Daily Bread

Mar 15, 2024

“ Pastor David Lah’s Highlight ” March.15.2024


တစ်ခါတစ်လေ ကျွန်တော်တို့ အသက်တာမှာ တစ်ခုခုဖြစ်လာပြီဆိုရင် ကျွန်တော်တို့က ခံစားရတဲ့အရာကို ပုံကြီးချဲ့တတ်တယ်။ ဥပမာ ကျွန်တော်တို့ရဲ့ ဒုက္ခ ကျွန်တော််တို့ရဲ့ ပြဿနာကို ပုံကြီးချဲ့ပြီး စဥ်းစားတတ်ကြတယ်။ ဒါပေမယ့် အဲ့ဒီပြဿနာ ထဲမှာပဲ ဘုရားသခင် ပြင်ဆင်ထားတဲ့ ကောင်းကြီးမင်္ဂလာ အများကြီးရှိတယ် ဆိုတာကို မြင်တတ်ဖို့ ဘုရားသခင် အလိုတော်ရှိတယ်။


ကျမ်းစာထဲမှာ နောမိအကြောင်းကို တွေ့ရတယ်။ နောမိရဲ့ အဓိပ္ပါယ်က ကြွယ်ဝချမ်းသာခြင်း ဖြစ်တယ်။ နောမိက

သူ့ရဲ့ခင်ပွန်း ဧလိမလက်၊ သားနှစ်ယောက် နဲ့ချမ်းသာကြွယ်ဝစွာ ဗက်လင်မြို့မှာ အတူတစ်ကွနေတယ်။ အစာခေါင်းပါးခြင်းကာလ ရောက်လာတဲ့အခါ ပိုင်ဆိုင်မှုတွေနဲ့ မောဘပြည်ကို ပြောင်းရွှေ့ပြီး နေထိုင်ကြတယ်။ မောဘပြည်ပြောင်းနေပြီးနောက်မှာ သူ့ခင်ပွန်း သေသွားခဲ့တယ်။ နောက်ထပ် ဆယ်နှစ်အကြာမှာ သူ့မရဲ့ သားနှစ်ယောက်လဲ သေသွားခဲ့ပြန်တယ်။နောမိနဲ့ သူ့ချွေးမ သြရပနဲ့ ရုသဆိုတဲ့ နှစ်ယောက်ပဲကျန်တော့တယ်။

အဲ့ဒီအခါမှာ နောမိက သူ့ချွေးမနှစ်ယောက်ကို ဘာမှ မလုပ်ပေးနိုင်တော့တဲ့ အတွက် သူမဆီက ထွက်သွားပြီး မိမိတို့နေရပ်အိမ် ဆွေမျိူးတွေဆီ ပြန်ဖို့ပြောခဲ့တယ်။ သြရပက ပြန်သွားခဲ့တယ်။ ရုသကတော့ မပြန်ဘူး ယောက္ခမနောက်ကို လိုက်မယ်လို့ပြောတယ်။ နောမိက သူ့နောက်မလိုက်ဖို့ အမျိူးမျိူးမောင်းထုတ်ခဲ့တယ်။ ရုသက ကိုယ်တော့်ဘုရားက ကျွန်မဘုရား ကိုယ်တော့်အမျိူးက ကျွန်မအမျိူးဆိုပြီး ထွက်မသွားပဲ နောမိအနားမှာပဲ နေပြီးလိုက်ခဲ့တယ်။


