Daily Bread
ငါတို့အား ပေါ်ထွန်းလတံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသော ဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မြော်လင့်လျက် နေ၏။ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလို လိုက်သည်မဟုတ်။ဘုရားသခင်သားတော်၏ ထူးမြတ်သော လွှတ်ခြင်း ချမ်းသာတည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင် အဖွဲ့မှ ကယ်လွှတ်ခြင်း ချမ်းသာကို ဝင်စားမည်ဟု မြော်လင့်ရသော အခွင့်ကိုပေး၍အနိစ္စနိုင်ငံသို့ လိုက်စေ တော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။ ရောမ 8:18-21
ဒီအကြောင်းအရာလေးအားဖြင့် အမျိူးမျိူး သူများတွေ အနက်အဓိပ္ပါယ် ဖွင့်တဲ့အရာတွေရှိတယ်။ ဒီကျမ်းပိုဒ်အားဖြင့် ကျွန်တော့်ကို ဒီကနေ့မှာ ဘုရားသခင်ဖွင့်ပြတဲ့အရာလေးကို ဝေငှသွားမှာဖြစ်ပါတယ်။ လောကမှာ လောကသားတွေနဲ့ မတူတဲ့ ထူးခြားနေသော ဘုရားသခင်ရဲ့ သားသမီးတွေ ပေါ်ထွန်းခြင်းကို အလွန်တောင့်တ မျှော်လင့်နေတာ ဖြစ်တယ်။ဘုရားသားသမီးတွေက လောကသားတွေကို တစ်ခုခုလုပ်ပေးနိုင်လို့ သူတို့ထက်သာလွန်နေလို့ ကိုယ်က သူတို့အတွက် မျှော်လင့်စရာ ဖြစ်နေလို့ပဲဖြစ်တယ်။ ဘုရားသားသမီးတွေက လောကသားတွေထက် မထူးခြားရင် သူတို့က ကိုယ့်ကိုဘာလို့မျှော်လင့်တော့မလဲ?
ဘုရားသားသမီးတွေရဲ့ထူးခြားချက်က အရင်ဆုံး ယေရှုခရစ်တော်ကို ယုံကြည် လက်ခံလိုက်တာနဲ့ ကျွန်တော်တို့က နှုတ်ကပတ်တော်လာသည့်အတိုင်း ထာဝရအသက်ကို ရတယ်။ ထာဝရအသက်ကို ရပြီဆိုတာနဲ့ သန့်ရှင်းသော ဝိညာဥ်တော်ကို ရတယ်။ သန့်ရှင်းသောဝိညာဥ်တော်က ကျိန်းဝပ်တယ်လို့ပြောရင် သန့်ရှင်းသော ဝိညာဥ်တော်က ဘယ်လောက်ထိ တန်ခိုးကြီးလဲ? သန့်ရှင်းသောဝိညာဥ်တော်က ယေရှုခရစ်တော်ကို သေခြင်းမှ ထမြောက်စေသော ဝိညာဥ်ဖြစ်တယ်။ အဲ့ဒီဝိညာဥ်က သင့်အထဲမှာ ကျိန်းဝပ်တယ် ဆိုမှတော့ ကျွန်တော်တို့အသက်တာက သူများနဲ့ မတူတဲ့ အသက်တာဖြစ်ရမယ်။ ကျွန်တော်တို့က ထူးခြားသောသူများဖြစ်ရမယ်။
ကောင်းကင်တမန်ကလည်း၊ ဇေရုဗဗေလသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူ မူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည် ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော် မူ၏။ (ဇာခရိ 4:6)
