Daily Bread

Mar 27, 2024    Pastor David Lah


အထက်ကဗျာဒိတ်တော်အသံသည် မြေကြီးကိုလှုပ်သည် ဖြစ်၍၊ ယခုတဖန်ငါသည် မြေကြီးနှင့် ကောင်းကင်ကိုလှုပ်ဦးမည်ဟု ဂတိတော်ရှိ၏။ တဖန်ဟူသောစကား၏ အဓိပ္ပါယ်ကား၊ မလှုပ်သော အရာတို့ကို တည်စေခြင်းငှါ၊ လှုပ်သောအရာတို့ကို လောကီအရာကဲ့သို့ ပယ်ဖျက်လိမ့်မည်ဟု ဆိုလိုသတည်း။ (ဟေဗြဲ 12:26-27)


               ဒီနေ့ဆင်ခြင်စရာနှုတ်ကပတ်တော်က ဟေဗြဲ 12 မှာရှိတဲ့အကြောင်းအရာဖြစ်ပါတယ်။ ဒီကနေ့ လောကကြီးက အင်မတန် မေတ္တာခေါင်းပါးနေပြီး မတရားမှုတွေနဲ့ ပြည့်နေပြီ။ မကောင်းတဲ့လူကို အကောင်းလို့ခေါ်နေကြတယ်။ ဒါပေမယ့် ကောင်းတဲ့လူကိုကျတော့ မကောင်းဘူးလို့ မြင်နေကြပြန်တယ်။ နှုတ်ကပတ်တော်နဲ့ အသက်ရှင်နေတဲ့ လူတွေကို ကျတော့ အလကား အပိုတွေပါကွာလို့ ထင်နေတယ်။ ကဲ့ရဲ့ ကြတယ်။ အပြစ်တင်ရှုံ့ချကြတယ်။ နေချင်သလိုနေ လုပ်ချင်သလိုလုပ်ပြီး သန့်ရှင်းခြင်းမရှိတဲ့ အသက်တာတွေကိုတော့ ဒါကသူတို့ခေတ် သူတို့စတိုင်ဆိုပြီး ပြောကြတယ်။


                 ကျွန်တော့်ဆီမှာ သက်သေခံတဲ့အမျိူးသမီးတစ်ဦးက လောကကြီးက မတရားဘူးလို့ပြောတယ်။ ဘာကြောင့်လဲဆိုရင် သူကယောက်ျားရိုက်တာကိုလဲ ခံရတဲ့အပြင် အမှုဖြစ်ပြီး တရားစီရင်တော့ အမှုလဲရှုံးတယ် မိခင်ဖြစ်လျက်နဲ့ ကလေးကိုပါ သူဆုံးရှုံးလိုက်ရတယ်။ တစ်ဖက်ကို ပေးလိုက်ရတယ်။ သူကပြောတယ် လောကကြီးကမတရားဘူးတဲ့၊ ဟုတ်ပါတယ် လောကကြီးကမတရားဘူး၊လှုပ်နိုင်တဲ့အရာထဲမှာ ဒီမတရားမှုလဲ ပါနေတယ်။


               မတရားမှု ဘယ်လောက်ပဲရှိပါစေ တရားသောနေမင်းက အချိန်တန်ရင်ပေါ်ထွက်လာမှာ ဖြစ်တယ်။ ဘုရားသခင်က အချိန်တန်တဲ့အခါမှာ ဖြောင့်မတ်စွာစီရင်မယ့် ဘုရားသခင်ဖြစ်တယ်။ သို့သော်ငြားလည်း မတရားဘူးဆိုပြီး မတရားတဲ့ လူတွေကို အာရုံသွားစိုက်နေတာကိုက ကျွန်တော်တို့ရဲ့ အမှားဖြစ်နေတာ။ မတရားဘူးဆိုတာသိရင် မတရားတဲ့အရာကို အာရုံစိုက်မလား? တရားသဖြင့်စီရင်တဲ့ ဘုရားကို အာရုံစိုက်မလား? ဘုရားလုပ်ပေးမယ်ဆိုတာ မျှော်လင့်ပြီးတော့ ဝမ်းမြောက်တတ်တဲ့ အသက်တာဖြစ်ဖို့ အရေးကြီးတယ်။


