Daily Bread
ဒီကနေ့က ဘုရားသခင်စီရင်သောနေ့ ဖြစ်တဲ့အတွက် ဝမ်းမြောက်စွာ အသက်ရှင်ဖို့ အကြောင်းပဲဖြစ်တယ်၊ သင့်ရဲ့ဝမ်းမြောက်ခြင်းကို ဘယ်သူမှမခိုးယူပါစေနဲ့။ ဘုရားသခင်က အင်မတန်မှ ကောင်းမြတ်တဲ့ ဘုရားရှင်ဖြစ်တယ်။ မျှော်လင့်လျက်ဝမ်းမြောက်ပါ၊ အားယူ၍ရဲရင့်ပါ၊ အခုအချိန်မှာတော့ နားမလည်နိုင်တဲ့သူတွေရှိမယ်။ အိမ်ထောင်ရေး အဆင်မပြေသူတွေ အခက်အခဲတွေနဲ့ ထိပ်တိုက် ကြုံတွေ့နေရသူတွေ အလုပ်ရဲ့ပြဿနာ သားသမီးရဲ့ပြဿနာ စသဖြင့် ပြဿနာ အခက်အခဲပေါင်း မြောက်များစွာ ရင်ဆိုင်နေရပြီး စိတ်ဓါတ်ကျ စိတ်ပျက်နေသူတွေ အများကြီး ရှိနေပါလိမ့်မယ်။ “Turn your pain into power” ဆိုတဲ့စာကြောင်းကို ကျွန်တော်ဖတ်မိတဲ့အခါ ကျွန်တော့်အနေနဲ့ ကျွန်တော့်ညီအစ်ကို မောင်နှမတွေကို နှုတ်ကပတ်တော်ဝေငှစရာ အကြောင်းဖြစ်လာခဲ့တယ်။ သင့်ဘဝမှာ ဆုံးရှုံးခြင်း၊ဝမ်းနည်းခြင်း၊ကျဆုံးခြင်းတွေနဲ့ ကြုံလာရတဲ့အခါမှာ အဲ့ဒီဆုံးရှုံးခြင်းတွေနဲ့ ညီမျှတဲ့ အောင်မြင်ခြင်းကို ဘုရားရှင်က ပြန်လည်ပေးနိုင်တာဖြစ်တယ်။
“ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသော သူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင် တော်မူ၏။”(ဆာလံ34:18)
ဝမ်းနည်းကြေကွဲနေရတဲ့သူတွေရဲ့အနီးအနားမှာ အမြဲရှိနေခဲ့တာ ဘုရားရှင်ဖြစ်တယ်။ “Warren Buffett” ဆိုတဲ့ ကမ္ဘာ အချမ်းသာဆုံးထဲက တစ်ယောက်ဖြစ်သူက ကုမ္ပဏီတွေမှာ ရှယ်ယာဝင်တဲ့အခါ အဲ့ဒီကုမ္ပဏီက နှစ်ခါလောက် မရှုံးဖူးဘူးဆိုရင် အဲ့ဒီကုမ္ပဏီနဲ့ သူအလုပ် မလုပ်တော့ဘူး၊ ရှုံးနိမ့်ဖူးတဲ့သူကပဲ ကြီးမားခိုင်ခံ့သော အောင်မြင်ခြင်းကို ထိန်းသိမ်းထားနိုင်တဲ့သူ ဖြစ်တယ်။ ၂ ခေါက်လောက် အနည်းဆုံး ကြီးမားစွာဆုံးရှုံးမှု မရှိတဲ့သူနဲ့ သူအလုပ်မလုပ်ဖူး လို့ပြောတယ်။ ဆုံးရှုံးဖူးပြီး ပြန်ကြိုးစားတတ်တဲ့ သူနဲ့ပဲ သူကအလုပ်လုပ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ရှုံးနိမ့်ဖူးတဲ့သူက အောင်မြင်မှုကို ရတဲ့အခါ ရေရှည်ကိုင်တွယ်ထားနိုင်မယ်။ ရှုံးနိမ့်ခြင်းတွေ ကသင့်အတွက် အချည်းအနှီးမဟုတ်ပါဘူး။
