Daily Bread
အားလုံးမင်္ဂလာပါ။ နေ့ရက်သစ်မှာ နိုးထခွင့်ပေးတဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ ဘုရားသခင် ပြင်ဆင်ပေးခြင်းအားဖြင့် နေ့ရက်တိုင်းမှာ ဘုရားသခင်ရဲ့ လမ်းပြခြင်းနဲ့ပို့ဆောင်မှုအောက်မှာ ရှိခွင့်ရနေတဲ့အတွက် ကျေးဇူးတော်ကို အထူးချီးမွမ်းပါတယ်။ ကောင်းမြတ်တော်မူသောဘုရား၊ ဂရုဏာတော်သည် အစဥ်အမြဲ တည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းဖို့ပဲဖြစ်တယ်။
“ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသော ဘုရား၌ နေရာကျသော ကြောင့်၊သင်၌ မကောင်းသော အနိဌရုပ်မကပ် မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။သွားလေရာရာ၌ သင့်ကိုစောင့်ရှောက် စေခြင်း ငှါ၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာ ထားတော် မူသည်ဖြစ်၍၊သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်း ငှါ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။”(ဆာလံ 91:9-12)
ဘုရားသခင်က သင့်အတွက် အခြေအနေတိုင်းမှာ အတူရှိတဲ့ ကောင်းမြတ်တဲ့ဘုရားရှင်ဖြစ်တယ်။ သင်ရင်ဆိုင်နေရတဲ့အရာက သင့်အတွက် ဆိုးနေနိုင်သလို မကောင်းတာတွေရှိနိုင်တယ်။ ဒါပေမယ့် ကွယ်ကာရာက ဘုရားရှင်ပဲဖြစ်တယ်။ ဘုရားကို ဆက်ပြီး ခိုလှုံပါ ကိုးစားပါ သံသယတွေမရှိပဲ ဘုရားသခင်ကသာ သင့်အတွက် အကောင်းဆုံးလို့ သင်ခံယူနိုင်ရင် သင်ရင်ဆိုင် နေရတဲ့အရာကို ဘုရားသခင်က ကူမဖြေရှင်းပေးပါသွားပါလိမ့်မယ်။
ဒီကနေ့ ကျွန်တော်ဝေငှပေးသွားချင်တဲ့အရာက unworthy ဆိုတဲ့ စကားနဲပတ်သတ်တာဖြစ်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို မထိုက်တန်ဘူးဆိုတဲ့ စကားလုံးနဲ့ ဘုရားသခင်ပြင်ဆင်ထားတဲ့ မင်္ဂလာကို ပိတ်ပင် တတ်ကြတယ်။ မထိုက်တန်ဘူးဆိုတဲ့အရာက ကျွန်တော်တို့အသက်တာကို ဆွဲချတတ်တယ်။ အမေရိကားက ဆရာတစ်ယောက်က ဘုရားသခင်အင်မတန်မှ ချီးမြှောက်ခြင်းခံရသူဖြစ်တယ်။ နိုင်ငံတကာမှာလည်း သွားပြီးဝေငှခွင့်တွေ ရတယ်။ လူပေါင်းမြောက်များစွာ လွတ်မြောက်ခြင်းအခွင့်ရတယ်။ တစ်နေ့မှာ ကင်ဆာရောဂါနဲ့ သူနေမကောင်းဖြစ်ခဲ့တယ်။ သူကိုယ်တိုင်က