Daily Bread

Apr 3, 2024    Pastor David Lah


        ဘုရားသခင်ပြင်ဆင်ပေးခြင်းကြောင့် ကျွန်တော်တို့ တစ်နေ့ပြီးတစ်နေ့ အသက်ရှင်ခွင့်ရတယ်။ သွားလာ လှုပ်ရှား နေထိုင်ခွင့် ရနေတယ် ဆိုတာက ကျေးဇူးတော်သက်သက်ပဲ ဖြစ်ပါတယ်။

        သင့်အသက်တာထဲမှာ အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ဘုရားရှင်က ကောင်းမြတ်တယ်လို့ သင်ကအစဥ်အမြဲ ချီးမွမ်းတတ်ခြင်းက ဘုရားရှင်ကောင်းမြတ်ခြင်းကို သင်သာ၍ခံစားရဖို့အကြောင်းဖြစ်စေတယ်။ အနာဂတ်ကို သင်တကယ် ကောင်းကြီးဖြစ်စေချင်လား? ဘုရားကောင်းမြတ်ခြင်းနဲ့ ဘုရားဂရုဏာ သင့်အပေါ်တည်နေခြင်းကို နေ့တိုင်းဝန်ခံခြင်းဖြင့် သင်သာမကပဲ သင့်ရဲ့သားသမီး မြေးမြစ် မျိူးဆက်များအထိ ကောင်းကြီးတွေက စီးဆင်းသွားမှာဖြစ်တယ်။

                 ကျွန်တော်တို့ ဂရုစိုက်အလေးထားရမှာက လူမဟုတ်ပါဘူး၊ ခရစ်တော်ကို ပဲ ဂရုစိုက်အလေးထားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အလေးထားမှူမှားတာနဲ့ ကျွန်တော်တို့ရဲ့ဝန်ခံခြင်း ပြောဆိုခြင်းက မှားလာမယ်။ ဝန်ခံခြင်းမှားတာနဲ့ ကျွန်တော်တို့ရဲ့အသက်တာက မင်္ဂလာမရှိတော့ဘူး။ ဘုရားက ကျွန်တော်တို့ရဲ့ FOCUS ကိုမမှားစေချင်ဘူး။ ဘုရားက မောရှေကို ဣုသရေလ လူမျိူးတွေကို ခါနန်ပြည်ပို့ဖို့အတွက် အဲဂုတ္ထုပြည်ကနေခေါ်ဆောင်လာတဲ့အခါမှာ လမ်းခရီးမှာ တစ်ခုခု ဖြစ်ပြီးဆိုတာနဲ့ ဒီဣုသရေလလူမျိူးတွေက အဲဂုတ္ထုပြည်ကို ပဲ ပြန်ပြန်ပြီးတမ်းတနေကြတယ်။ အဲ့ဒီမှာ ယောရှုနဲ့ကာလက် ကFOCUS မမှားတဲ့အတွက် ခါနန်ပြည်ကို ဝင်ခွင့်ရခဲ့တယ်။ သင့်ရဲ့အာရုံပြုမှုက ဘယ်မှာရှိနေလဲ ပြန်လည် သုံးသပ်ပါ။ သင့်ရဲ့အာရုံပြုမှုကို မမှားစေချင်ဘူး။

                 ကျမ်းစာထဲမှာ FOCUS မှားသွားလို့ ဆုံးရှုံးခံလိုက်ရတဲ့လူတစ်ယောက် အကြောင်းနဲ့ ဝေငှချင်ပါတယ်။ မောရှေအကြောင်းဖြစ်ပါတယ်။ တောလည် 20:7-13 ကို ဆင်ခြင်တဲ့အခါမှာ “ကျောက်ကိုမှာထားလော့ ၊ ကျောက်သည် မိမိရေကိုပေးလိမ့်မည်” လို့ မောရှေကို ဘုရားသခင်ပြောတယ်။ကျောက်ကို စကားပြောခိုင်းတာဖြစ်တယ်။ လူကို စကားမပြောခိုင်းဘူး။ အဲဒီလူတွေကို ကြည့်တဲ့အခါ ပုန်ကန်တတ်တဲ့အမျိူးတွေဖြစ်တယ်။မောရှေက ဘယ်လောက်ပဲ အကောင်းလုပ်လုပ် အကောင်းမမြင်နိုင်ပဲ မောရှေကို အပြစ်တွေပဲ တင်နေကြတော့ မောရှေလဲ မောလာပြီး ဒေါသတွေက ထွက်လာခဲ့ပြီ။ သင်ကရော သင့်အသက်တာမှာ သူတစ်ပါးအတွက် ဘယ်လောက်ပဲ ကြိုးစားလုပ်ပေးနေပါစေ ကျေးဇူးမတင်တတ်ပဲ ပြန်ပြီးစော်ကားနေတဲ့ အသိုင်းအဝန်းထဲ သင်ရောက်နေလား? မောရှေရဲ့အသက်တာမှာလဲ အဲ့ဒီအတိုင်းပါပဲ။ သင်စိတ်ဆိုး ဒေါသထွက်နေရပြီး ထွက်သွားချင်တဲ့စိတ်ဖြစ်လာနေသလား? မာရ်နတ်ရဲ့လက်နက်က အဲ့ဒါပဲဖြစ်တယ်။ မောရှေကိုလဲ ဒီလူတွေနဲ့ပဲ မာရ်နတ်က ဆွဲချနေတာဖြစ်တယ်။