ဆုံးရှုံးခြင်းနဲ့ညီတဲ့ အောင်မြင်ခြင်းက အနာဂတ်မှာ သင့်ကိုစောင့်နေတယ်၊ အချိန်တန်တဲ့အခါ ဘုရားသခင်က လှပစွာ လုပ်သွားမှာဖြစ်တယ်။ သင့်ရဲ့ အနာကျင်ဆုံးအရာတွေထဲကနေ အကောင်းဆုံးအရာတွေ ထွက်ပေါ်လာတတ်ပါတယ်။ သင်က why me ကနေ try me လို့သာ ပြောင်းလဲလိုက်ပါ။ကျွန်တော်တို့ ယုံကြည်သူ ဘုရားသားသမီးတွေက အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါကျရင် ဘာကြောင့် ငါ့ကိုမှ ဒီလိုအခက်အခဲတွေ ကြုံရတာလဲ?Why me? လို့ မေးနေမယ့်အစား ငါရင်ဆိုင်နိုင်တယ် ငါ့ဘုရားရှင်အားဖြင့် ငါက အောင်မြင်မယ်၊ Try me! လို့ ပြောလိုက်စမ်းပါ။ ဆုံးရှုံးခြင်း ဝမ်းနည်းခြင်းတွေထဲကနေ ငါပြန်သင်ယူပြီး အဲ့ဒီအထဲကနေ ငါအောင်မြင်မှုတွေ ရယူပြမယ် ၊ ဘုရားရှင်က အကောင်းဆုံး ငါ့အတွက် ပြင်ဆင်ထားတယ်လို့ ဝန်ခံလိုက်ပါ။ ဘောလုံးတစ်လုံးကို သင်က အရှိန်ထည့်ပြီး ရိုက်ချတဲ့အခါ သင်ရိုက်ချသလောက် ဘောလုံးက မြောက်တက်သွားနိုင်တာ ဖြစ်တယ်။ အနာကျင်ဆုံး ဘဝကနေ ထိပ်ဆုံးကို ရောက်ဖို့ရန်အတွက် ဘုရားက ပြင်ဆင်ထားပြီးသားဖြစ်တယ်။
Apple ကွန်ပြူတာကို စတင်တီထွင်ခဲ့သူ “Steve jobs” ကအသက် ၂၁ အရွယ်မှာ Apple ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူဖြစ်တယ်။ အသက်၂၃ အရွယ်မှာ သူ့ရဲ့ Apple ပစ္စည်းတွေကို ကမ္ဘာက စတင်အသုံးပြုလာကြတယ်။ အသက် ၃၀ အရွယ်မှာ သူ့ရဲ့ Apple ကုမ္ပဏီက ပစ္စည်းတွေကို ကမ္ဘာက တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီ ဖြစ်တယ်။ အဲ့ဒီအချိန်မှာ သူစတင်တည်ထောင်ခဲ့တဲ့ သူ့ကုမ္ပဏီက ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ အပေးအယူမတည့်တာတွေ အမြင်မတူတာတွေ ဖြစ်လာခဲ့တယ်။ သူစတင်တည်ထောင်တဲ့ ကုမ္ပဏီကပဲ သူ့ကို မောင်းထုတ်ပစ်ခဲ့တယ်။ သူထွက်သွားခဲ့ရတယ်။
