်တယ်။ ဘာကိုယုံတာလဲ? ယေရှုခရစ်တော်သည် ကျွန်ုပ်ရဲ့ကယ်တင်ရှင်ဖြစ်တယ်။ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ရဲ့ ဝဋ်ကြွေးဝဋ်နာ ကျိန်ခြင်း အမင်္ဂလာ အားလုံးကို လက်ဝါးကားတိုင်မှာ အကုန်ပေးဆပ်ပြီး ခမည်းတော်ရဲ့ လက်ျာတော်ဘက်မှာ ထိုင်နေသောအရှင် ဖြစ်တယ်ဆိုတာ တကယ်ယုံသောသူကို ပြောတာဖြစ်တယ်။ ယေရှုခရစ်တော်ကပြောတယ် သင်တို့သည် ငါ၏နာမကို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်လို့ ပြောထားတယ်။ ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ ကတိတော်ကြီးလဲ? ဟာလေလုယာ...
ဒါကြောင့်သင်က ဆုတောင်းတဲ့အခါမှာ ယုံသလိုလို မယုံသလိုလို ဆုမတောင်းပါနဲ့။ တကယ်ကို သင်လွတ်မြောက်ခြင်းရပြီး ယုံကြည်ခြင်းအပြည့်နဲ့ ယေရှုခရစ်တော်နာမတော်ကို သင်တကယ် စွဲကိုင်ပြီးတော့ တောင်းပြီဆိုရင် ဘုရားသခင်က ပြုမယ်ဆိုတဲ့ ကတိတော်က ရှိထားပြီဖြစ်တယ်။
ယေရှုခရစ်တော်က ရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာ တပည့်တော်တွေနဲ့အတူ ရက်လေးဆယ်နေပြီး ကောင်းကင်ဘုံကို သူတက်ကြွခါနီးမှာ ထိုနေ့၌ သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည်ငါ၏ နာမကိုအမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။ ရှင်ယောဟန် 16:23
လို့မိန့်မှာခဲ့တယ်။ ထိုနေ့၌ဆိုတာ သူမရှိတော့တဲ့အချိန်ကို ပြောတာဖြစ်တယ်။ သူရဲ့နာမကို အမှီပြု၍ ဆိုတာက ဘယ်သူ့ကိုပြောတာလဲ? Disciple တပည့်တော်တွေကို ပြောနေတာဖြစ်တယ်။ တပည့်တော်ဖြစ်ခြင်းဆိုတာက အင်မတန်အရေးကြီးပါတယ် ညီအစ်ကိုမောင်နှမတို့။ ငါ၏နာမကို အမှီပြု၍ ဆုတောင်းသမျှတို့ကို ခမည်းတော်ထံမှာ တောင်းသမျှတို့ကို ခမည်းတော်က ပေးသနားတော်မူမယ်လို့ ပြောခဲ့တယ်။ ခမည်းတော်ထံကို ရဲရင့်စွာ ဘယ်သူ့နာမနဲ့ တိုးဝင်ရမလဲ? ယေရှုခရစ်တော်နာမနဲ့ ဖြစ်တယ်။ ကျွန်တော်တို့က ယေရှုခရစ်တော်နာမနဲ့ သန့်ရှင်းသောသူ ဖြစ်ရပြီ၊ ရွေးနှုတ်ခံရသောသူ ဖြစ်ရပြီ၊ အာဘာအဖ လို့ခေါ်ခွင့်ရသူတွေ ဖြစ်ရပြီ။ ယေရှုခရစ်တော်အားဖြင့် ရပြီးပြီဖြစ်တယ်။ ယေရှုခရစ််တော်နာမ၌ ဝန်ခံခြင်းဖြင့် ခမည်းတော်က ပေးမယ်လို့ ပြောတာဖြစ်တယ်။
ယေရှုခရစ်တော်အားဖြင့် ကျွန်တော်တို့ ထာဝရအသက်ကို ရတယ်။ အသက်ရေကို ကျွန်တော်တို့ သောက်ခွင့်ရတယ်။ ထာဝရအသက်ရေကို သောက်ခွင့်ရထားတဲ့ ကျွန်တော်တို့က ယေရှုခရစ်တော်ရဲ့နာမတော်ကို ဝန်ခံဖို့ပဲဖြစ်တယ်။ ထာဝရအသက်စမ်းရေကို ယေရှုအားဖြင့်ရတယ်။
နှုတ်ကပတ်တော်မှာ မုသားမရှိဘူး၊ ဘုရားမှာ မုသားမရှိဘူး။ ယေရှုက မလိမ်ဘူး၊ ယေရှုစကားပေါ်မှာ သင်တကယ်ရပ်တည်ပါ။ သင့်ရဲ့ပြဿနာက ကျမ်းစာကို သံသယနဲ့ ဖတ်တဲ့အတွက်ကြောင့် နှုတ်ကပတ်တော်ထဲက ကတိတော်တွေက မဖြစ်လာတာ။ သင်နှုတ်ကပတ်တော်ကို သံသယမရှိပဲ ရပ်တည်ကြည့်ပါ။ အဲ့ဒီနှုတ်ကပတ်တော်ထဲက အရာတွေက သင့်အတွက် အကုန်ဖြစ်လာလိမ့်မယ်။ ဟာလေလုယာ...