ကမ္ဘာကျော်ဆရာတစ်ဦးဖြစ်တဲ့အတွက် လာဆုတောင်းပေးသူတွေကလည်း ကမ္ဘာနဲ့အဝှမ်း ဘုရား အသုံးပြုခြင်းခံနေရတဲ့ ဆရာကြီးတွေပဲဖြစ်တယ်။ ဆရာကြီးတွေအကုန်လုံးက သူ့ကို မကြာခင်သူပြန်ကျန်းမာလာမယ်လို့ ပရောဖက်ပြုခဲ့ကြတယ်။ အရင်လိုပဲ ဘုရားအမှုတော်မြတ်ထဲမှာ အားရပါးရအရှိန်တန်ခိုးနဲ့ ပြန်ပြီးဟောပြောရတဲ့အခွင့် ဘုရားပြင်ဆင်ပေးမယ်လို့ ဆုတောင်းပေးခဲ့ကြတယ်။ နောက်ဆုံးလာတဲ့ဆရာကြီး
Kenneth Erwin Hagin က ဆုတောင်းပေးပြီး ပြန်ထွက်လာတဲ့အချိန်မှာ အရင်ဆုတောင်းပေးကြတဲ့ဆရာတွေကို ပြောလိုက်တာက “မကြာခင်မှာ အခုတို့တွေဆုတောင်းပေးနေတဲ့ ဒီဆရာကြီး လောကထဲကနေ ထွက်ခွာသွားရတော့မယ်”လို့ ပြောလိုက်တယ်။ အဲ့ဒီအခါ အရင်ဆုတောင်းပေးကြတဲ့ ဆရာကြီးတွေက “ငါတို့ဆုတောင်းကြတာက ဘုရားသခင်က သူ့ကိုထပ်သုံးအုံးမယ်လို့ ငါတို့ဆုတောင်းပေးခဲ့ကြတာလေ”လို့ ပြောကြတော့ ဆရာကြီး Kenneth Erwin Hagin က သူ့အတွေးက ဘုရားကယ်မခြင်းကို ပိတ်ဆို့ခဲ့ပြီလို့ ဖြေခဲ့တယ်။
တကယ်တော့ ဒီဆရာကြီးက အမှုတော်မြတ်ထဲမှာ သူဘုရားအတွက်ဆက်ကပ်ပြီး ဘုရားကသူ့ကို ကြီးမားစွာ အသုံးပြုနေချိန်မှာ သူက အမျိူးသမီးတစ်ဦးနဲ့ မှားယွင်းခဲ့တယ်။ အဲ့ဒီအရာကို သူကအမြဲတမ်းပြန်တွေးမိနေတဲ့အခါ ငါ့ကိုဘုရားသခင် ဒီလောက်ချီးမြှောက်ရဲ့သားနဲ့ ငါက ကိုယ့်ကိုယ်ကို မထိန်းချူပ်နိုင်ဘူး ငါအရမ်းမှားသွားပြီး ငါမှားပြီး ဆိုတဲ့ စိတ်နဲ့ သူနေ့တိုင်းအသက်ရှင်မိနေခဲ့တာ နောက်ဆုံးကင်ဆာရောဂါဖြစ်ပြီး အိပ်ယာပေါ်လှဲရတဲ့ အခြေအနေထိရောက်ခဲ့ရတယ်။ ဆရာကြီး
Kenneth Erwin Hagin ကသူ့ကို ဆုတောင်းပေးတဲ့အချိန်မှာ သူ့ဆီက အသံလေးတစ်ချက်ထွက်လာတယ်။ အဲ့ဒါကတော့ “Pastor Hagin , I’m not worthy” ပြောခဲ့တယ်။ အဲ့ဒီအရာက သူ့ကိုရှုံးနိမ့်သွားစေတာဖြစ်တယ်လို့ ဆရာကြီး Kenneth Hagin က ပြောပြခဲ့တယ်။ပြောပြီးသိပ်မကြာပါဘူး အဲ့ဒီဆရာကြီး ဆုံးသွားခဲ့တယ်။ ဘုရားသခင်က သူ့ကို မစဖို့ရှိနေလျက်သားနဲ့ ကိုယ့်ကိုယ်ကို ငါမထိုက်တန်ပါဘူး၊ ငါမှားပါတယ်လို့ တွေးနေခဲ့ခြင်းက သူ့ကိုဆွဲချသွားခဲ့တယ်။