ဒါပေမယ့် သူထွက်သွားခဲ့ရပြီးနောက်မှာ ကုမ္ပဏီအသစ်တစ်ခုကို စတင်တည်ထောင်ခဲ့တယ်။ ပစ္စည်းအသစ်နဲ့ ကုမ္ပဏီအသစ်ကို သူစတင်ခဲ့တယ်။ သူအသစ်လုပ်ခဲ့တဲ့ အရာကို သူ့ကိုထုတ်ခဲ့တဲ့ Apple ကုမ္ပဏီက အရမ်း ရချင် လာခဲ့ကြတယ်။ အဲ့ဒီ ကုမ္ပဏီကို Apple ကုမ္ပဏီက ဝယ်ယူခဲ့ပြီး “Steve jobs” ကို Apple ကုမ္ပဏီရဲ့ CEO အဖြစ်နဲ့ ပြန်ဖြစ်လာစေခဲ့တယ်။ သူနောက်ဆုံးပြောခဲ့တဲ့ မိန့်ခွန်းမှာ “ငါ့ကိုသာ အဲ့ဒီ Apple ကုမ္ပဏီကသာ မောင်းမထုတ်ခဲ့ဘူးဆိုရင် သူများတစ်ခါမှ မလုပ်ဖူးတဲ့ ကုန်ပစ္စည်းအသစ်ကို ငါလုပ်နိုင်မှာ မဟုတ်ဘူး” လို့ပြောခဲ့တယ်။ သူအသစ်တီထွင်လိုက်တဲ့ ကုန်ပစ္စည်းက Apple ကုမ္ပဏီမှာ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခု ဖြစ်လာခဲ့ရတယ်။ လောကမှာ သင်ဆုံးရှုံးနေလား? သင်ဝမ်းနည်းနေရလား? အဲ့ဒါတွေအားလုံးက တစ်နေ့ သင့်အတွက် ကုန်ကြမ်းတွေပဲဖြစ်တယ်။ သင့်အတွက် အကြီးမားဆုံး အောင်မြင်ခြင်း ရလာမှာဖြစ်တယ်။
တရားသူကြီးမှတ်စာ ၁၁ ကအကြောင်းအရာလေးနဲ့ ခွန်အားပေးချင်ပါတယ်။ ဂိလဒ်ဆိုတဲ့သူတစ်ယောက်က ပြည့်တန်ဆာမနဲ့ သွားအိပ်မိပြီး ကလေးရသွားခဲ့တယ်။ ပြည့်တန်ဆာမကလည်း ကလေးကို မွေးပြီး ဂိလဒ်အိမ်မှာ သွားပစ်ထားခဲ့တယ်။ အဲ့ဒီကလေးကို ယေဖသလို့ ခေါ်တယ်။ ဂိလဒ်ရဲ့မိသားစုတွေက အဲ့ဒီကလေးကို လုံးဝဂရုမစိုက်ခဲ့ဘူး၊ အရွယ်တစ်ခုရောက်တဲ့အခါမှာ ဂိလဒ်ရဲ့ သားသမီးတွေက ယေဖသကို သူတို့နဲ့အတူ အမွေမခံထိုက်ဘူး နင်က ပြည့်တန်ဆာမရဲ့သားဖြစ်တယ်။ အမေကလည်း ပြည့်တန်ဆာမဖြစ်ပြီး မေတ္တာမပေးခဲ့ဘူး၊ အဖေကလဲ မတတ်သာလို့ လက်ခံလိုက်ရတာဖြစ်ပြီး သူ့ကို ဂရုမစိုက်ဘူး မချစ်ဘူး၊ ညီအစ်ကိုမောင်နှမတွေကလည်း သူ့ကို မောင်နှမအဖြစ် မသတ်မှတ်ကြဘူး။ အမျိူးထဲမှာ အမွေမခံထိုက်သူဖြစ်တဲ့အတွက် အိမ်ကနေ မောင်းထုတ်ခြင်းခံခဲ့ရတယ်။ ဒီအခါ ယေဖသက တစ်ယောက်ထဲ ရပ်တည်ရပေမယ့် သူက ဘုရားကို အားကိုးခဲ့တယ်။ ဘုရားကိုပဲခေါ်ခဲ့တယ်။ ဘုရားနဲ့ပဲ မိဿဟာယဖွဲ့တယ်။ ယေဖသက လူ့အနေနဲ့ အင်မတန် ဝမ်းနည်းစရာ ကောင်းပါတယ်။
