DAILY BREAD
ကျွန်တော်တို့ရဲ့အသက်တာတွေက တစ်ဦးနဲ့တစ်ဦး ကောင်းကြီးပေးတတ်သော အသက်တာ ဖြစ်ကြပြီလား? ဘုရားရှင်ကိုလဲကောင်းကြီးပေးတတ်ပြီး ဘုရားသခင် ဖန်ဆင်းတဲ့ လူတွေကိုလဲ ကောင်းကြီးပေးတတ်မယ်ဆိုရင် ကြီးမားသော မင်္ဂလာရှိတယ်ဆိုတာ သိစေချင်ပါတယ်။ ဘုရားသခင်ဖန်ဆင်းတဲ့သူတွေကို ကောင်းကြီးပေးမယ့်အစား ပြစ်တင်ရှုံ့ချမိရင် အမင်္ဂလာဖြစ်စေတယ် ဆိုတာကိုလည်း ကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။ ကျွန်တော်တို့တွေက ကိုယ့်ကောင်းကြီး ကိုယ်ယူကြရအောင်။
ဘုရားမသိသူတွေက သူတစ်ပါးအမှားမြင်ရင် ကူညီရမှာထက် ထောက်ပြတာမျိူး၊ မေတ္တာနဲ့ ပြုပြင်ပေးတာထက် မပြုပြင်ပေးကြတဲ့အပြင် ရှုံ့ချအပြစ်တင်တာမျိူးလုပ်ကြတယ်။ မြေနိမ့်ရာလှံစိုက် ဆိုတာမျိူးလုပ်ကြတယ်။ လောကသားတွေက ဒီလိုပုံစံမျိူး ဖြစ်နေကြပေမယ့် ကျွန်တော်တို့ကတော့ ဒီလိုပုံစံမျိူးမဖြစ်ရဘူး။ လောကပုံသဏ္ဍန်နဲ့မတူတဲ့ အောင်မြင်သူများရဲ့ အသက်တာက လောကရဲ့အလင်း လောကရဲ့ဆား ဖြစ်နေရမှာဖြစ်တယ်။ စိတ်နှလုံးကောင်းစားရင် အရာရာ ကောင်းစားခြင်းရှိမယ် ဆိုတော့ စိတ်နှလုံး ကောင်းစားခြင်းဆိုတာ ဘုရားသခင်ကို ကောင်းကြီးပေးတတ်တဲ့ အသက်တာဖြစ်တယ်။
အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ ငါ၏ အထဲမှာ ရှိသမျှတို့၊ သန့်ရှင်းသော နာမတော် ကို ကောင်းကြီးပေးကြလော့။ဆာလံ 103:1
ဒါဝိတ်မင်းကြီးရဲ့အသက်တာမှာဆိုရင် ဘုရားသခင်ကို အမြဲတမ်းကောင်းကြီးပေးတတ်တဲ့ အသက်တာ ဖြစ်နေတယ်။ ဒါဝိတ်မင်းကြီးက ဘုရားသခင်ကို ကောင်းကြီးပေးတတ်သလို လူတိုင်းကို ကောင်းကြီးပေးတတ်တာကိုပဲ သူအမြဲတမ်း ရွေးချယ်တယ်ဆိုတာကို တွေ့ရတယ်။ ဒါဝိတ်မင်းကြီးက သူ့သားနန်းလုလို့ နန်းတော်ထဲက ဆင်းပြေးရတဲ့ အချိန်မှာတုန်းက ဆိုရင် ရှောလုရဲ့အမျိူးအနွယ်ဖြစ်တဲ့ ရှိမိဆိုတဲ့ လူကလာပြီး အမျိူးစုံ ဆဲရေး နှောင့်ယှက်ခဲ့တယ်။ ဒါပေမယ့်သူတစ်ခွန်းမှ ပြန်မပြောခဲ့ဘူး။ နန်းလုတဲ့သားသေသွားပြီး သူနန်းပြန်တက်တဲ့အခါ သူ့ကို ဆဲခဲ့တဲ့ ရှိမိက ပြန်လာပြီးတောင်းပန်တဲ့အခါ အပြစ်တင်စကားတစ်ခွန်းမှ မပြောပဲ ဒါဝိတ်မင်းကြီးက နားလည် ခွင့်လွှတ်ပေးခဲ့တယ်။ ဒါဝိတ်က သူ့ရဲ့စိတ်နှလုံးကောင်းစားတဲ့အတွက် သိုးကျောင်းသားဘဝကနေ ဘုရင်ဖြစ်ရတဲ့အခွင့်ကို ဘုရားသခင်က ချီးမြှောက်တယ်၊ ပြင်ဆင်ပေးတယ်။ ကျွန်တော်တို့အသက်တာမှာ ရွေးချယ်မှုမှန်ကြရအောင်။