              လောကမှာလည်း ဒီအတိုင်းပဲ၊ ကိုယ်သူများကို အကောင်းဆုံးလုပ်ပေးနိုင်ချိန်မှာ သင်ကောင်းနေပေမယ့် တစ်ခုခုလေးများ မှားသွားခဲ့ရင် ကိုယ်လုပ်ပေးတဲ့သူတွေကပဲ ကိုယ့်ကိုပြန်အပြစ်တင် စော်ကားတဲ့အခါ ဒေါသထွက်ရတယ်။ အရမ်းခံစားရပါတယ်။ အခု အဲ့လိုသင်ပေးနိုင်တဲ့အချိန်မှာ သင်ကကောင်းနေပြီး တစ်နေ့တစ်ချိန်မှာ သင်ကူညီပေးခဲ့တဲ့ သူကပဲ သင့်ကို ပြန်လည်စော်ကား ရိုင်းပြသွားရင် သင်ဘယ်လိုတုန့်ပြန်မလဲ? သင်ဒေါသဖြစ်နေရင် သင်ရှုံးသွားလိမ့်မယ်။ စာတန်ရဲ့အရှေ့မှာ ရှုံးသောသူတွေဖြစ်သွားလိမ့်မယ်။ လူတွေကို သင်ကြည့်ဖို့ ဘုရားက မမှာထားဘူး။ ဘုရားသခင်က ကျောက်ကို စကားသွားပြောခိုင်းတယ်။ လူတွေကို စကားသွားပြောခိုင်းတာမဟုတ်ဘူး။

               ထိုအရပ်၌ရှိသော ကျောက်ပေါ်တွင် သင့်ရှေ့မှာ ငါရပ်နေမည်။ သင်သည် ထိုကျောက်ကို ရိုက်ရမည်။ လူများသောက်ဘို့ ထိုကျောက်ထဲက ရေထွက်လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း ဣသရေလအမျိုး အသက်ကြီးသူတို့ရှေ့မှာ ထိုသို့ပြုလေ၏။ ထွက်မြောက်17 : 6 မှာ ရေမရှိတော့ ကျောက်ကို တုတ်နဲ့ရိုက်ဖို့ မောရှေကို ဘုရားကမှာလို့ မောရှေက ကျောက်ကို တုတ်နဲ့ရိုက်ခြင်းဖြင့် ‌ရေထွက်လာခဲ့ပေမယ့် ဒီအခါမှာ ဘုရားက ကျောက်ကို စကားပြောခိုင်းနေတာဖြစ်တယ်။ မောရှေက ဒီလူတွေကို သိပ်ဒေါသထွက်လာပြီး ကျောက်ကို တုတ်နဲ့ရိုက်မိတဲ့အခါ ဘုရားရဲ့ သဘောတော်မဟုတ်ခဲ့ဘူး။ ကျွန်တော်တို့အသက်တာမှာလဲ ဒီအတိုင်းပဲ၊ အဆင်မပြေမှုတွေ ကြုံလာတဲ့အခါမှာ လူဆီကို FOCUS ကပြောင်းသွားလိုက်မိတယ်။ အဲဒီအခါ ဒေါသစိတ်တွေနဲ့ ပြောတဲ့စကာား ဝန်ခံတဲ့အရာတွေက စမှားလာတယ်။ ဥပမာ တစ်ချို့က ငါသေမှအေးမယ် ငါသေမှကောင်းမယ် ဆိုတဲ့စကားတွေ နှုတ်ကထွက်လာတတ်ကြတယ်။ အဲ့လိုပြောရအောင် ဖြစ်ရအောင် စာတန်က လုပ်နေတာဖြစ်တယ်။ သင့်ရဲ့နှုတ်ခမ်းအသီးကို သင်ပြန်စားရအောင် စာတန်ကလုပ်နေတာဖြစ်တယ်။

             သင့်အသက်တာမှာရော မောရှေလိုကြုံနေရလား? သင့်ကို အကောင်းမမြင်နိုင်တဲ့ အသိုင်းအဝိုင်းထဲမှာ သင်ရှိနေခဲ့ရင် သင်စိတ်ဓါတ်မကျနဲ့လို့ မှာချင်ပါတယ်။ ဒီနှုတ်ကပတ်တော်က သင့်အတွက်ဖြစ်တာ သင်သိပါ။မောရှေရဲ့ဆုံးရှုံးမှုကို သင်မြင်ရင် သင့်အသက်တာထဲမှာ မောရှေလို မဖြစ်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ နှုတ်ကပတ်တော်က သင့်ကို သင်ပေးနေတာ ဖြစ်တယ်။အာဒံက ဆုံးရှုံးခဲ့ရတာ သူ့အရှေ့မှာ သူအတုယူစရာလူမရှိခဲ့ဘူး။ ကျွန်တော်တို့က အတုယူစရာလူရှိပြီးသား ၊ နှုတ်ကပတ်တော်ထဲကနေ ကျွန်တော်တို့ FOCUS မမှားဖို့သွန်သင်ပေးထားချက်တွေ အများကြီးရှိတယ်။