ယေဖသက တောထဲမှာနေရင်းနဲ့ တိုက်ခိုက်ရေးမှာ ကျွမ်းကျင်သူဖြစ်လာတယ်။ သူ့ထံမှာ လာပြီးတပည့်ခံသူတွေလဲ ရှိလာခဲ့တယ်။ အဲ့ဒီအခါမှာ အမ္မုန်အမျိူးသားတွေက ဣသရေလအမျိူးကို စစ်လာတိုက်ကြတဲ့အခါမှာ တောထဲမှာ ရှိနေတဲ့ တစ်ချိန်က သူတို့မောင်းထုတ် ပစ်ပယ်ထားကြတဲ့ ယေဖသကို သတိရလာကြတယ်။ ယေဖသက စစ်သူကြီးအနေနဲ့ တိုက်ပွဲတွေ တစ်ခုပြီး တစ်ခုမှာ အောင်မြင်နေသူဖြစ်နေခဲ့ပြီ။ ယခင်က ဖိနှိပ်ခံရပြီး မောင်းထုတ်ခံရတဲ့ ယေဖသကို ခေါင်းဆောင်လုပ်ပေးဖို့ ခေါ်ကြတယ်။ အောက်ဆုံးကနေ အမြင့်ဆုံးကို ပြန်ချီးမြှောက်ခြင်းခံရတယ်။
အသက်တာမှာ သင်အနေနဲ့ ဘုရားကိုပဲအားကိုးပါ။ အဲ့ဒီဘုရားက “Turned your pain into power” ဖြစ်စေမှာ ဖြစ်တယ်။ သင်မသိလိုက်တဲ့အရာက သင့်အထဲက ဘုရားပြင်ဆင်ထားပေးတဲ့ သင့်ရဲ့လုပ်နိုင်စွမ်းက သင်ထင်ထားတာထက် ပိုကြီးပါတယ်။ သင့်ကိုယ်သင် ဘယ်တော့မှ ကန့်သတ်မထားပါနဲ့။ သင့်ဘဝမှာ အဖိနှိပ်ခံရဆုံးအရာက အအောင်မြင်ဆုံးအရာပြန်ဖြစ်စေတယ်။ နှုတ်ကပတ်တော်ထဲမှာ သင်ဆုံးရှုံးသွားတဲ့အရာတွေထက် ခုနှစ်ဆ ပြန်ကောင်းကြီးပေးမယ့် ဘုရားလို့ ပြောထားတာဖြစ်တယ်။ သင်အဆုံးရှုံးဆုံး အခြေအနေနဲ့ရင်ဆိုင်ရလား? သူများမှာ မရှိတဲ့အစွမ်းအစတွေ သူများမှာ မရှိတဲ့အောင်မြင်ခြင်းတွေ ဘုရားသခင်က ပေးဖို့ပြင်ဆင်ထားပြီးသားဖြစ်တယ်။
“အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်ကြစဉ်အခါ၊ ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။” (၂ ကောရိန္သု 4:17-18)
ဆုံးရှုံးခြင်းနဲ့ညီတဲ့ အောင်မြင်ခြင်း ၊ နာကျင်ခြင်းနဲ့ညီတဲ့ အောင်မြင်ခြင်း ကို ဘုရားသခင်ကပြန်ပေးပါတယ်။ ကျေးဇူးတော်ချီးမွမ်းပြီး ဒီမုန်တိုင်းကို ကျွန်တော်တို့ ဖြတ်သန်းကြပြီးတဲ့အခါ သင်ဝမ်းမြောက်စရာအကြောင်းနဲ့ သက်သေခံစရာအကြောင်းတွေ ဖြစ်လာပါမယ်။ အယောက်စီတိုင်းဘုရားရှင် ကောင်းကြီးပေးပါစေ။