လူတိုင်းမှာ အားနည်းချက်တွေ ရှိသလို တစ်ချိန်ထဲမှာ အားသာချက်တွေလဲ ရှိတယ်။ ကျွန်တော်တို့တွေက အားသာချက်ကိုမြင်တတ်ပြီး သူတစ်ပါးကို ချီးမွမ်းတတ်သော အသက်တာတွေ ဖြစ်ရမှာဖြစ်တယ်။ ကျွန်တော်တို့တွေ အတိတ်မှာ ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်က သင့်ကို ပြန်ပြီး မလှည့်စားစေပါနဲ့။ အတိတ်က မကောင်းတဲ့အရာတွေ သင့်ကိုပြန်ပြီး လက်ညှိုးထိုးနေရင်တော့ အဲဒါက ဘုရားလုပ်နေတာမဟုတ်ဘူး။ စာတန်ရဲ့လုပ်ရပ်ဖြစ်တယ်။ စာတန်ကတော့ သင့်ကို အမျိူးစုံသောနည်းနဲ့ ဆွဲချနေမှာပဲ။ ကျွန်တော်တို့ကို အမြဲတမ်းအားပေးနေပြီး ကျွန်တော်တို့ကောင်းကြောင်းတွေ အမြဲပြောနေသူရှိပါတယ်။ အဲဒါကတော့ ယေရှုခရစ်တော်တစ်ပါးတည်းပဲဖြစ်တယ်။
ဒီနေ့ကစပြီး ကိုယ့်အသက်တာသာမကဘူး သူများအသက်တာကိုပါ ကောင်းကြီးဖြစ်စေဖို့ ကျွန်တော်တို့ရဲ့ ရွေးချယ်မှု မှန်ရအောင်။ ဘာကိုရွေးချယ်မလဲ? သူများရဲ့အားနည်းချက်ကို ထောက်ပြီးပြောမယ့်အစား သင်က ဘုရားသခင်ရဲ့ သွန်သင်မှုကို ခံယူရင်း သူတစ်ပါးကို ချီးမွမ်းတတ်သော နှလုံးသားများမွေးမြူပါ။ တစ်ယောက်နဲ့တစ်ယောက်ပြစ်တင်ဝေဖန် ကဲ့ရဲ့ရှုတ်ချနေခြင်းက သင့်အမင်္ဂလာကို သင့်အိမ်ထဲကို ဝင်ရောက်ဖို့ ဖိတ်ခေါ်နေသလိုပါပဲ။ ဒီဝမ်းနည်းခြင်း ဆုံးရှုံးခြင်းတွေကို သင်ကဖိတ်ခေါ်နေသလိုပါပဲ။
ထိုကြောင့်၊ သင်တို့သည်ယခုပင်ပြုသည်နည်းတူ၊ အချင်းချင်း တိုက်တွန်း၍ တယောက်ကို တယောက် တည်ဆောက်ကြလော့။၁သက်5:11
တစ်ယောက်နဲ့တစ်ယောက် ရွေးချယ်တိုက်တွန်းတတ်တဲ့သူတွေ ဖြစ်ပါစေ။ ပြီးတော့ အချင်းချင်း မြှင့်တင်ပေးတတ်တဲ့ အသက်တာတွေဖြစ်ပါစေ။ သူစိတ်ဓါတ်ကျနေရင် ကိုယ်ကသူ့ကို ကောင်းကြီးပေးပြီး ဆွဲထူနိုင်သောသူ ဖြစ်ပါစေ။ သူတစ်ပါးကို တည်ဆောက်ပေးတဲ့ အသက်တာတွေဖြစ်ကြပါစေ။ ဘုရားသခင်က အသိုင်းအဝိုင်းကို ထားရှိ ပေးခြင်းက တစ်ဦးနှင့်တစ်ဦး မိဿဟာယဖွဲ့ပြီး ကူမပေးနိုင်ဖို့အတွက်ဖြစ်တယ်။ လူတစ်ယောက်က သူလုပ်နိုင်တယ် ဆိုတာ ထက် ပိုလုပ်နိုင်တယ် ဆိုတာ သူ့ကိုယ်သူမသိတဲ့အခါ သူစိတ်ဓါတ်ကျခြင်းဖြစ်တယ်။ လူတွေ ဘယ်လောက် ကဲ့ရဲ့ပါစေ။ သင်ဘယ်လောက် ဝမ်းနည်းနေရပါစေ သင့်အတွက် သင့်ကိုချစ်ပြီး သင့်ကိုနှစ်သိမ့်ပြီး အမြဲဂရုစိုက်နေတဲ့ ဘုရားရှင် ရှိနေပါတယ်။
သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည်အဆွေ ခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏။ သုတ္တံ 27:17
သံကိုသံဖြင့် ထက်စေသကဲ့သို့ ဆိုတာ လူ ကို လူအချင်းချင်း အားပေးစကားပြောကြခြင်းက သင့်ကို ပိုပြီး ထက်မြက်လာစေတယ်။ တိုးပွားစေတယ်။ လွတ်မြောက်သွားစေတယ်။ အောင်မြင်စေတယ်။ တစ်ဦးနှင့်တစ်ဦး ချိူးနှိမ်ပြောဆိုခြင်းက လောက အသိုင်းအဝိုင်းမှာပဲရှိပါစေ။ သင့်အသက်တာထဲ မှာ မရှိပါစေနဲ့။ အားပေးစကားပြောခြင်းက သိပ်မင်္ဂလာကြီးပါတယ်။ မိတ်ဆွေကောင်းဆိုတာ သူတကယ်လိုအပ်နေချိန်မှာ မစခြင်းက အကောင်းဆုံးမိတ်ဆွေဖြစ်တယ်။ သူတစ်ပါးကို မစတတ်ခြင်း ကူမတတ်ခြင်းက သင့်မင်္ဂလာတွေကို သင်ယူနေတာဖြစ်တယ်။ သင့်ရဲ့ပြောဆိုခြင်းက သူတစ်ပါးကို အားမဖြစ်စေပဲ စိတ်ဓါတ်ကျစေတဲ့အရာဆိုရင် သင့်အမင်္ဂလာကို သင့်ဆီပြန်ဝင်လာစေတယ်။ တစ်ဦးနဲ့တစ်ဦး တည်ဆောက်ပေးကြပါ။ လောကရဲ့ဆား လောကရဲ့အလင်းဖြစ်တဲ့ ဘုရားသားသမီးတွေက သူတစ်ပါး မကောင်းကြောင်း ပြောတာမျိူး ကြုံရရင် သင်က အဲ့ဒီမကောင်းပြော ခံရတဲ့သူရဲ့ အားနည်းချက်တွေထဲကနေ အားသာချက်ကို ယူပြီး ပြန်ပြောပေးတတ်ရင် သင်က မင်္ဂလာဖြစ်စေသောသူ သူတစ်ပါးကို ကောင်းကြီးဖြစ်စေသောသူ ဖြစ်လာမယ်။
တောလည်ရာကျမ်း အခန်းကြီး ၁၂ မှာ မောရှေက ကုရှအမျိူးသမီးနဲ့ စုံဖက်လိုက်တဲ့အခါ တစ်ပါးအမျိူးသမီး ဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ အစ်ကို နဲ့ အစ်မ တို့ကမောရှေကို မထီမဲ့မြင်ပြုလာတယ်။ ပြစ်တင်စကားတွေ ပြောလာတယ်။ ဘုရားလူဖြစ်ပြီး ကုရှအမျိူးသမီးကို ယူတာက မောရှေကိစ္စ မောရှေအပိုင်း၊ ဒါပေမယ့် သွားပြီး အပြစ်တင်တဲ့ အာရုန်နဲ့မိရိအံတို့ မြင်သလို ဘုရားက မောရှေကို မမြင်ဘူး။ လူမြင်သည့်အတိုင်း ဘုရားကမမြင်ဘူး။ ဘုရားမြင်တတ်သလို သင်မြင်တတ်ဖို့ သင့်ရဲ့အသက်တာကို ဒီကနေ့ကစပြီး ပြန်ဆက်ကပ်ပါ။ လောကသားမြင်သလို လောကသားတွေ အပြစ်တင်တတ်သလို သင်က မြင်နေရင်တော့ ဘုရားသခင်ရဲ့အမွေခံရာ နယ်မြေကို သင်ဆုံးရှုံးရလိမ့်မယ်။ ဘုရားသားသမီးအတွက် ဘုရားသခင်ပြင်ဆင်ထားတဲ့ ကောင်းကြီးမင်္ဂလာတွေအထဲ သင့်ကို ဘုရားသခင် ဘယ်တော့မှ ပို့ဆောင်နိုင်မှာ မဟုတ်ဘူး။