တမန်တော်ဝတ္ထု 3:1-8 ကိုဆင်ခြင်တဲ့အခါ 3:6 မှာ ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ။ ရှိသည်အရာကိုသင့်အားငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့်ထ၍ လှမ်းသွားလော့ဟုဆိုလျက်၊ လို့ဖော်ပြထားတယ်။ ဗိမာန်တော် တင့်တယ်တံခါးနားမှာ မွေးကတည်းက ခြေမစွမ်းတဲ့သူကို ဗိမာန်တော်ကို လာတဲ့သူတွေဆီက တောင်းစားဖို့အတွက် သူများတွေက လာထားကြတယ်။ အဲ့လူက ပေတရုနဲ့ယောဟန်ကို မြင်တဲ့အခါ သူ့လုပ်ထုံးအတိုင်း သူ့ကို စွန့်ကြဲဖို့ တောင်းတယ်။ ဒီအခါ ပေတရုနဲ့ယောဟန်က ငါတို့မျက်နှာကိုစေ့စေ့ကြည့်ပါလို့ သူတောင်းစားကို ပြောတဲ့အခါမှာ သူတောင်းစားကလဲ သူ့ကိုတစ်ခုခုပေးမယ်ထင်ပြီး မျှော်လင့်ချက်ကြီးစွာ မော့ကြည့်နေခဲ့တယ်။ ပေတရုနဲ့ယောဟန်က ငါတို့မှာ ငွေတော့မရှိဘူး ရှိတဲ့အရာကို ပေးမယ်လို့ ပြောပြီး နာဇရက်မြို့သား ယေရှုခရစ်၏နာမတော်အားဖြင့် ထ၍ လှမ်းသွားလော့ ဆိုပြီး သူ့ရဲ့လက်ကျာ ဘက်ကို ကိုင်ပြီးထခိုင်းတဲ့ ခဏမှာ သူတောင်းစားက အားအင်ရှိလာသလိုခံစားရပြီး ချက်ချင်းမတ်တပ်ရပ်နိုင်လာပြီး ကလျက် ခုန်လျက် ချီးမွမ်းပြီး တမန်တော်တွေနဲ့အတူ ဗိမာန်တော်တွင်းကို ပျော်ပျော်ရွှင်ရွှင်ဝင်သွားခဲ့တယ်။ ယေရှုနာမကို ဝန်ခံလိုက်တာနဲ့ သင့်အထဲမှာ အားနည်းနေတဲ့အရာတွေ မကျန်းမာဖြစ်နေတဲ့အရာတွေက စွမ်းအားတွေဖြစ်သွားစေတယ်။
ထိုနာမတော်က ကြီးမြတ်လွန်းတယ်။ ကျွန်တော်တို့က ထိုနာမတော်အားဖြင့် ဘာကိုမှ ကြောက်စရာမလိုတော့ဘူး၊ ထိုနာမတော်က အစွမ်းသတ္တိတွေဖြစ်စေတယ်။
ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ထိုသခင်၏နာမတော်သည် သင်တို့သိမြင်သောဤသူအား အစွမ်းကိုပေးတော်မူပြီ။ ထိုသခင်ကြောင့် ရသော ယုံကြည်ခြင်းသည် သင်တို့မျက်မှောက်တွင် ဤသူ၌စေ့စုံခြင်း အခွင့်ကိုပေး၍ရှိလေပြီ။ တမန်တော်ဝတ္ထု 3:16