သင်တို့မှတ်ထားပါ။ သင့်ရဲ့အသက်တာထဲမှာ ဘယ်လောက်ပဲဆုံးရှုံးနေပါစေ၊ ဘာတွေပဲဖြစ်နေပါစေ၊ဆုံးရှုံးမှုတွေထဲက ဝမ်းမြောက်စရာဖြစ်ဖို့ ဘုရားကအမြဲပြင်ဆင်ထားပေးတာ မမေ့ပါနဲ့။ ဆုံးရှုံးမှုတွေထဲကနေ အမြဲတမ်းဘုရားသခင်က ငါတို့ အတွက် အကောင်းဆုံးပြင်ဆင်ထားပေးတယ်ဆိုတာကို မျှော်လင့်လျက် ဝမ်းမြောက်တတ်တဲ့ အသက်တာဖြစ်ပါစေ။ ဆုံးရှုံးမှုတွများတဲ့အခါ လူကဘာမှ မမျှော်လင့်ရဲတော့ဘူး၊မမျှော်လင့်ချင်တော့ဘူး၊ သူ့ရဲ့ခင်ပွန်း သူ့ရဲ့သားနှစ်ယောက် စလုံး သေတယ်။ ဘာလုပ်တော့မှာလဲ? ငါ့ဘဝဖြစ်ချင်တာဖြစ်၊ ငါအသက်လဲကြီးပြီ ဆိုပြီး ဆုံးရှုံးမှုတွေထဲမှာ စိတ်ဓါတ်ကျနေခဲ့တယ်။ ဒါပေမယ့် ရုသက နောမိဘယ်လိုပဲ မောင်းထုတ်နေမယ့် အတင်းလိုက်လာခဲ့တယ်။

ဒါကိုကြည့်ပါ။ သင်ဆုံးရှုံးနေတဲ့ အသက်တာအထဲကနေ သင်မောင်းထုတ်နေတဲ့ ကြားထဲက သင့်ဆီအတင်းလိုက်ပြီး ကောင်းကြီးပေးဖို့ လူတစ်ယောက်ကို ဘုရားက အမြဲပြင်ဆင်ထားပေးတယ်။ သင်မထင်မှတ်ထားတဲ့အထဲက ကောင်းကြီးဖြစ်ဖို့ သင့်နောက်အတင်းလိုက်လာပြီး သင့်အတွက် ဘုရားသခင်က ပြင်ဆင်ထားပေးတယ်။

နောမိရဲ့အသက်တာမှာ ဆုံးရှုံးခဲ့ပြီ။ သူ့အသက်တာမှာ ဘာမှမျှော်လင့်စရာမရှိတော့ဘူး။ ဒါပေမယ့် ဘုရားမှာ မျှော်လင့်စရာတွေ ရှိသေးတယ်။ နောမိ ယောက်ျားလဲဆုံးပြီ။ နောမိ သားတွေလဲဆုံးပြီ။ နောမိမှာ ဘာမှမရှိတော့ဘူး၊ ဒါကြောင့်သူက ဗက်လင်မြို့ကို ပြန်ရောက်သွားတဲ့အခါ သူ့ကိုတွေ့ကြတဲ့သူတွေက သူကနောမိ မဟုတ်လားဆိုပြီး ပြောကြမေးကြတဲ့အခါမှာ နောမိက ငါ့ကို နောမိလို့မခေါ်တော့နဲ့ ငါ့မှာဘာပိုင်ဆိုင်မှုမှ မရှိတော့ဘူး ငါ့ကိုနောမိလို့လာမခေါ်တော့နဲ့ အကုန်ဆုံးရှုံးသွားပြီလို့ ပြန်ပြောခဲ့တယ်။ ဒါပေမယ့် အဲဒီဆုံးရှုံးသွားတဲ့သူကို ဒီအတိုင်းကြည့်နေတဲ့ ဘုရားမဟုတ်ခဲ့ဘူး။ ဘုရားသခင်က ပြန်ပြီး မစကောင်းကြီးပေးလိုက်တဲ့အခါမှာ ဘာဖြစ်သလဲတဲ့?။


မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး၌ အသရေကျော်စောပါစေသော။ သူသည်သင်၏အသက်ကိုပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက်သင့်အဘို့ သာ၍ကောင်းသောသင်၏ ချွေးမသည်သားယောက်ျားကို ဘွားမြင်ပြီဟုပြောဆိုကြ၏။