ဘုရားသားသမီးတွေ အထူးသတိပြုရမှာက လောကသားတွေမြင်သလို အပြစ်တင်သလို မလုပ်မိဖို့ အရေးကြီးတယ်။ မောရှေကို မိရိအံနဲ့အာရုန်တို့က အပြစ်တင်စကားပြောကြတာကို ဘုရားက ကြားကြားခြင်းမှာ ဘာပြောခဲ့လဲဆိုရင်
မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူ အပေါင်းတို့ထက် သာ၍ နူးညံ့သိမ်မွေ့သော သဘော ရှိ၏။တောလည် 12:3
လို့ပြောခဲ့တယ်။ မြေကြီးတစ်ပြင်လုံးက ဘုရားရဲ့အရှေ့မှာပဲရှိနေတယ်။သူ့အရှေ့မှာ ဘာတစ်ခုမှ ဖုံးကွယ်ဝှက်ထားလို့မရဘူး။ မြေကြီးတစ်ပြင်လုံးကို ငါကြည့်လိုက်တဲ့အခါ မင်းတို့မကောင်းဘူးလို့ အပြစ်တင်နေတဲ့မောရှေ လောက် နူးညံ့သိမ်မွေ့တဲ့သူကို ငါမတွေ့သေးဘူး အဲ့ဒါကြောင့် ငါသူ့ကို ရွေးကောက်ခဲ့တာ မင်းတို့အပြစ်တင်သလို ငါကမမြင်ဘူး လို့ ဘုရားက ပြောလိုက်တာ ဖြစ်တယ်။ မောရှေကို အပြစ်တင်တဲ့ မိရိအံနဲ့အာရုန် ကပဲဒုက္ခရောက်ရတယ်။ မောရှေက ပြန်ဆုတောင်းပေးရတဲ့အခြေအနေဖြစ်သွားခဲ့ရတယ်။ မဟုတ်ရင် သူတို့နှစ်ယောက်အဖြစ်က မလွယ်ဘူး။
အပြစ်တင်တတ်တဲ့သူက အမင်္ဂလာ အမြဲတမ်းဖြစ်တယ်။ ဘုရားသဘာဝကတော့ အမြဲတမ်း ချီးမွမ်းတတ်တယ်။ မိရိအံနဲ့အာရုန် တို့က လူ့အမြင်နဲ့ မောရှေကို ကဲ့ရဲ့အပြစ်တင်နေပေမယ့် မောရှေက ဘုရားအမြင်မှာတော့ ချီးမွမ်းစရာကောင်းတဲ့ လူတစ်ယောက်ဖြစ်နေခဲ့တယ်။ လူတစ်ယောက်ကို မကောင်းမြင်တဲ့အရာက ဘုရားသခင်ဆီက လာတာမဟုတ်ဘူး စာတန်ဆီက လာတယ် ဆိုတာ ရှင်းလင်းစွာသိမြင်ရတယ်။ကျမ်းစာထဲမှာ နောက်တစ်ယောက်ကို ထပ်မြင်ရတာက ယောဘဖြစ်တယ်။ ဘုရားသခင်သားတွေ ဘုရားသခင်ထံ ခစားဖို့အချိန်ရောက်လို့ လာကြတဲ့အခါ လောကထဲလှည့်လည်လျှောက်သွားနေတဲ့ စာတန်ကလဲ ရောနှောပြီးပါလာတယ်။ ဘုရားသခင်က သင်သည် အဘယ်အရပ်က လာသနည်းလို့ မေးတဲ့အခါမှာ စာတန်က မြေကြီးပေါ်မှာ လှည့်လည်ပြီး အရပ်ရပ်ကို သွားပြီးလာတယ်လို့ ပြန်ဖြေတယ်။
ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။ ယောဘ 1:8