ကျွန်တော်တို့က လူသာမညတွေပါ ရိုးရိုးတန်းတန်းလူတွေပဲ၊ ဒါပေမယ့် ထိုသခင်ကိုရပြီး ထိုသခင်ရဲ့နာမတော်အားဖြင့် ကျွန်တော််တို့လို လူတွေရဲ့ အသက်တာထဲမှာ အစွမ်းကိုဖြစ်စေတယ်။ တစ်ခုပဲရှိတယ် သင့်အထဲမှာ တကယ်ယုံကြည်မှုရှိရဲ့လား? ဘာလို့မဖြစ်တာလဲမသိဘူး လို့သင်တွေးနေရင် သင့်အထဲမှာ တကယ်ယုံကြည်မှုရှိလား? မုသားပဲရှိနေလား? သံသယပဲရှိနေလား? သင့်ကိုယ်သင် ပြန်ဆန်းစစ်ပါ။ နှုတ်ကပတ်တော်က မုသားမရှိဘူး၊ သံသယနဲ့သင်က အသက်ရှင်နေရင်တော့မရဘူး။
ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။ တမန်တော်ဝတ္ထု 4:12
ဒီလောကကြီးမှာ ကောင်းကင်အောက်မြေကြီးပေါ်မှာ ကယ်တင်နိုင်သောနာမက ယေရှုခရစ်တော််နာမတော် တစ်ပါးပဲရှိတယ်။ ကျွန်တော့်ကို အရူးလို့ပဲပြောပြော ထိုသခင်ရဲ့နာမတော်ကို တစ်နေ့မှာ လူတိုင်းဝန်ခံရလိမ့်မယ်။
ထိုသခင်ရဲ့နာမက အင်မတန်တန်ခိုးပါတယ်။ ထိုသခင်ရဲ့နာမတော်နဲ့ ထ၍လမ်းလော့လို့ ပြောတဲ့အခါ အားအင်ချိနဲ့ပြီး အကြောတွေဆိုင်းပြီး မသန်စွမ်းဖြစ်နေခဲ့သူက ချက်ချင်း စွမ်းအားတွေရှိလာပြီး ထကခုန်နိုင်ခဲ့တာဖြစ်တယ်။ သင်က ပေါ့ပေါ့ဆဆနဲ့ ယေရှုနာမ၌ ယေရှုနာမ၌ လို့သံသယတွေနဲ့ လျှောက်မပြောပါနဲ့။ တကယ့်ယုံကြည်ခြင်းနဲ့ ယေရှုခရစ်တော်ရဲ့နာမ လို့သင့်နှုတ်ကဝန်ခံတာနဲ့ အမင်္ဂလာကနေ မင်္ဂလာပြန်ဖြစ်ရမယ်။ ထိုသခင်ရဲ့နာမတော်က မဖြစ်နိုင်တဲ့အရာကို ဖြစ်စေတယ်။ မစုံလင်တဲ့အရာကို စုံလင်စေတယ်။ မကျန်းမာသောသူကို ကျန်းမာစေတယ်။ မလွတ်မြောက်သောသူကို လွတ်မြောက်စေတယ်။ သူက ချက်ချင်း မလွတ်မြောက်သေးပေမယ့် သင်စတင်ပြီး ကျေးဇူးတော်ချီးမွမ်းပါ။ သင်စောင့်ကြည့်လိုက် အချိန်တန်ရင် သူပြောင်းကိုပြောင်းလဲတယ်။ ထိုနာမတော်က အဲ့လောက်ကြီးမြတ်တဲ့ နာမဖြစ်တယ်။ ပြောတာပဲ မရဘူးလို့ သင်လာမပြောနဲ့။ သင်တကယ်ယုံကြည်ရဲ့လား? ထိုကြီးမြတ်တဲ့နာမက အကြီးမြတ်ဆုံးနာမဖြစ်တယ်။ ကောင်းကင်အောက်မြေကြီး ထိုနာမလောက်ကြီးမြတ်တာ မရှိဘူးဆိုတာ သင်ယုံကြည်ရဲ့လား? နှလုံးသားက ယုံကြည်ပြီး နှုတ်ကနေဝန်ခံတဲ့ အသက်တာဖြစ်ရမယ်။ ထိုနာမတော်ကို တကယ် ရိုသေလေးမြတ်ခြင်း ရှိရဲ့လား? ထိုနာမတော်ကို သင်အသက်တာထဲမှာ နေရာပေးထားရဲ့လား?