                  တစ်ချိူ့ကရှိတယ်၊အောင်မြင်ချင်တာက ပြန်ကလဲ့စားခြေချင်လို့။ သင့်ရဲ့focus က မမြဲသောအရာဖြစ်တဲ့ ကလဲ့စားခြေချင်တဲ့၊ ကြွားဝါချင်တဲ့ အောင်မြင်ခြင်းဆိုတဲ့ အရာမှာ ရှိနေရင် သင့်ရဲ့focus ကမှားနေတဲ့အတွက် ကြောင့် သင်ဘယ်တော့မှ အောင်မြင်ခြင်းရမှာမဟုတ်ဘူး။ သင်အရမ်းဆုတောင်းနေပေမယ့် သင့်ရဲ့focus ကမှားနေတဲ့အတွက် သင်က ဆက်ပြီးရှုံးနိမ့်နေအုံးမှာပဲ။ လောကမှာ ဘယ်သူက ကိုယ့်အပေါ်အကောင်းဆုံးလို့ပဲ ပြောနေပါစေ၊ သင်သူ့အပေါ်သွားပြီး သင့်အသက်တာကို တည်ဆောက်ထားလို့ မရဘူး။ တကယ်တော့ အကောင်းဆုံးပြင်ဆင်ထားပေးတာက သင့်ရဲ့ဘုရားပါ။


         ဘုရားသခင် ပြောထားတာက လှုပ်နိုင်သောအရာတွေကို ငါလှုပ်မယ်။ ဘာကြောင့်လဲ ဆိုတော့ မလှုပ်နိုင်တဲ့ အရာတွေကို သာ၍မြင်တတ်ဖို့။ ဘုရားသခင်က ရူပါရုံနဲ့ အလုပ်လုပ်တဲ့ဘုရားပါ။ ဘုရားသခင်ထံတိုးဝင်တဲ့အခါ အောင်မြင်ဖို့ ရဖို့ မကိုးကွယ်ပါနဲ့။ ဘုရားနဲ့ မိဿဟာယဖွဲ့ဖို့ ဘုရားသခင်နဲ့အချိန်ယူတတ်ခြင်းသာဖြစ်ပါစေ။


             ဘုရားသခင်က သင့်ကို တည်မြဲတဲ့အရာသိဖို့ရန်အတွက် တစ်ခါတစ်လေမှာ သင့်ကို အောက်ဆုံးထိ ဆွဲချပစ်လိုက်တယ်။ အဲဒီအချိန်မှာ ကိုယ်တော်ဘာလို့ ကျွန်တော့်ကို ဒီလောက်ထိလုပ်တာလဲ လို့သင်မေးရင် ဘုရားသခင်က မင်းဆီမှာ ဘယ်သူမှသစ္စာမရှိဘူးဆိုတာ မင်းသိပြီလားလို့ ပြလိမ့်မယ်။


                တည်မြဲတဲ့ခိုလှုံရာက ကိုယ်တော်ပါပဲဆိုတာကို သိရှိသွားဖို့ ၊ ကျွန်တော်တို့ရဲ့ ခိုလှုံရာက ကိုယ်တော့်မှာပဲရှိပါတယ် ဆိုတာကို သိသွားဖို့ တစ်ခါတစ်လေမှာ ကျွန်တော်တို့ရဲ့ အသက်တာက ခါထုတ်ခြင်းခံရတဲ့ အရာတွေရှိတယ်။


မလှုပ်သော အရာတို့ကို တည်စေခြင်းငှါ၊ လှုပ်သောအရာတို့ကို လောကီအရာကဲ့သို့ ပယ်ဖျက်လိမ့်မည်ဟု ဆိုလိုသတည်း။


                    အာဗြံဟံရဲ့အသက်တာမှာ သူတစ်ဦးတည်းသောသားကို ဘုရားတောင်းတဲ့အခါ ၊ ဟုတ်ကဲ့ ဆိုပြီးမငြင်းပဲ ဘုရားကို ပြန်ပေးတယ်။ ဒီသားက ဘုရားပေးလို့ရတာ ဖြစ်တယ်။ ယောဘရဲ့အသက်တာမှာလည်း တစ်ခုပြီးတစ်ခု ဆုံးရှုံးသွားပြီး ဘာမှမကျန်တော့တဲ့အခါမှာ လည်း ဘုရားသခင်ပေးတယ် ဘုရားသခင် ပြန်ရုတ်သိမ်းတယ် ဘုရားသခင်နာမ ဘုန်းကြီးပါစေ။