သင့်ပတ်ဝန်းကျင်က ကျေးဇူးမသိတတ်တဲ့သူတွေ အထဲမှာ သင်နေ နေရရင် သင်စိတ်ဓါတ်မကျပါနဲ့။ ကျောက်ကိုမှာထားလော့ ကျောက်သည် မိမိရေကိုပေးလိမ့်မည် လို့ ဘုရားကပြောထားခဲ့တယ်။ ကျောက်ဆိုတာ ဘာကိုပြောတာလဲ?

ထိုသူတို့နောက်၌ လိုက်သောဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ် တော်ဖြစ်သတည်း။ ၁ကော 10:5

ပထမအကြိမ်တုတ်နဲ့ရိုက်ခိုင်းခြင်းက ကျောက်ဆိုတဲ့ ယေရှုခရစ်တော်က ကျွန်တော်တို့အတွက် ရိုက်နှက်ခြင်း ကိုခံပြီး လက်ဝါးကပ်တိုင်ကနေ စီးထွက်လာတဲ့သွေးနဲ့ရေအားဖြင့် အသွေး (အပြစ်လွတ်ခြင်း) ရေ(စင်ကြယ်ခြင်း) မင်္ဂလာကျွန်တော်တို့ ရရှိတယ်။ ယေရှုခရစ်တော်အားဖြင့် စီးဆင်းလာတဲ့အရာက ထာဝရအသက်ဖြစ်တယ်။

ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ် သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေတွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည် ဟု မိန့်တော်မူ၏။ယောဟန် 7:37-38

ငါပေးသောရေကိုသောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေး သော ရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလိုငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ယောဟန် 4:14

             ဓမ္မကျောက်တည်းဟူသော ယေရှုခရစ်တော်သည် ရေကိုပေးတယ်။ ပထမကျောက်ကို တုတ်နဲ့ရိုက်တဲ့အခါ ယေရှုခရစ်တော်က လက်ဝါးကားတိုင်မှာ ကျွန်တော်တို့အတွက် အသေခံပေးခြင်းကို ပုံဆောင်တယ်။ ထာဝရအသက်ကို ရတယ်။ အပြစ်လွတ်ခြင်းသာမက ဖြောင့်မတ်သောသူဖြစ်ခွင့်ရတယ်။ ဒုတိယအကြိမ်မှာ ကျောက်ကိုတုတ်နဲ့ မရိုက်ခိုင်းတော့ဘူး။ ယေရှုခရစ်တော်က ဒုတိယအကြိမ် အသေမခံတော့ဘူး။  တစ်ခါတည်းအပြီး အကုန်လုပ်ပြီးသား ဖြစ်တယ်။ ကယ်တင်ခြင်းရပြီးသော်ငြားလည်းပဲ ခရစ်တော်ကြွလာတဲ့အထိ အောင်မြင်စွာ အသက်ရှင်သောသူ ဖြစ်ဖို့ရန်အတွက် နေ့တိုင်းလိုအပ်မှုတစ်ခုစီတိုင်းကို ခရစ်တော်က ပြင်ဆင်ထားပေမယ့် သင်က တစ်ခုခု ပြဿနာကြုံရတိုင်း ယေရှုကို ပြောရမယ့်အစား သင့်ဘေးက လူတွေကို သင်ပြောမိနေရင် သင်ပြန်လှည့်လာပြီး ကျောက်တည်းဟူသော ယေရှုခရစ်တော်နဲ့ စကားပြောတတ်ဖို့ အင်မတန်အရေးကြီးပါတယ်။

          မောရှေရဲ့ ခါနန်ပြည်မဝင်ရခြင်း ဆုံးရှုံးမှုက လူတွေကို FOCUS သွားလုပ်မိလိုက်လို့ဖြစ်တယ်။ သင့်အနေနဲ့ အခက်အခဲ ပြဿနာရင်ဆိုင်ရတဲ့အခါ ကျောက်ကိုမှာထားလော့ ကျောက်သည်ရေကိုပေးလိမ့်မည် လို့ နှုတ်ကပတ်တော်လာတဲ့အတိုင်း ကျောက်တည်းဟူသော ခရစ်တော်နဲ့ စကားပြောပါ။ ကယ်တင်ခြင်းရပြီးတဲ့ လူတစ်ယောက်က ပြဿနာကြုံရတဲ့အခါ လူကိုမပြောပါနဲ့။ ယေရှုခရစ်တော်ကို ပြောပါ။ ဘုရားသခင်က အကုန်စင်သိတဲ့ဘုရားဖြစ်တယ်။ ဒီကနေ့ ကျောက်တည်းဟူသော ခရစ်တော်ကို စကားပြောခြင်းအားဖြင့် မိမိအသက်တာမှာ တည်ဆောက်စရာများသာ ဖြစ်စေပါ။