သင်တကယ်ယုံကြည်ရင် ယေရှုခရစ်တော်နာမ၌ ဝန်ခံခြင်းဖြင့် သင့်အသက်တာထဲမှာ ပြောင်းလဲမှု ထူးခြားမှုတွေ သင်လက်တွေ့ ရလာမယ်။ ထိုနာမတော်ကို ယုံယုံကြည်ကြည်နဲ့ ခေါ်ကြည့်ပါ။ Something good is going to happened.ကောင်းသောအရာ တစ်စုံတစ်ခုက အသင့်အသက်တာထဲမှာ ဖြစ်လာလိမ့်မယ်။ မျှော်လင့်လို့မရတော့ဘူးလို့ ထင်ထားတဲ့အရာက သင့်အသက်တာမှာ ဖြစ်လာလိမ့်မယ်။ ယုံကြည်ပါ ညီအစ်ကိုမောင်နှစ်မတို့။ ကျွန်တော်ဘာသာအကြောင်း ပြောနေခြင်းမဟုတ်ဘူး၊ ကောင်းကင်အောက်မြေကြီးပေါ်မှာ စီရင်ပိုင်ခွင့်ရှိတဲ့ ကြီးမြတ်လှတဲ့ နာမတော်အကြောင်းကို ကျွန်တော် ပြောနေခြင်းဖြစ်တယ်။ ထိုနာမတော်ကို လူတိုင်းတစ်နေ့ဝန်ခံရမယ်။ကျွန်တော်ကိုယ်တိုင် ဝန်ခံနေရင်းနဲ့ အရမ်းဝမ်းမြောက််လာရတယ်၊ ထိုနာမတော်ကို ဝန်ခံရတဲ့အခွင့် ချီးမွမ်းမကုန်နိုင်ဘူး။
ထိုသို့ လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက် အသေခံခြင်းသာမဟုတ် လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ် သော ဘွဲ့နာမကို ပေးသနားတော်မူ၏။ အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါ တည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေ တော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။ ဖိလိပ္ပိ 2:8-11
ဘွဲ့နာမတကာတို့ထက်ကြီးမြတ်သောဘွဲ့နာမလို့ပြောထားတယ်။ ကင်ဆာရောဂါဆိုတာလဲ နာမတစ်ခုပဲ။ ရောဂါရဲ့အထက်မှာ ရှိတာ ယေရှုခရစ်တော်နာမ၊ အမင်္ဂလာတွေအားလုံးရဲ့အထက်မှာ ရှိတာလဲ ယေရှုခရစ်တော်နာမ မဖြစ်နိုင်တဲ့အရာတွေအားလုံးကို ဖြစ်စေတာလဲ ထိုနာမဖြစ်တယ်။ ထိုနာမကို သင်တကယ်ဝန်ခံထားတဲ့ အသက်တာလား? နတ်ဆိုးတွေကို နှင်ထုတ်နိုင်တဲ့ ထိုနာမကို သင်တကယ်ယုံကြည်ပြီလား? မဖြစ်နိုင်တဲ့အရာတွေ ငါ့ရဲ့အသက်တာမှာ တကယ်ဖြစ်လာမယ်လို့ သင်ဝန်ခံပြီလား? သင်တကယ်ယုံကြည်ဝန်ခံရင် သင့်အသက်တာမှာ ဖြစ်ကို ဖြစ်လာမယ်။
ထိုနာမကို ကျွန်််တော်တို့လူသားတွေက ပေါ့ပေါ့ဆဆလုပ်နေကြပေမယ့် နတ်ဆိုးတွေက ထိုနာမတော်အကြောင်း ကောင်းကောင်းသိတယ်။ နတ်ဆိုးတွေက ထိုနာမတော်ကို တကယ်ကြောက်ကြတယ်။ တမန်တော်ဝတ္ထု 19:8-12 မှာ ရှင်ပေါလုအတွက် ဘုရားရဲ့မစခြင်းကို ထင်ထင်ရှားရှားတွေ့ရတယ်။ ထိုနာမတော်နဲ့ မိဿဟာယ ရှိတဲ့သူက သူသုံးဆောင်တဲ့ အသုံးအဆောင်ပင်လျင် တန်ခိုးပါစေတယ်။ ထိုသခင်ရဲ့နာမတော်က တန််ခိုးကြီးတယ််ဆိုတာ သင်တကယ်ယုံကြည်လာရင် သင့်ဝန်ခံမှုတွေက ဖြစ်လာစေတယ်။