ဘုရားသခင်ထံက ကောင်းတာတွေ ငါတို့ခံစားရသလို ဆိုးတာတွေရော မခံထိုက်ဖူးလား လို့ယောဘက သူ့မိန်းမကို ပြောခဲ့တယ်။ ထိုအမှုအရာများ ကြုံတွေ့ရသော်ငြားလည်းနှုတ်ကနေ တစ်စက်လေးတောင်မှ ဘုရားကို မပြစ်မှားခဲ့ဘူး။ ယောဘတို့ကို ဘုရားသခင်ဘာကြောင့်နှစ်သက်ရလဲ? သူ့ရဲ့စွဲလမ်းရာ သူ့ရဲ့focus က တည်မြဲသောဘုရားမှာ ဖြစ်နေလို့ပဲ။ အဲ့ဒီအခါမှာ ဘုရားသခင်က သူတို့ကို အံ့သြဖွယ်ရာ ပြန်ပြီးချီးမြှောက်တယ်။


        သင်ကရော ဘယ်အရာတွေမှာ စိတ်စွဲလမ်းနေလဲ? သင်သိပ်ချစ်တဲ့သူတွေ လောကရဲ့ စွဲလမ်းခြင်းတွေက တည်မြဲတဲ့အရာတွေ တစ်ခုမှမဟုတ်ဘူး။ အားလုံးက လှုပ်နိုင်တဲ့အရာတွေပဲဖြစ်တယ်။ နှုတ်ကပတ်တော်မှာပဲ ကျွန်တော်တို့ အသက်တာကို တည််ဆောက်ထားဖို့ အရေးကြီးတယ်။ ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည် လို့ဘုရားကပြောထားတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ စကားအပေါ်မှာ သင့်ဘဝကို မတည်ဆောက်ထားပါနဲ့။ နှုတ်ကပတ်တော်အပေါ်မှာပဲ ကျွန်တော်တို့အသက်တာကို တည်ဆောက်ထားကြပါ။


             အာဗြံဟံက သူ့မိန်းမရဲ့ စကားအပေါ်တည်ဆောက်လိုက်မိတဲ့အခါ သူတို့ရဲ့ကျွန်မဟာဂရနဲ့ သွားအိပ်ပြီး ကလေးရလာပေမယ့် ကျွန်မ ဟာဂရက စာရဲကို ပြန်ပြီး မထီမဲ့မြင်ပြုလာခဲ့တယ်။ အဲဒီအခါ စာရဲက အာဗြံဟံကို ပြန်ပြီးကျိန်ဆိုတယ်။ တကယ်တော့ အာဗြံဟံက စာရဲပြောတဲ့ စကားကို နားထောင်ပြီး လုပ်ခဲ့ခြင်းဖြစ်ပေမယ့် ပြဿနာဖြစ်တဲ့အချိန်ကျတော့ စာရဲက အာဗြံဟံကို အပြစ်ပြန်တင်ခဲ့တယ်။ ဒါကဘုရားလုပ်ခိုင်းခဲ့တာ မဟုတ်ပဲ လူလုပ်ခိုင်းခဲ့တဲ့အရာ ဖြစ်တယ်။ လူက သူ့စကားအပေါ်မှာ ဘယ်တော့မှအာမ မခံဘူး။ ဘုရားက သူပြောတဲ့စကားအပေါ်မှာ သူအာမခံတဲ့ ဘုရား၊ မနက်ဖြန်နေ့အတွက် မစိုးရိမ်နဲ့လို့ ဘုရားကပြောတဲ့စကားမှာ ကျွန်တော်တို့က လူပြောတဲ့စကားလောက် စိတ်ချမှုမရှိကြဘူး။