မဖြစ်နိုင်တဲ့အရာအားလုံးကို သန့်ရှင်းသောဝိညာဥ်တော်မစမှုဖြင့် ဖြစ်လာတယ်ဆိုတာ သင်ယုံကြည်ဖို့ အရေးကြီးတယ်။ ဒီကနေ့ ကျွန်တော်ပြောချင်တဲ့ အချက် ၂ ချက်ရှိပါတယ်။လောကသား စဥ်းစားသလို သင်စဥ်းစားလို ရသလို နောက်တစ်ချက်က ဘုရားသားသမီး စဥ်းစားသလို သင်စဥ်းစားလို့ရတယ်။ လောက ကအမြဲတမ်း အတိုင်းအတာ ကန့်သတ်ချက်ရှိတယ်။ ဘုရားကတော့ သူ့သားသမီးတွေ သန့်ရှင်းသောဝိညာဥ်တော်ကို အမှီပြုပြီးတော့မှ အကန့်အသတ်မဲ့တဲ့ အရာတွေ ကိုပြုစေချင်တယ်။ လောကကြီးက အဟောင်းကနေ အသစ်တွေပြန်ဖြစ်နေပြီး ဘုရားကတော့ သူ့သားသမီးတွေကို အသစ်တွေပဲ ပြုစေချင်တာဖြစ်တယ်။ ကျွန်တော်တို့က လောကသားတွေးခေါ်သလို တွေးခေါ်နေသရွေ့ ကျွန်တော်တို့ အားဖြင့် မျှော်လင့်စရာ ဘာအကြောင်းရှိမှာလဲ? လောက က သူ့သတ်မှတ်ချက် ပုံစံရှိနေတယ်။ သူတို့က ကြိုးစားခြင်းနဲ့ သွားနေတာ ဖြစ်တယ်။ ကျွန်တော်တို့ကတော့ ကိုးစားခြင်းနဲ့ သွားနေတာဖြစ်တယ်။လောကမှာ ကန့်သတ်ထားတာတစ်ခုရှိတယ်။ ပြီးရင် သူတို့ဘာမှ ဆက်လုပ်လို့မရတော့ဘူး။လောကသားတွေအတွက် အသက်ကြီးလာရင် ဘာမှသုံးမရတော့ဘူးလို့ သတ်မှတ်ကြပေမယ့် ဘုရားသားသမီးကတော့ အသက်ကြီးလေ တန်ဖိုးကြီးလေပါပဲ။
ကာလက်ရဲ့အသက်တာမှာ အသက် ၈၅ နှစ်မှာ အသက် ၄၀ လိုသန်မာနေတုန်းပဲ။ ဒါကို လောကသားတွေက မယုံကြဘူး၊ သင်ကရော လောကသားတွေလို သင်ယုံတတ်ရင်တော့ လောကသားတွေလိုပဲ သင်လမ်းဆုံးရလိမ့်မယ်။ ဒီနှုတ်ကပတ်တော်ကို ဘုရားက လောကမှာ သူများနဲ့မတူအောင် အသက်ရှင်နိုင်ဖို့ ပေးထားခဲ့တာ ဖြစ်ပေမယ့် ကျမ်းစာကိုဖတ်ပြီး သာမန်လူတွေလိုပဲ တွေးနေကြတယ်။ ကျမ်းစာက လောကသားကဲ့သို့ တွေးဖို့ ပေးထားတာ မဟုတ်ဘူး။ သင်က ကျမ်းစာကို ဖတ်ပြီး ဘုရားသားကဲ့သို့ အသက်ရှင်တတ်လာရင် သူများထက် သာလာလိမ့်မယ်။ သူများလုပ်နိုင်တာထက် သင်ပိုလုပ်နိုင်လာလိမ့်မယ်။
ကျမ်းစာထဲမှာ စာရာက အသက်၉၀ မှကလေးရတယ်လို့ပြောရင် ဘယ်သူယုံမလဲ?ဒါပေမယ့် ကျွန်တော်ယုံတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှုတ်ကပတ်တော်က ဘုရားစကားဖြစ်နေလို့ပဲ။ သင်ကကျမ်းစာဖတ်နေပြီး မယုံနိုင်ရင်တော့ ဘုရားစကားကို သင်သံသယဖြစ်နေလို့၊ သင်က ဘာသာရေးခရစ်ယာန်ဖြစ်နေလို့ပဲ၊ ခရစ်ယာန်ဖြစ်ပြီး ခရစ်တော်ကို မရသေးတဲ့ အသက်တာက တကယ့်အခွံချည်းပဲဖြစ်တယ်။ ဘာမှမထူးခြားဘူး။ ဘုရားစကားကိုပဲ စိတ်ဝင်စားပြီး ဘုရားစကားအတိုင်း အသက်ရှင်ပါ။