ဘုရားသခင်ရဲ့ ယောဘအပေါ်ထားတဲ့အမြင်က သူ့လောက်စုံလင်ဖြောင့်မတ်သူမရှိဘူးလို့ ချီးမွမ်းတယ်။ သူ့ရဲ့သားသမီး လူတွေကို ဘုရားမြင်တဲ့အမြင်က သူများနဲ့မတူဘူး။ မောရှေတုန်းကလည်း ဘုရားအမြင်က သူ့လောက် နူးညံ့သိမ်မွေ့တဲ့သူမရှိဘူးလို့ ပြောခဲ့သလို ယောဘကိုလည်း သူ့လောက်စုံလင်ဖြောင့်မတ်သူမရှိဘူး လို့ဘုရားက ချီးမွမ်းတယ်။ ဒီအခါ အပြစ်တင်တတ်တဲ့ စာတန်က ယောဘကို ကဲ့ရဲ့ရှုံ့ချစကားတွေပြောတယ်။ အဲ့ဒီအခါ ဘုရားက စာတန်ကို ယောဘရဲ့အသက်ကို မထိခိုက်စေဖို့မှာပြီး ယောဘကို စုံစမ်းဖို့ စာတန်ကို အခွင့်ပေးလိုက်တယ်။ စာတန်က အကုန်လုံးကို ဖျက်ဆီးပစ်ပေမယ့် ယောဘက ဘုရားကို ဆက်ပြီးကိုးကွယ်နေတယ်။ ဒါပေမယ့် ယောဘရဲ့မိတ်ဆွေ သုံးယောက်က လာပြီးတော့မှ အပြစ်တင်တယ် ကဲ့ရဲ့တယ် ရှုံ့ချတယ်။ အဲ့ဒီအခါမှာ အဲ့ဒီသုံးယောက်ကို ဘုရားသခင်က စီရင်ဖို့လုပ်ပေမယ့် ယောဘက ပြန်ပြီးတော့ ဆုတောင်းပေးခြင်းကြောင့်သာလျင် အဲ့ဒီသုံးယောက်က လွတ်သွားခဲ့တာဖြစ်တယ်။
မိရိအံနဲ့အာရုန်လဲမောရှေရဲ့ဆုတောင်းပေးခြင်းကြောင့် လွတ်သွားခွင့်ရသလို ယောဘရဲ့ မိတ်ဆွေသုံးယောက်လဲ ယောဘရဲ့ဆုတောင်းပေးမှုကြောင့် လွတ်ခွင့်ရသွားခဲ့တာဖြစ်တယ်။ သင်တို့ရဲ့အသက်တာမှာ သင့်တို့ကို အပြစ်တင် ကဲ့ရဲ့ရှုံ့ချသူတွေကို သင်တို့က ပြန်လည်ပြီး ဆုတောင်း ကောင်းကြီးပေးတတ်တဲ့ အသက်တာတွေ ဖြစ်ကြပါစေ။ ကိုယ် ကိုယ်တိုင်ကလဲ သူတစ်ပါးကို အပြစ်တင်ကဲ့ရဲ့မိခဲ့ရင် စီရင်မိရင် ကိုယ့်အပြစ်ကို ဖော်ပြတောင်းပန်ပါ၊ ဘုရားသခင်က စုံလင်တဲ့အရှင်ဖြစ်လို့ သင့်ရဲ့ဒုစရိုက် အပြစ်အားလုံးကို ဖယ်ရှားပေးလိမ့်မယ်။ ဒီကနေ့ကစပြီး တစ်ယောက်နဲ့တစ်ယောက် ကောင်းကြီးပေးရအောင်။ ဘုရားသခင်က ဘယ်သူ့ကိုမှ ကဲ့ရဲ့ ပြစ်တင် ရှုံ့ချတာ မကြိုက်ဘူး။ တစ်ဦးနှင့်တစ်ဦး ကဲ့ရဲ့နေတဲ့ အပြစ်တင်နေတဲ့ မှောင်မိုက်လောကကြီးထဲမှာ သင့်အသက်တာအားဖြင့် အလင်းဖြစ်စေဖို့ ဆားဖြစ်စေဖို့ သင်ဒီနေ့ကစပြီး ဘာလုပ်မလဲ ဆိုတဲ့အခါမှာ တစ်ယောက်ကောင်းကြောင်း တစ်ယောက်ပြောတတ်တဲ့ အသက်တာတွေ ဖြစ်ကြရအောင်။ တစ်ယောက်လဲသွားရင်တောင်မှ ကျွန်တော်တို့က ပြန်လည်ထူမပေးတတ်ဖို့ သူ့ရဲ့နေမြဲနေရာမှာ ပြန်လည်တည်စေဖို့အတွက် ကျွန်တော်တို့က ဖေးမပေးတတ်ဖို့ ဘုရားကအလိုတော်ရှိပါတယ်။