အမေရိကားမှာ ကြီးမားစွာ အသုံးပြုခြင်းခံနေရတဲ့ ဆရာမကြီး Joyce Meyer ဆိုတာ သူမငယ်ငယ်တုန်းက သူမရဲ့အဖေကိုယ်တိုင် သူမကို မတရားပြုကျင့်တာ ခံခဲ့ရတယ်။အဲ့ဒီအခါ သူမက အပြင်ထွက်မကစားတော့ဘူး။တခြားသူတွေနဲ့ မဆော့တော့ဘူး။ ငါကမကောင်းဘူး ငါကညစ်ပတ်သွားပြီ ငါကမထိုက်တန်တော့ဘူးလို့ တွေးပြီး သူမအရွယ်ရောက်လာတဲ့အခါ သူမကို ဘယ်သူပဲလာကြိုက်ကြိုက် အားလုံးကို သူမကပြန်ကြိုက်တယ်။ သူမက မကောင်းတဲ့သူဖြစ်တဲ့အတွက သူမကို မချစ်မှာ ကြောက်ပြီး စိုးရိမ်ပြီး လာကြိုက်တဲ့သူတိုင်းကို လက်ခံတယ်။ ဒါပေမယ့် လာကြိုက်တဲ့သူတွေက သူမကို ခန္ဓာကိုယ်ပဲ ယူပြီး သူမကို စွန့်သွားကြတယ်။ ငယ်ငယ်ကတည်းက ငါ့အဖေကိုယ်တိုင် င့ါကိုတန်ဖိုးမထားပဲ မကောင်းကျင့်ကြံပြုမူခဲ့တာပဲ။ ဒါကြောင့် သူမက ငါမကောင်းဘူး၊ ငါကမထိုက်တန်ဘူး ၊သူများငါ့ကို ပစ်မှာပဲလို့ သူမတွေးနေခဲ့တာဖြစ်တယ်။
တစ်ရက်မှာတော့ သူမရဲ့သူငယ်ချင်းက ဘုရားကျောင်းလိုက်တက်ဖို့ သူမကိုခေါ်ခဲ့တယ်၊ ဘုရားကျောင်းကို ရောက်တဲ့အခါ တရားဟောဆရာတစ်ဦးရဲ့ နှုတ်ကပတ်တော်က ဘာပြောလဲဆိုတဲ့အခါ “ယေရှုခရစ်တော်အားဖြင့် သင်ကထိုက်တန်သောသူဖြစ်တယ်” လို့ပြောခဲ့တယ်။ ဒါနဲ့ သူမက အဲ့ဒီနေ့က စပြီး ကျမ်းစာကို ဖတ်ချင်စိတ်ဖြစ်လာခဲ့တယ်။ “ငါ့ကို လောကမှာ ထိုက်တန်စေသူ တကယ်တာရှိလား?”လို့တွေးပြီး ကျမ်းစာကို သူမဖတ်ခဲ့တယ်။ ဒီလိုနဲ့ သူမကိုတန်ဖိုးထားချစ်တဲ့ သူတွေ့လာခဲ့တယ်။ သူ့ကိုယ်သူ မထိုက်တန်ဘူးလို့ သူမခံယူမိနေချိန်က တကယ်ပဲ သူမကိုတန်ဖိုးမထားသူတွေနဲပဲတွေ့ခဲ့ရတယ်။ ယေရှုအားဖြင့် ငါကထိုက်တန်သောသူဖြစ်တယ် ဆိုတာသိပြီး ငါကထိုက်တန်ပြီလို့ သူမခံယူမိတဲ့အခါ သူမအတွက် သူမကိုအင်မတန်ချစ်ပြီးတန်ဖိုးထားတဲ့ ခင်ပွန်းဖြစ်သူကိုတွေ့ခဲ့ရတယ်။ သူမရဲ့အမျိူးသားကလည်း သူမက အတိတ်မှာ ဘာပဲဖြစ်ခဲ့ပါစေ အခုနင်က ယေရှုရဲ့အသွေးတော်နဲ့ဆေးကြောသန့်စင်ပြီး စင်ကြယ်သောသူ ထိုက်တန်သောသူ လို့သူမကိုပြောခဲ့တယ်။ သူမကို တန်ဖိုးထားချစ်တဲ့ အမျိူးသားနဲ့ သူမဆုံတွေ့ခွင့်ရခဲ့တယ်။
အသက်တာမှာ ငါကမထိုက်တန်ဘူးလို့ ခံယူထားသရွေ့ သင့်ဆီရောက်လာမှာက အမင်္ဂလာတွေပဲဖြစ်တယ်။ သင့်ဆီမင်္ဂလာတွေမရောက်လာဘူး။ယေရှုအားဖြင့် ငါကထိုက်တန်သောသူလို့ သင်ခံယူနိုင်ရင် သင့်ကိုလေးစားသူ သင့်ကိုမြတ်နိုးသူ သင့်ကိုချစ်ခင်သူတွေ သင့်ကိုတန်ဖိုးထားသူတွေက ရောက်လာမှာပဲ ညီအစ်ကိုမောင်နှမတို့။