လောကသားတွေက သင့်ကိုသူတို့ကြည့်တဲ့အခါ သင်ကထူးခြားနေရင် သူတို့အတွက် အဖြေဖြစ်ချင်ရင် သူတို့က သင့်ကိုမျှော်လင့်အားကျရတဲ့ အသက်တာဖြစ်ချင်ရင် သင်လောကသားတွေလို မတွေးပါနဲ့။ လောကသားတွေ ပြောတာကိုလည်း မယုံပါနဲ့။ လောကသားတွေမှာ ကန့်သန်ချက်ရှိတယ်။ ဘုရားသားသမီးတွေမှာ ကန့်သတ်ချက် မရှိဘူး။ ယုံကြည်တဲ့သူအတွက် မစခြင်းပေးဖို့ ဘုရားသခင်မတတ်နိုင်တာ ဘာမှမရှိဘူး။ ဘုရားမသိတဲ့လူတွေတွေးသလို သင်လိုက်မတွေးပါနဲ့။ ဘုရားမသိတဲ့သူတွေယုံသလို သင်လိုက်ယုံမိနေရင် လောကမှာပဲ လမ်းဆုံးသွားလိမ့်မယ်။ဘုရားက သင့်ကို လောကမှာ ထူးခြားသောသူဖြစ်စေချင်တယ်။ လောကသားလို မတွေးပဲ ဘုရားတွေးခိုင်းသလို တွေးပါ။ သင့်မှာ ယုံကြည်ခြင်းရှိရင် အကန့်အသတ် မရှိတော့ဘူး။ ဘုရားစကားကို သင်ယုံရင် သင်အရာခပ်သိမ်းကို လုပ်နိုင်မယ်။လောက ကသင့်ကို မဖြစ်နိုင်ဘူးလို့ ပြောရင် သင်က ယေရှုနာမ၌ ဖြစ်နိုင်တယ်လို့ ဝန်ခံပြီး ယုံကြည်ခြင်းကို စပြီး exercise လုပ်ပါ။
ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။မာကု 9:23
သူများမလုပ်နိုင်ပေမယ့် ကိုယ်ကလုပ်နိုင်တယ်။ လောကမှာ အဖြေမရှိတော့ရင် ဘုရားသားသမီးမှာ အဖြေရှိတယ်။ သန့်ရှင်းသောဝိညာဥ်တော်ကို ကျွန်တော်တို့အတွက် ဘုရားသခင်က သွန်းလောင်းပေးထားပြီးသား။ သင်က ယုံကြည်သူဖြစ်လျက်နဲ့ သန့်ရှင်းသောဝိညာဥ်တော်နဲ့ အတူမရှိဘူး မိဿဟာယ မဖွဲ့ဘူးဆိုရင် သင့်အသက်တာက ဘယ်လို ထူးခြားလာမလဲ? ဘုရားသားတို့ရဲ့ ပေါ်ထွန်းခြင်းအရာကို လောကသားများအတွက် အလွန်တောင့်တ မျှော်လင့်နေကြတယ်။ သင်ဘယ်နေရာမှာ ဘာပဲလုပ်လုပ် ဘယ်လိုပဲရှိရှိ သင်ရောက်တဲ့နေရာမှာ ဘုရားဘုန်းတော်ထင်ရှားစေရမယ် လို့မျှော်လင့်ပါ။ နေမန်ရဲ့အိမ်မှာ အလုပ်လုပ်နေတဲ့ ကျွန်မလေးက အသက်ရှင်တဲ့ဘုရားကို သူမက လုံးဝစိတ်ချထားပြီ ဖြစ်တဲ့အတွက် သူမသေချာ အာမခံရဲခဲ့တယ်။ ဒီမိန်းကလေးသာ မရှိဘူးဆိုရင် ဗိုလ်ချူပ်နေမန် ရဲ့ဘဝက အရှက်တကွဲ အကျိူးနည်းဖြစ်ရတော့မယ်။ ဒါပေမယ့် သူ့အိမ်က ကျွန်မလေးက သူ့ဘုရားအသက်ရှင်ကြောင်းကို သက်သေခံခဲ့တာကို နားထောင်ပြီး ဧလိရှဲဆီ ရောက်သွားတဲ့အခါမှာ ဧလိရှဲရဲ့စကားကို ဝန်ခံခဲ့တယ်။ ဧလိရှဲစကားဆိုတာက ဘုရားစကားဖြစ်တယ်။ ဧလိရှဲဆီက လာတဲ့ ဘုရားစကားကို ဝန်ခံပြီး လိုက်လုပ်တဲ့အခါမှာ နေမန်ရဲ့ နူနာရောဂါတွေ ပျောက်သွားခဲ့တယ်။
မဖြစ်နိုင်တဲ့အရာတွေကို ဖြစ်စေတာက ဘယ်သူတွေရဲ့ သက်သေခံချက်အားဖြင့်လဲ ပြန်ဆင်ခြင်ကြည့်ပါ။ ဘုရားသားသမီးတွေရဲ့ သက်သေခံခြင်းကြောင့်ပဲ ဖြစ်တယ်။ လောကမှာ ကံတရားနဲ့ပဲ သင်အသက်ရှင်နေတဲ့အချိန်မှာ ကိုယ်ကောင်းရင် ကိုယ်အကောင်းဆုံးဖြစ်မယ်။ ကိုယ်လုပ်တာမကောင်းရင်တော့ ကိုယ်ခံရမယ်။ လောကမှာ သင်က ဘုရားစကားကို ယုံကြည်နိုင်သလား? သင်ယုံကြည်နိုင်ရင် ခပ်သိမ်းသော အမှုတို့ကို သင်တတ်နိုင်တယ်။ လောကသားတွေက မဖြစ်နိုင်ဘူးလို့ ပြောလာရင် သင်ကလောကသားတွေ စကားသွားယုံမိရင်တော့ သင့်အသက်တာကဘာမှ မထူးခြားလာဘူး။
ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ် ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့် မည်။(ဖိလိပ္ပိ 4:19)
ငါ့အိုးနဲ့ငါ့ဆန်ကလုံလောက်ပါပြီဆိုတဲ့ အတွေးမျိူးသင်မတွေးပါနဲ့။ ရူပါရုံအကြီးကြီးထားပြီး သင်အသက်ရှင်ပါ။ လောကသားတွေလောက်တောင်မှ သင်ကရူပါရုံအကြီးကြီး သင်မထားနိုင်ဘူးဆိုရင် လောကသားတွေက သင့်ကိုကြည့်ပြီး ဘာခွန်အားရတော့မှာလဲ? သင်ယုံကြည်နိုင်ရင် မဖြစ်နိုင်တဲ့အမှုအရာ ဘာတစ်ခုမှ မရှိဘူး၊ လောကသားတွေမှာ မျှော်လင့်စရာ မရှိဘူး၊ ဘုရားသားသမီးတွေမှာ မျှော်လင့်ရာရှိတယ်။ လောကသားတွေက ဘုရားသားသမီးတွေကို ကြည့်ပြီး မျှော်လင့်စရာ အကြောင်းဖြစ်စေပါ။ လောကသားတွေ တွေးသလို သင်မတွေးမိပါစေနဲ့။ ဘုရားသခင်က ကန့်သတ်ပြီး ဆုတောင်း နေတာမျိူးကို မကြိုက်ပါဘူး။ ဘုရားသခင်က အကန့်အသတ်မရှိတဲ့ ယုံကြည်ခြင်းနဲ့ပါတဲ့ ဆုတောင်းခြင်းကို အရမ်းသဘောကျပါတယ်။
ယာဘတ်ရဲ့ဆုတောင်းခြင်းက ကျွန်ုပ်ကို အစဥ်ကောင်းကြီးပေးပါလို့ပြောတယ်။ ခဏမဟုတ်ဘူး ၊ တစ်ကြိမ်အတွက် မဟုတ်ဘူး။ သင့်ကို ဘုရားပေးထားတဲ့ ကောင်းကြီးတွေကို သင်စွဲလမ်းပါ။ ကတိတော်ကို စွဲလမ်းနေပြီး ကျွန်တော်တို့က လုပ်စရာရှိတာလုပ်သွားရမယ်။ တိုက်ပွဲက ဘုရားတိုက်ပေးလိမ့်မယ်။ ယုံကြည်သူတွေက သူတစ်ပါးကို ပြန်မစနိုင်သူတွေ ပြန်ပြီးဖေးမနိုင်သူတွေ သူတစ်ပါးကို ပေးကမ်းနိုင်သူတွေ ဖြစ်နေရမယ်။ ကျွန်တော်တို့က ဘုရားသားသမီး ဖြစ်ကြတဲ့အတွက် သူတစ်ပါးဆီက ယူတဲ့အသက်တာနဲ့ ဘယ်တော့မှ လမ်းမဆုံးဘူး။ လောကသားတွေက သင်တို့ပြောတာကို မကြည့်ဘူး၊သင်တို့ဖြစ်လာတဲ့ပုံကိုပဲကြည့်တယ်။
ထာဝရဘုရားရဲ့အလိုတော်က ကောင်းကင်ဘုံမှာပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာလဲပြည့်စုံခြင်းရှိရမယ်။ ကျွန်တော်တို့က ကမ္ဘာမှာ ရှိတဲ့သူတွေကို ပေးကမ်းနိုင်သောသူဖြစ်ရမယ်။ မိမိသားတော်အရင်းကိုတောင်မနှမြောပဲ စွန့်ပေးခဲ့တဲ့ဘုရားသခင်က သင်တို့အလိုရှိသမျှကိုလဲ ယေရှုအားဖြင့်ပြည့်စုံစေပါမယ်။ဒီနေ့က စပြီးလောကသားတွေ ပြောတဲ့အပေါ် သင်မရပ်တည်ပါနဲ့။ နှုတ်ကပတ်တော်အပေါ် ပြတ်ပြတ်ရပ်တည်ပြီးနေပါ။ လောကသားများ တောင့်တသောသူဖြစ်ပါစေ။