ယေရှုခရစ်တော်ရဲ့ သဘောသဘာဝကို (မဿဲ 11) မှာတွေ့ရတယ်။ စိတ်ညှိူးငယ်ပြီး အားလျော့နေတဲ့ ထောင်ထဲ ရောက်နေတဲ့ ဗိတ္တိဇံဆရာယောဟန်က သူ့တပည့်နှစ်ယောက်ကို ယေရှုဆီ စေလွှတ်ပြီး ကိုယ်တော်က ကြွလာသောသူအမှန်လား တစ်ခြားသူကို မျှော်လင့်ရမှာလားလို့ မေးခိုင်းတဲ့အခါ ယေရှုကလည်း သူတို့ ကြားသမျှမြင်သမျှ နမိတ်လက္ခဏာတွေကို ယောဟန်ကို ပြန်ပြောပါဆိုပြီး တပည့်နှစ်ယောက်ကို ပြန်ပြောခိုင်းတယ်။ ပြီးတော့ ယေရှုက ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ လို့ပြောခိုင်းခဲ့တယ်။ တပည့်နှစ်ယောက်ကလည်း ပြန်သွားတယ်။
သူတို့ ထွက်သွားပြီးတော့မှ ယောဟန်မကြားလိုက်တဲ့အကြောင်းကို ယေရှုပြောတယ်။ အဲ့ဒါက ဘာလဲဆိုရင် ယောဟန်တပည့်နှစ်ယောက် ထွက်သွားပြီးတော့မှ ယေရှုက “ငါအမှန်ဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက်ကြီးမြတ်သောသူ တ ယောက်မျှ မပေါ်မထွန်းသေး။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ ကြီးမြတ်၏။” (မဿဲ 11:11) လို့ပြောခဲ့တယ်။ လူတွေက ယောဟန် ထောင်ထဲရောက်တာကို ကဲ့ရဲ့နေကြချိန်မှာ ယေရှုက ယောဟန်ကို ချီးမွမ်းနေတာဖြစ်တယ်။ ဘုရားရဲ့သဘောသဘာဝက ချီးမွမ်းခြင်းဖြစ်တယ်။ ဘုရားရဲ့သားသမီးတွေမှန်ရင် တစ်ယောက်နဲ့တစ်ယောက်ချီးမွမ်းတတ်သောသူ ဖြစ်ရမယ်။
မောရှေမရှိတော့တဲ့အခါ ကြမ်းတမ်းတဲ့စရိုက်ပေါင်းစုံနဲ့ ရှိနေတဲ့ လူအုပ်ကြီးကို ဦးဆောင်နေရတဲ့ ယောရှုက အားငယ်စိတ်တွေ ရှိနေပေမယ့် ယောရှုကို ဘုရားသခင်က အားပေးစကားတွေပြောပြီး ဦးဆောင်စေခဲ့သလို ကျွန်တော်တို့ကလည်း တစ်ယောက်နဲ့တစ်ယောက် အားပေးစကားတွေနဲ့ ဖေးကူကြရအောင်။မြှင့်တင်ပေးရအောင်။
“ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစုံတခုသော ဒုစရိုက်ကိုပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရ သောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့ နူးညံ့သောသဘောနှင့် ထိုသို့သောသူကို မစ၍၊ သူ၏ နေရာ၌တည်မြဲ တည်စေပြန်ကြလော့။” (ဂလာတိ6:1)
