Daily Bread

May 28, 2024    Pastor David Lah


အားလုံးမင်္ဂလာပါ။ ရှေးဦးစွာ ဘုရားသခင်ထံမှလာတဲ့ ငြိမ်သက်ခြင်း အောင်မြင်ခြင်း ကျန်းမာခြင်း ဝမ်းမြောက်ခြင်း တို့သည် သင်နှင့်သင့်မိသားစု အပေါ်သို့ သက်ရောက်ပါစေလို့ သခင်ယေရှုခရစ်တော် နာမ၌ ကောင်းကြီးမင်္ဂလာကို ကြေငြာ လိုက်ပါတယ်။ ဘုရားသခင်က အစဥ်ကောင်းမြတ်တဲ့ ဘုရားရှင် ဖြစ်ပြီး ဂရုဏာတော်သည်အစဥ်အမြဲတည်တဲ့ အတွက် ကျွန်တော် ဘုရားရဲ့ဂုဏ်ကျေးဇူးတော်ကို ဝန်ခံချီးမွမ်းပါတယ်။

သင်ချီးမွမ်းနိုင်ရင် သင့်အသက်တာမှာ သာ၍ချီးမွမ်းစရာတွေ ဖြစ်အောင် ဘုရားရှင်လုပ်ပေးနေပါလိမ့်မယ်။ ချီးမွမ်းတဲ့သူရဲ့ အသက်တာကို မြေမှူန့်ထဲကနေ ဆွဲယူပြီး ဘုရားသခင်က သာ၍ချီးမြှောက်နေအုံးမှာဖြစ်တယ်။ ချီးမွမ်းတဲ့သူရဲ့ အသက်တာကို ဘုရားက အောက်မှာမထားဘူး အမြင့်မှာပဲ ထားပြီးတော့မှ အမြီးမဖြစ်စေပဲ ဦးခေါင်းမှာထားလျက် ချီးမြှောက်တယ်။ ချီးမွမ်းခြင်းက သင့်ရဲ့အကျင့်ဆိုးတွေပင်လျင် ဖယ်ရှားနိုင်စေတယ်။ ချီးမွမ်းခြင်းက ချူပ်နှောင်ထားတဲ့ အရာတွေကထဲကနေ လွတ်မြောက်စေတယ်။ ပေါလုနဲ့သိလ တို့ရဲ့ချီးမွမ်းခြင်းက ထောင်တံခါးကို ပွင့်ထွက်သွားစေတယ်။

ဘုရားသခင်သင့်ကို ပြင်ဆင်ပေးထားတဲ့ အရာတွေ မစထားတဲ့အရာတွေကို သင်မြင်တတ်ပါစေ။ သင်ကျေးဇူး တင်တတ်ပါ။ ‌ကျေးဇူးမတင်ရင် သင်ပင်ပန်းရလိမ့်မယ်၊ သင်ဝမ်းနည်းရလိမ့်မယ်။ ဘုရားသခင်ကိုယ်တိုင် ဣသရေလ လူမျိူးတွေကို အုပ်ချူပ်ပေးနေခဲ့တာကို ဒီလူမျိူးတွေက နားမလည်ပဲ မကျေနပ်နိုင်ဘူး၊ သူတစ်ပါးတိုင်းတစ်ပါးကို ကြည့်ပြီး ကျေနပ်နေပြီး သူတို့မှာ ဘုရင်မရှိတာကို ပြောနေကြတယ်။

ဘုရားသခင်က သူတို့ကို မစပြီး ဘုရားသခင် တိုက်ရိုက် အုပ်ချူပ်နေတာကို သူတို့မလိုချင်ကြဘူး။ လောကသားတွေကို ကြည့်ပြီးတော့ လောကသားတွေလို နေချင်ကြတယ်၊ လောကသားတွေလို သင်အလှည့်စား မခံပါနဲ့၊ဘုရားသခင် သင့်ကို မစနေတဲ့အရာတွေကို တန်ဖိုး ထားတတ်တဲ့အသက်တာဖြစ်ဖို့ ဒီကနေ့ကျွန်တော် နှုတ်ကပတ်တော် တစ်ပိုဒ်နဲ့ ဝေငှခွန်အား ပေးသွားချင်ပါတယ်။

“မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်ယူလျက်၊ လှည့်၍ တောင်ပေါ်က ဆင်းသွားလေ၏။ ထိုကျောက်ပြားနှစ်မျက်နှာ၌ အက္ခရာတင်လျက် ရှိ၏။ ထိုကျောက်ပြားတို့သည် ဘုရား သခင် ဖန်ဆင်းတော်မူသော ကျောက်ပြား၊ စာသည်လည်း ဘုရားသခင် အက္ခရာတင်တော်မူသော စာဖြစ်သတည်း။ လူများ ကြွေးကြော်သံကို ယောရှုသည်ကြားလျှင်၊ တပ်၌ စစ်တိုက်သံကို ကြားပါသည်ဟု မောရှေ အား ဆို၏။မောရှေကလည်း၊ ငါကြားသော အသံသည် အောင်၍ ကြွေးကြော်သံမဟုတ်၊ ရှုံး၍ ငိုကြွေးသံလည်း မဟုတ်၊ သီချင်းဆိုသံဖြစ်သတည်းဟု ပြန်ပြော၏။ တပ်အနီးသို့ ရောက်သောအခါ၊ နွားသငယ်ကို၎င်း၊ ကခုန်ခြင်းကို၎င်းမြင်လျှင်၊ မောရှေသည် အမျက် ထွက်သဖြင့် ကျောက်ပြားတို့ကို ချ၍ တောင်ခြေရင်း၌ ချိုးဖဲ့၏။” (ထွက်မြောက် 32:15-18)


ဘုရားသခင်ကိုယ်တိုင် ရေးတဲ့စာ ဘုရားလက်နဲ့ရေးတဲ့စာ ဘုရားကိုယ်တိုင် ပြင်ဆင်ထားပေးတဲ့ကျောက်ပြား ဘယ်လောက်ထိ တန်ဖိုးရှိသလဲ၊ မောရှေလုပ်တဲ့ စာမဟုတ်ဘူး၊ သူလုပ်တဲ့ကျောက်ပြားမဟုတ်ဘူး။ ဘုရားကိုယ်တိုင် လက်နဲ့ရေးပြီး အက္ခရာတင်ထားတဲ့စာ ၊ ဒါပေမယ့် မောရှေက ချိူးဖဲ့ပစ်ခဲ့တယ်။ လူက တစ်ခါတစ်လေမှာ ဘုရားသခင်ကလေ လက်တော်နဲ့ မစပြီး ကောင်းကြီးပေးတဲ့အရာကို တန်ဖိုးမထားတတ်ဘူး၊ လူရဲ့သဘောက ဘယ်လောက်တန်ဖိုးကြီးကြီး အလကားရတဲ့အရာဆိုရင် တန်ဖိုးမထားချင်ဘူး။ သင့်ရဲ့ဘဝထဲမှာ သင်တန်ဖိုးမထားတဲ့အရာတွေက ဘုရားသခင် လက်တော်နဲ့ မစထားတဲ့အရာတွေဖြစ်ရင် သင်ဆုံးရှုံးသွားရတဲ့အခါ သင်သိပ်နောင်တရလိမ့်မယ်။ အဲ့ဒီအထဲမှာ သင့်မိသားစုပါနိုင်တယ်၊ သင့်ရဲ့အလုပ်တွေလဲ ဖြစ်နိုင်တယ်၊ သင့်ရဲ့ကျန်းမာခြင်း ပါနိုင်တယ်။ သင့်ရဲ့ဥာဏ်ပညာ သင့်ရဲ့ခွန်အား သင့်ရဲ့လုပ်‌ဆောင်နိုင်ခြင်း အစွမ်းသတ္တိတွေ ပါနိုင်တယ်၊ အဲ့ဒါတွေအားလုံးက ဘုရားရဲ့မစခြင်းတွေ။ သင်မြင်နေရခြင်း ကြားနေရခြင်း သွားလာ လှူပ်ရှားနိုင်ခြင်း သင်အသက်ရှင်နေရခြင်း စတဲ့အရာတွေအားလုံးက ဘုရားရဲ့မစခြင်းတွေဖြစ်ပြီး ဒါတွေကိုသင်မြင်တတ်ဖို့ တန်ဖိုးထားတတ်ဖို့ ကျေးဇူးတင်တတ်ဖို့ သိပ်အရေးကြီးတယ်။