တမန်တော်ဝတ္ထု 19:14-17 မှာ ယဇ်ပုရောဟိတ်မင်း သကေဝရဲ့ သားခုနှစ်ယောက်က နတ်ဆိုးတွေကို သွားနှင်ထုတ်တဲ့အခါ နတ်ဆိုးတွေက ယေရှုကိုသိတယ်ပေါလုကို သိတယ် နင်တို့ကို ငါမသိဘူးဆိုပြီး နှိပ်စက်ခံရပြီး အဝတ်မပါပဲ အနာတွေနဲ့ထွက်ပြေးရတယ်။ ယေရှုရဲ့အသွေးတော်နဲ့ ရွေးဝယ်ထားခြင်း ခံထားရတဲ့သူကို နတ်ဆိုးက ကောင်းကောင်းသိတယ်။ ပေါလုက ဂလာတိ 2:20 မှာ ငါသည်ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်းအသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏လို့ဝန်ခံထားတဲ့ ယေရှုရဲ့ အသွေးတော်နဲ့ ရွေးကောက်ခြင်းခံထားသူဖြစ်တာ နတ်ဆိုးတွေက ကောင်းကောင်းသိပြီး ထိလို့မရဘူး။ သင့်အသက်တာမှာ သင်နှုတ်ကပတ်တော်ကို နေရာပေးလား? နှုတ်ကပတ်တော်ကို နေရာပေးခြင်းက ယေရှုကို နေရာပေးတာနဲ့အတူတူပဲဖြစ်တယ်။ နှုတ်ကပတ်တော်ကို နေရာပေးပြီး ကတိတော်တွေကို သင်စွဲလမ်းနေသူဖြစ်ရင် နတ်ဆိုးတွေက ငါသူ့ကို သိတယ်လို့ ပြောလိမ့်မယ်။ နှုတ်ကပတ်တော်ကို နေရာပေးသူအတွက် နာမည်နဲ့တစ်ကွ သိတယ်လို့ နတ်ဆိုးက ပြောလိမ့်မယ်။ ပေါလုကို သိတယ်၊ ယေရှုကိုသိတယ်။ ယေရှုနာမနဲ့ ရွေးဝယ်ထားခြင်းမခံရသူတွေက ယေရှုကိုသိလားဆိုရင် သိကြတယ်၊ ယုံလားဆိုရင် မယုံဘူး။ အဲ့ဒါဒုက္ခရောက်တတ်တယ် သတိထားပါ။
ကနေဒါကနေ မြန်မာပြည်ပြန်လာပြီး စဟောတဲ့ တရားဟောပွဲတစ်ခုမှာ ကျွန်တော်တရားဟောနေချိန် ခြံဝင်းရဲ့အပြင်ဝကနေ ကျွန်တော့်ကို ကျိန်ဆဲတာလား ဘာလားမသိဘူး ၊ ပေါင်ကိုပုတ်ပုတ်ပြီးပြောနေတယ်။ ကျွန်တော်ဘာမှ မသိဘူး၊ နောက်ရက်မှာ အထဲဘက်ရောက်လာတယ် အရှေ့ဆုံးကနေ လာထိုင်ပြီး ကျကျနန ကျွန်တော့်ကို ကြည့်ပြီး ဘာတွေပြောနေလဲ ကျွန်တော်မသိဘူး၊ ဒါပေမယ့် ကျွန်တော် တရားဟောနေတုန်းမှာပဲ သူ့ဘာသာသူ ကြောက်ပါပြီ ကြောက်ပါပြီလို့ အော်ပြီးလဲကျသွားတယ်။ ကျွန်တော်က သူ့ကိုပြန်ဆုတောင်းပေးတဲ့အခါ ယေရှုခရစ်တော်ကို လက်ခံလားလို့ မေးတော့ ချက်ချင်းလက်ခံပြီး သူ့အသက်တာ ပြောင်းလဲခဲ့တယ်။ ခရစ်ယာန်ဘယ်လောက်ကောင်းပါတယ်ဆိုပြီး ကျွန်တော်ပြောနေတာမဟုတ်ပါဘူး။ ယေရှုနာမရဲ့ကြီးမြတ်ခြင်းကို ကျွန်တော်ပြောနေတာဖြစ်တယ်။