ဒီကနေ့ လောကကြီးမှာ တစ်ယောက်နဲ့တစ်ယောက် ကဲ့ရဲ့အပြစ်တင်ခြင်း ဝေဖန်ရှုံ့ချခြင်းတွေပဲ များနေတယ်။အဲ့ဒီအထဲမှာ ကျွန်တော်တို့တွေမပါပဲ တစ်ယောက်လဲနေရင် တစ်ယောက်က ထူဖို့အသင့်ဖြစ်နေသူတွေ တစ်ယောက်နဲ့တစ်ယောက် ဖေးမသောသူတွေ တစ်ယောက်ကအနှိမ်ခံနေရရင်သူနဲ့အတူရပ်တည်ပေးပြီးတော့မှ လက်တွဲကူတဲ့သူတွေ ဖြစ်ဖို့အရေးကြီးပါတယ်။ ဝိုင်းပြီး ကဲ့ရဲ့အပြစ်တင်သူတွေက ဆုံးရှုံးသွားတယ်။ ဒါပေမယ့် ချီးမွမ်းတတ်သူ အားပေးတတ်သူ ပြန်ထူမပေးသူကတော့ သူများနဲ့မတူတဲ့ မင်္ဂလာကို ခံစားရတယ်။ ဘာကြောင့်လဲ? ခရစ်တော်ရဲ့ သဘောသဘာဝက အဲ့အတိုင်းပဲမို့လို့ဖြစ်တယ်။
ကျမ်းစာထဲမှာ လူတွေဝိုင်းပြီးအပြစ်တင်နေကြတယ်၊ အဲ့လူတွေက ခဲနဲ့ပေါက်တာကို ခံရမယ့်အမျိူးသမီး အကြောင်းမှာ ယေရှုက လူအုပ်ကြီးကို မင်းတို့မှာ အပြစ်မရှိဘူးလို့ခံစားရတဲ့သူက ခဲနဲ့အရင်စပေါက်လိုက်ကွာလို့ပြောတဲ့အခါ လူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားခဲ့တယ်။ နောက်ဆုံးမှာ စီရင်မယ့်သူ တစ်ယောက်မှ မရှိတော့ပဲ ယေရှုကလည်း အဲ့ဒီအမျိူးသမီးကို ငါလည်းပဲ မင်းကို မစီရင်ဘူးလို့ပြောပြီး နောက်တစ်ခါ ဒီထက်ဆိုးတဲ့ ဘေးမတွေ့ဖို့ ဆက်ပြီး ဒုစရိုက်ကို မပြုနဲ့လို့ပြောခဲ့တယ်။ အပြစ်တင်တာနဲ့ အပြစ်ကို ဖော်ပြတာနဲ့ မတူပါဘူး။ အပြစ်တင်တာက ဆွဲချဖို့ အပြစ်ဖော်ပြတာက ဆွဲတင်ဖို့ ။မတူဘူးနော်။ စာတန်က အပြစ်တင်တာ ဖြစ်ပြီး ဆွဲချတယ်။ မင်းမှာလွတ်မြောက်ဖို့လမ်းမရှိတော့ဘူး မင်းကိုယ်မင်း သတ်သေဖို့ပဲ ကောင်းတယ်လို့ ပြောပြီး အပြစ်တင် ဆွဲချတာဖြစ်တယ်။
သန့်ရှင်းသော ဝိညာဥ်တော်က အပြစ်မတင်ဘူးနော် ။ အပြစ်ကိုဖော်ပြတယ်။ မေတ္တာစိတ်နဲ့ အပြစ်ကိုဖော်ပြရင် သူ့ရဲ့အသက်တာက နောင်တနဲ့ ပြန်တိုးဝင် လာတဲ့အခါ ချီးမြှောက်ဖို့ အကြောင်း ဖြစ်လာတယ်။ အပြစ်တင်တဲ့သူက စေတနာ မေတ္တာမရှိဘူး။ အပြစ်ဖော်ပြတာက မေတ္တာနဲ့ ဆွဲတင်ဖို့ အကြောင်းဖြစ်စေတယ်။ သန့်ရှင်းသောဝိညာဥ်တော်က အပြစ်ကို ဖော်ပြတဲ့အခါ နောင်တနဲ့ ဘုရားသခင်ထံတိုးဝင်လာရင် အမင်္ဂလာကနေ မင်္ဂလာဖြစ်စေပြီး ကောင်းကြီးဖြစ်စေတယ်။ တစ်ယောက်နဲ့တစ်ယောက်ဆုတောင်းပေးခြင် ဖေးမခြင်းတွေနဲ့ ကောင်းကြီးပေးတတ်ခြင်းအားဖြင့် သင်က မင်္ဂလာရှိသောသူ ဖြစ်လာမှာ ဖြစ်ပါတယ်။