“တဖန် ထာဝရဘုရားက၊ အရင်ကျောက်ပြားနှစ်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကို ခုတ်လော့။သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည်အတိုင်း နောက်ကျောက်ပြားပေါ်မှာ ငါရေးထားမည်။”(ထွက်မြောက် 34:1)

ဘုရားရဲ့လက်တော်နဲ့ မစဖန်ဆင်းထားတဲ့ ကျောက်ပြား၊လက်တော်နဲ့ ကိုယ်တိုင်ရေးထားတဲ့စာ၊ ဘယ်လောက်တောင် တန်ဖိုးကြီးမြတ်လိုက်မလဲ? အဲ့ဒါကို မောရှေက လူတွေကိုစိတ်ဆိုးတာနဲ့ ချခွဲပစ်လိုက်တယ်၊ ချိူးဖဲ့ပစ်ခဲ့တယ်။ ဒီအခါမှာ ဘုရားက သူမလုပ်ပေးတော့ဘူး၊ မင်းဘာသာမင်းလုပ်တော့ မင်းဘာသာမင်းထွင်းတော့ မင်းဘာသာမင်းကြိုးစားပြီးယူလာခဲ့ ပြီးမှငါရေးပေးမယ်၊ ငါမင်းတို့အတွက် မင်းမပင်ပန်းရ‌အောင် ဖန်ဆင်းထားပေးတဲ့ ကျောက်ပြားကို မင်းတန်ဖိုးမထားတတ်ရင် မင်းကျေးဇူးတော် မချီးမွမ်းနိုင်ရင် အဲ့ဒါကို မင်းမပြုစုတတ်ရင် ဆုံးရှုံးသွားတဲ့အခါ မင်းဘာသာမင်းပြန်လုပ်ယူလို့ သင်ပေးလိုက်ပြီ။

အသက်တာမှာ ဘုရားသခင်က သင့်အတွက်ပြင်ဆင်ထားပေးတဲ့ မိသားစု သင့်အတွက်ပြင်ဆင်ထားပေးတဲ့ ကျန်းမာရေး စသဖြင့် ဒါတွေက သင့်အတွက် ဘုရားပြင်ဆင်ပေးတဲ့ ကျောက်ပြားပဲဖြစ်တယ်။ သင်ကျန်းမာရေး ကောင်းနေတာကို သင်လုပ်ချင်တာ လျှောက်လုပ်နေဖို့ မဟုတ်ဘူး။ သင်စားချင်တာစား သောက်ချင်တာသောက် နေချင်သလို နေဖို့မဟုတ်ဘူး။ ဘုရားပေးထားတဲ့ အရာတွေကို ကျေးဇူးတော်ချီးမွမ်းပြီး တန်ဖိုးထားပါ။ သင်တန်ဖိုးထားတတ်ရင် သင်က မင်္ဂလာသိပ်ရှိတယ်။ အရာခပ်သိမ်းက ဘုရားပေးထားတာဖြစ်ပြီး ဘုရားအတွက် သင်အသက်မရှင်တတ်ရင်တော့ သင့်အသက်တာမှာ ပင်ပန်းဆင်းရဲခြင်းတွေနဲ့ ပြည့်နေမှာဖြစ်တယ်။