ကျွန်တော်တို့ရဲ့အသက်တာမှာ ကျွန်တော်တို့က ခရစ်တော်ကိုမရသေးရင် ခရစ်တော်ရဲ့ အသွေးသွန်းပေးခဲ့ခြင်းကို နားမလည် သဘောမပေါက်သေးရင်တော့ ကျွန်တော်တို့က ကျိန်ခြင်းထဲမှာပဲ ရှိနေသောသူ တွေဖြစ်တယ်။ ဒါပေမယ့် ယေရှုခရစ်တော်အားဖြင့် ငါက မင်္ဂလာကို ခံထိုက်သောသူဖြစ်တယ် ဆိုတာ သင်ခံယူတတ်ဖို့ အင်မတန် အရေးကြီးပါတယ်။
“နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို နားထောင်အံ့သောငှါ တမြို့လုံး ကုန်မ တတ်စည်းဝေးကြ၏။ ယုဒလူတို့သည် အစည်းအဝေးတို့ကို မြင်လျှင် ငြူစူသောစိတ် နှင့်ပြည့်စုံသဖြင့်၊ ပေါလု၏စကားကို ငြင်းခုံသည်သာမက ဆဲရေးကြ၏။ ထိုအခါပေါလုနှင့်ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုသင်တို့အား ရှေ့ဦးစွာ ဟော ပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရ အသက်ကိုမိမိတို့ မခံထိုက်သည်ဟု မိမိတို့စီ ရင်ကြ သောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တပါးအမျိုးသားတို့ဆီသို့ လှည့်ကြ၏။ မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင်ကိုတပါး အမျိုးသားလင်းစရာဘို့ ငါခန့်ထား၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့်စွာ ပြောဆိုကြ၏။” (တမန်တော် 13:44-47)
ယုဒလူတွေအတွက် ကယ်တင်ခြင်းကို ဘုရားသခင်ကပြင်ဆင်ထားပေမယ့် သူတို့က ထာဝရအသက်ကို ငါတို့မခံထိုက်ဘူးလို့ ပြောတဲ့အတွက်ကြောင့် တစ်ပါးအမျိူးသားတွေဆီရောက်သွားခဲ့ရတယ်။တစ်ပါးအမျိူးသားတွေဆီသွားပြောတဲ့အခါ တစ်ပါးအမျိူးသားတွေက လက်ခံပြီး စုံလင်ခြင်းအခွင့်ရတယ်။ ယေရှုလုပ်ဆောင်ပေးခဲ့ခြင်းကို သူတို့သဘောမပေါက်တဲ့အခါ သူတို့ခံယူချက်က သူတို့ကိုရှုံးနိမ့်သွားစေခဲ့တယ်။ယုဒလူတွေက ကယ်တင်ခြင်းကို အရင်ကြားပေမယ့် မထိုက်တန်ဘူးလို့ သူတို့က ခံယူမိနေခြင်းကြောင့် မင်္ဂလာတွေအကုန်လုံးက တစ်ပါးအမျိူးသားတွေဆီရောက်သွားခဲ့ရတယ်။