တမန်တော်ဝတ္ထု 19:18-19 ယုံကြည်သောသူအများတို့သည်လည်း လာ၍ မိမိတို့အကျင့်ကို ဘော်ပြလျက်တောင်းပန်ကြ၏။ နတ်ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်းတို့ ရှေ့မှာမီးရှို့ကြ၏။ စာစောင် အဘိုးကိုချင့်တွက်သော်၊ ငွေအသပြာ ငါးသောင်းထိုက်သည်ကို သိကြ၏။
အဲ့ဒီခေတ်က ငွေအသပြာ ငါးသောင်းဆိုတာ နည်းတဲ့တန်ဖိုး မဟုတ်ဘူး။ သိပ်များတဲ့ ပမာဏဖြစ်တယ်။ ဘုရားကိုမသိသူတွေက ထိုနာမတော်ကို ချီးမွမ်းလာကြတယ်။ ထိုနာမတော်ကို အကုန်လုံးကဝန်ခံလာကြတယ်။ သင့်အသက်တာမှာလည်း ထိုနာမတော်ကို ဝန်ခံတာနဲ့ သင်တန်ခိုးကို မြင်တွေ့ရလိမ့်မယ်။
ယေရှုသည် ကိုယ်တော်၌ဖြစ်လတံ့သမျှသော အမှုအရာတို့ကိုသိတော်မူလျက်၊ လာသောသူတို့ဆီသို့ သွား၍ အဘယ်သူကိုရှာကြသနည်းဟု မေးတော်မူ၏။ နာဇရက်မြို့သား ယေရှုကိုရှာကြသည်ဟုဆိုလျှင်၊ ယေရှုက၊ ငါသည်ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည်လည်း ထိုသူတို့နှင့်အတူရပ်နေ၏။ ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူတို့သည် နောက်သို့လှန်၍ မြေပေါ်၌လဲကြ၏။ ရှင်ယောဟန် 18:4-6
ယေရှုကိုလာဖမ်းတဲ့သူတွေက ယေရှုကိုမသိပဲ မေးကြရှာကြတဲ့အခါမှာ ယေရှုက နင်တို့ရှာနေတဲ့ယေရှုကငါပဲလို့လဲ ပြောလိုက်ရော ဘယ်လောက်ထိ တန်ခိုးအရှိန်ပြင်းသလဲဆိုတာ လာဖမ်းတဲ့သူတွေအားလုံး လက်နက်တွေနဲ့ အနောက်ဘက်ကိုလန်ကျပြီး ပစ်လဲသွားခဲ့ကြတယ်။ ယေရှုခရစ်တော်ကို ဘယ်သူမှဖမ်းလို့မရပါဘူး၊ သူကအဖမ်းခံခဲ့တာဖြစ်တယ်။ ဘယ်သူမှယေရှုကို သတ်လို့မရပါဘူး၊ သူ့အသက်ကို သူကိုယ်တိုင် စွန့်ပေးခဲ့တာဖြစ်တယ်။ သိပ်ကြီးမြတ်တဲ့နာမ အကြီးမြတ်ဆုံးသောနာမ ချီးမွမ်းမကုန်နိုင်သော ထိုနာမကို ဒီနေ့ကစပြီး သင်ဝန်ခံကြည့်ပါ။ ထိုနာမတော်နဲ့ သင်ကြွေးကြော်ကြည့်ပါ။ သင့်အသက်တာမှာ သင်မဖြိုနိုင်ဘူးလို့ ထင်ရတဲ့ အခက်အခဲတံတိုင်းကြီးတွေကို ထိုနာမနဲ့သင်ဖြိုချကြည့်ပါ။ သင်အောင်မြင်ခြင်းကို ရပါလိမ့်မယ်။ တစ်ခုပဲရှိတယ်၊ ထိုနာမတော်ကို သင်တကယ်ယုံကြည်ပြီး ကြွေးကြော်သော အသက်တာဖြစ်ပါစေ။
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။သုတ္တံ 18:10