ဘုရားအကောင်းဆုံး ပြင်ဆင်ထားပေးတဲ့ ကျောက်ပြားကို တန်ဖိုးမထားခဲ့မိတဲ့အခါမှာ‌ မောရှေကို သူ့ဘာသာသူ လုပ်ခိုင်းခဲ့တယ်။ ဒီအခါမှာ မောရှေက သူကိုယ်တိုင် ပင်ပန်းခဲယဥ်းစွာလုပ်ရတဲ့ ကျောက်ပြားကို သူမချိူးဖဲ့ရဲတော့ဘူး၊ ဘုရားပေးတဲ့အရာကို တန်ဖိုးမထားတတ်ရင်တော့ ဆုံးရှုံးသွားတဲ့အခါ သင်ပင်ပန်းခြင်းတွေနဲ့ ရင်ဆိုင်ရမှာပဲ။ အလကား ရတယ်ဆိုပြီး တန်ဖိုးမထားတတ်တဲ့အခါမှာ တန်ဖိုးထားတတ်အောင် သူ့ကို ပြန်လုပ်ခိုင်းတယ်၊ ပြန်ပင်ပန်းခိုင်းတယ်။ တန်ဖိုးထားတတ်အောင် သေချာပြန်လုပ်ခိုင်းတယ်။ ဒါပေမယ့် ဘုရားက ရေးပေးအုံးမှာဖြစ်တယ်၊ ကျောက်ပေါ်မှာ စာရေးဖို့ ပင်ပန်းတာ ဘုရားသိတယ်၊ လမ်းတစ်ခုကို တော့ ဘုရားက ပြင်ဆင်ထားပေးခဲ့တယ်။ ံး

ရှံဆုန်ရဲ့အသက်တာမှာ လည်း သူ့ကို သူများနဲ့မတူတဲ့ ကောင်းကြီး ကိုပေးထားခဲ့တယ်။ ဒါပေမယ့် သူတန်ဖိုးမထားပဲ နေချင်သလိုနေတယ်။ ပြည့်တန်ဆာမနဲ့အိပ်တယ်၊ စားခွင့်မရှိတာသိလျက်နဲ့ အသေကောင်အထဲက ပျားအုံထဲက ပျားရည်ကိုစားတယ်။ သူ့မိဘကိုလည်း အမှန်ကို မပြောပဲ သူကျွေးတယ်။ နာဇရိလူတွေ ပြုရမယ့် ဝတ်ကို သူမပြုဘူး၊ နောက်ဆုံးမှာ ကြီးမားသော ဆုံးရှုံးမှူတွေနဲ့ သူရင်ဆိုင်ခဲ့ရတယ်။ မျက်လုံးကို ဦးဆုံးဖောက်ထုတ်ခံခဲ့ရတယ်။ ဝိညာဥ်ရေးရာ အမြင်နဲ့ ကြည့်မယ်ဆိုရင် ဘုရားက ငါမစခဲ့တဲ့အရာတွေကို နင်မမြင်ခဲ့ဘူး၊ သူများနဲ့မတူအောင် ကောင်းကြီးပေးတာကို တန်ဖိုးမထားခဲ့ဘူး၊ မင်းအသက်တာအားဖြင့် ငါ့လူမျိူးတွေ လွတ်မြောက်ဖို့ ကောင်းကြီးဖြစ်ဖို့ ငါထား ထားတာဖြစ်ပေမယ့်ုါ မင်းနားမလည်ခဲ့ဘူး။ ရှံဆုန်အသက်တာ ဆုံးရှုံးခဲ့ရတယ်။ သူမမြင်နိုင်တော့ဘူး၊ သူခေါင်းဆောင် မဖြစ်နိုင်တော့ဘူး၊ သင့်အသက်တာက ဘုရားဖွင့်ပြချက်တွေကို သင်မမြင််နိုင်တော့ရင် မမြင်တတ်တော့ရင် သင်ခေါင်းဆောင် ဘယ်လိုမှ မဖြစ်နိုင်တာ သတိပြုဆင်ခြင်ပါ။ ရှံဆုန်က နောက်ဆုံးမှာ ဘုရားဆီက အခွင့်တစ်ခုကိုတောင်းတယ်၊ သူ့ရဲ့ဆံပင် ပြန်ရှည်ခွင့်တောင်းတယ်။ တကယ်တော့ သူဆံပင်ရှည်လို့ သူခွန်အားဖြစ်တာ မဟုတ်ဘူး၊ ဘုရားမစလို့ ဆိုတာ သူကောင်းကောင်းသိခဲ့ပြီ၊ ဆံပင်မဖြတ်နဲ့လို့ ပြောတဲ့ ဘုရားစကားက ဆံပင်ဖြတ်ခြင်း မဖြတ်ခြင်းထက် သာ၍ အရေးကြီးပါတယ်။ ရှံဆုန်က ဘုရားသခင်ဆီမှာ နောက်ဆုံးခွန်အားလေးကို သူပြန်တောင်းတယ်။