ရုသဝတ္ထု 4:14-15


ဆုံးရှုံးသွားတာ သားနှစ်ယောက် ၊ဒါပေမယ့် သားခုနှစ်ယောက်ထက် သာ၍ကောင်းသောချွေးမလို့ပြောထားခဲ့တယ်။ သူ့ရဲ့ဘဝအစထက် အဆုံးက သာ၍ကောင်းသော အခွင့်ကိုဘုရားရှင်ပြင်ဆင်ပေးတယ်။ သင်သည်အစပိုင်းမှာ အလွန်သေးငယ်သော်လည်း နောက်ဆုံးမှာ အလွန်ကြီးပွားရတဲ့အခွင့်ကို ဘုရားသခင်ပြင်ဆင်ပေးထားတယ်။ တစ်ခုပဲရှိတယ်၊ ထာဝရဘုရားကို မျှော်လင့်သော အသက်တာဖြစ်ပါစေ။ ဘယ်လိုအခြေအနေမျိူးမှာပဲဖြစ်ဖြစ် ဘယ်လိုကိစ္စမျိူးမှာပဲဖြစ်ဖြစ် သင့်ဘဝက ဘယ်လောက်ပဲဆုံးရှုံးနေပါစေ ဘုရားက အကောင်းဆုံးပြင်ဆင်ထားတဲ့ ဘုရားရှင်ဖြစ်တယ်။ သင်ဆုံးရှုံးသွားတာထက် ခုနှစ်ဆ ဘုရားရှင်ကပြင်ဆင်ထားပေးတဲ့ ဘုရားရှင်ဖြစ်တယ်။


ညီအစ်ကိုမောင်နှမများ မှတ်ထားပါ။ နေရာတိုင်းက သင့်ကိုတစ်ဖက်မှာ ဆွဲချတဲ့အရာရှိသော်ငြားလည်း တစ်ဖက်က သင့်ကို အမြဲတမ်းသင့်အတွက် အကောင်းဆုံးပြင်ဆင်ထားတဲ့ ဘုရားရှင်ဖြစ်တယ်။ ဒါကြောင့် သင်သိထားရမှာက ဘယ်တော့မှ သင်က အားငယ်စိတ်ပျက်စရာမလိုဘူး၊ ခွန်အားနည်းသောသူကို ခွန်အားပေးတဲ့ဘုရားရှင်ဖြစ်တယ်။ မောသောသူကို ခွန်အားပေးတဲ့ ဘုရားရှင်ဖြစ်တယ်။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိပြန်ပြည့်ရတဲ့အခွင့်ကို ဘုရားရှင်ကပြင်ဆင်ပေးပြီးသားဖြစ်တယ်။


အကောင်းဆုံးမျှော်လင့်ကြရအောင်။ ဘယ်သူ့ကိုမျှော်လင့် ရမလဲ? ထာဝရဘုရားကိုသာ မျှော်လင့်သော အသက်တာများဖြစ်ကြပါစေ။


လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြ လိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။  ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။ ဟေရှာယ 40:30-31     

 

ဆုတောင်းချက်


မိမိတို့ရဲ့အသက်တာများအတွက် ကိုယ်တော်ပြင်ဆင်ထားပေးတဲ့အရာကို ကျေးဇူးတော်ချီးမွမ်းပါတယ်။

မည်သို့သော ပြဿနာများ ရင်ဆိုင်ကြုံတွေ့ပါစေ၊ ကိုယ်တော်ပြင်ဆင်ထားပေးသော အရာများကို မြင်တတ်ချီးမွမ်းတတ်ပြီး ကိုယ်တော်ရှင်ရဲ့ မစခြင်းဖြင့် အနာဂတ်ခရီးလမ်းအတွက် ခွန်အားနှင့် အမြင့်ဆုံးထိရောက်အောင်သွားသောသူများဖြစ်စေပါ။ အာမင်