                လူတွေဘယ်လောက်ပဲ ကတိပေးပေး ဘုရားသခင်လောက် ဘယ်သူမှ မကောင်းဘူး၊ သင်က သူ့အပေါ်မကောင်းနိုင်ရင် သူစိတ်တိုင်းမကျနိုင်တော့တဲ့ တစ်နေ့မှာ သူကသင့်ကို ရန်သူလိုဆက်ဆံလာလိမ့်မယ်။ အဲ့ဒီအခါမျိူးမှာ သင်စိတ်ဓါတ်မကျပါနဲ့။ သူတို့ရဲ့ လုပ်ဆောင်မှုတွေ အပေါ်မှာ ဘုရားကိုသာ ကျေးဇူးတော်ချီးမွမ်းနေလိုက်ပါ။ ဘာကြောင့်လဲ ဆိုတော့ လှုပ်နိုင်တဲ့အရာတွေဆိုတာ သိအောင် ဘုရားက သင့်ကို ပြနေခြင်းဖြစ်တယ်။ သင့်ကို အချစ်ဆုံး နဲ့ အကောင်းဆုံး သင့်အတွက် ပြင်ဆင်ထားပေးနိုင်သူက ဘုရားပဲဖြစ်တယ်။


                သင်က လှုပ်နိုင်သောအရာတွေကို အာရုံစိုက်နေသရွေ့ မလှုပ်နိုင်တဲ့အရာတွေ သင့်အတွက် ဘုရားသခင် ပြင်ဆင်ထားပေးတယ် ဆိုတာကို သင်က မမြင်နိုင်တော့ဘူး။သင့်အတွက် ဘုရားသခင် ပြင်ဆင်ထားတဲ့အရာ‌တွေကို မြင်နိုင်စေဖို့ လှုပ်နိုင်တဲ့အရာတွေကို လှုပ်ခါလိမ့်မယ်။ လောကမှာ တည်မြဲခြင်းအရာ ဘာတစ်ခုမှ မရှိဘူးဆိုတာ သင်သိလာမယ်။


ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။ မာကု 13:31


                       သင်ဘုရားကို စတင်စွဲလမ်းပါ။ သင့်မှာ ပိုင်ဆိုင်မှု တစ်စုံတစ်ရာကို သင်ရတဲ့အခါ သင်ပိုင်ဆိုင်ရတဲ့ အရာပေါ်မှာ သင်မစွဲလမ်းမိပါစေနဲ့၊ သင့်ကို ပိုင်ဆိုင်ခွင့်ပေးတဲ့ ဘုရားကိုသာစွဲလမ်းနေပါ။ အကောင်းဆုံး မိတ်ဆွေတွေ အများကြီးသင့်မှာ ရှိလာရင် အဲ့ဒီမိတ်ဆွေတွေကို focus မလုပ်မိပါစေနဲ့။ အဲဒီ့ မိတ်ဆွေတွေကို ပြင်ဆင်ပေးတဲ့ ဘုရားသခင်ကိုသာ focus ထားပါ။


                       တည်မြဲသောအရာတွေကို သိဖို့အတွက် မတည်မြဲတဲ့အရာတွေကို ခါထုတ်ခံရတဲ့အခါ ဘာကြောင့်လဲလို့ ဘုရားကို မမေးပါနဲ့။ သင့်အတွက်ကောင်းဖို့ပဲ ဖြစ်တယ်။ ရှမာရိမြို့က အမျိူးသမီးက ယေရှုရဲ့ စကားအပေါ်မှာ ရပ်တည်လိုက်မှ သူ့အသက်တာ ပြောင်းလဲသွားခဲ့တယ်။ ဘဝရဲ့ အဓိပ္ပါယ်က ယေရှုပဲ ဖြစ်တယ်။ ကျွန်‌တော်တို့ကို ကယ်တင်နိုင်တဲ့အရှင် ကယ်တင်ခဲ့တဲ့အရှင် ကယ်တင်အုံးမယ့်အရှင် ကယေရှုပဲ။ ကောင်းကင်နှင့်မြေကြီး မတည်ပေမယ့် င့ါစကားတည်မယ်လို့ ပြောထားတဲ့ စကားအပေါ်မှာ ရပ်တည်ပြီး မလှုပ်နိုင်သော နိုင်ငံထဲကို သင်ဝင်စားရပြီး ငြိမ်သက်ခြင်းနဲ့ ပြည့်ဝတဲ့ အသက်တာ စစ်မှန်သော ဝမ်းမြောက်ခြင်း အသက်တာကို သင်ရှာတွေ့လိမ့်မယ်။ တည်မြဲသောအရာကိုသာ ရှာတွေ့ကြပါစေ။ နှုတ်ကပတ်တော်မှာပဲ တည်မြဲတဲ့အရာ ရှိတဲ့အတွက်ကြောင့် နှုတ်ကပတ်တော်ကို အချိန်ပေးစွဲလမ်းကြပါစို့။