 သူများနဲ့မတူတဲ့ကောင်းကြီးကို သင်ရထားရင် မိမိကိုယ် မိမိတန်ဖိုးထားပြီး စောင့်ရှောက်ပါ။ သင်တန်ဖိုးမထားပဲ မစောင့်ရှောက်ခဲ့ရင် အဲ့ဒီအရာကို သင်ဆုံးရှုံးသွားရတဲ့အခါ သူများနဲ့မတူတဲ့ ပေးဆပ်ခြင်းတွေ သင်ပြန်ပေးဆပ်ရတတ်တယ်။ သင့်ကို ဘုရားသခင်ပေးထားတဲ့အရာတွေကို သင်မြင်တတ်ပါစေ၊ မမြင်တတ်ခဲ့ရင် မြင်နိုင်ဖို့ သင်ဆုတောင်းပါ၊ သူများတွေကိ ကြည့်ပြီး ဟိုလူဒီလူလို ဖြစ်ချင်တာထက် ဘုရားပြင်ဆင်ထားတဲ့ ကျောက်ပြားကို တန်ဖိုးထားတတ်ပြီး ၊ အဖေ့အိမ်မှာ အဆင်သင့်ရှိနေတဲ့ မင်္ဂလာတွေကို ခံစားနားလည်တတ်ပြီး သင်ရရှိထားတဲ့ ကျန်းမာခြင်း ခွန်အားတွေကို ကိုယ်တော့်အတွက် သင်ပြန်လည် အသက်ရှင်တတ်တဲ့ အသက်တာဖြစ်စေဖို့၊ လောကအတွက် မဟုတ်ပဲ ကိုယ်တော့်အတွက် ဖြစ်စေဖို့၊ အရာခပ်သိမ်းက ကိုယ့်တော့်ကြောင့် ကိုယ်တော့်အတွက် ဆိုတာကို သင်မြင်တတ်ပြီး အသက်ရှင်ပါ။

 သင့်ရဲ့အသက်တာမှာလည်း နှုတ်ကပတ်တော်ကို သင်တန်ဖိုးမထားပဲ မစောင့်ရှောက်ပဲနဲ့ သင်အသက်မရှင်ပါနဲ့။ ဘုရားပေးထားတဲ့အရာကို တန်ဖိုးထားပါ။ သူတစ်ပါးနဲ့မနှိုင်းယှဥ်ပါနဲ့။ သင့်အသက်တာထဲမှာ ဘုရားသခင်ပေးထားတဲ့ အရာကို သင်စောင့်ရှောက်တတ်ရင် တန်ဖိုးထား မြင်တတ်သူဖြစ်ရင် သင်က အထူးကောင်းကြီးမင်္ဂလာတွေကို သာ၍တိုးပြီး ခံစားနေရပါမယ်။ ဘုရားသခင် သာ၍ကောင်းကြီးပေးခြင်း ခံရသောသူများဖြစ်ပါစေ?