ဒါဆိုရင် ကျွန်တော်တို့က ကြည့်ကြမယ်။ အာဗြံဟံကရော ထိုက်တန်လို့လား? မထိုက်တန်ပါဘူး။ သူ့မိန်းမကို သူ့ညီမလို့လိမ်တဲ့အပြင် ဘုရားကသူ့ကိုသားသမီးပေးမယ်လို့ ပြောထားပြီးသားကို သူကကျွန်မနဲ့သွားအိပ်ခဲ့တယ်။ သူများအမြင်မှာ သူက ဘုရားဆီက ကောင်းကြီးခံယူဖို့မထိုက်တန်ဘူးလို့ မြင်နိုင်ပေမယ့် ဘုရားအမြင်မှာ သူက ထိုက်တန်စေသောကြောင့် ထိုက်တန်သောသူဖြစ်သွားတယ်။ ယာကုပ်အသက်တာလဲ လိမ်ညာပြီးသွားလာခဲ့သူပဲ။ ဒါပေမယ့် ဘုရားက သူ့ကိုထိုက်တန်စေတဲ့အခါမှာ ဣသရေလဘုရင်ဖြစ်သွားခဲ့တယ်။ဒါဝိတ်ရဲ့အသက်တာမှာလဲ သူများမိန်းမနဲ့မှားယွင်းတာပဲ ။ သူရောထိုက်တန်လို့လား? ဒါပေမယ့် ဘုရားသခင်က သူ့ကိုထိုက်တန်စေတဲ့အခါ သူကထိုက်တန်ခဲ့တာပဲ မဟုတ်ဘူးလား? ဗျာဒိတ် 5 မှာ ဘယ်သူကထိုက်တန်စေလဲဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့ရတယ်။ကျွန်တော်တို့က မထိုက်တန်ပေမယ့် ယေရှုအားဖြင့် ကျွန်တော်တို့ကထိုက်တန်စေတာဖြစ်တယ်။ ထိုက်တန်တော်မူသော သိုးသူငယ်အားဖြင့် ထိုက်တန်သောအခွင့်ကို ကျွန်တော်တို့ရရှိပြီဖြစ်တယ်။
“ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။” (၁ကော 15:57)
ဘုရားသခင်၏သားတော် ယေရှုခရစ်တော်ကို ရရှိသောသူတွေဖြစ်တဲ့ ကျွန်တော်တို့က ယေရှုရရှိထားတဲ့ မင်္ဂလာတွေကို ကျွန်တော်တို့လဲ ပိုင်ဆိုင်ရရှိတာဖြစ်တယ်ဆိုတာ သင်ဝန်ခံပါ။ ယေရှုခရစ်တော်ကို ယုံကြည်လက်ခံသောသူတိုင်းမှာ ပညတ်တရားအရ အပြစ်ကိုခံထိုက်ပေမယ့် ကျေးဇူးတရားကြောင့် စီရင်ခြင်းနှင့်ကင်းလွတ်ပြီး ထိုက်တန်သောသူအဖြစ် သင်ရရှိပြီဖြစ်တယ်။ သင့်ကိုယ်သင်မထိုက်တန်ဘူးလို့ သင်ခံယူမိရင် ဘုရားသခင် သင့်အတွက် ပြင်ဆင်ထားတဲ့ ကောင်းကြီးတွေ သင့်ဆီ စီးဆင်းလာလို့မရပါဘူး။ ကြီးမားစွာသောကောင်းကြီး သင့်ဆီလာစေချင်ရင် ယေရှုခရစ်တော်အားဖြင့် ငါသည်ထိုက်တန်သောသူဖြစ်တယ် လို့ဝန်ခံပြီး တန်ခိုးပါသောစိတ် ရှင်းလင်းသောအသက်တာ ချစ်တတ်တဲ့စိတ်နဲ့ အသက်ရှင်တတ်သော သူများဖြစ်ကြပါစေလို့ ကောင်းကြီးပေးလိုက်ပါတယ်။
“ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်း သတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီး မင်္ဂလာကိုခံထိုက်တော်မူ၏ဟု ကြီးသောအသံနှင့် ပြောဆိုကြ၏။” (ဗျာဒိတ် 5:12)