Daily Bread
အားလုံးကို သခင်ယေရှုခရစ်တော်နာမ၌ မင်္ဂလာပါလို့နှူတ်ဆက်ပါတယ်။ ဘုရားသခင်ထံမှလာသော ငြိမ်သက်ခြင်း ဝမ်းမြောက်ခြင်း ကျန်းမာခြင်း အောင်မြင်ခြင်း တို့သည် သင်နှင့်သင့်မိသားစု အပေါ်သို့ ကျရောက်ပြီဖြစ်ကြောင်း သခင်ယေရှုခရစ်တော်နာမ၌ ကောင်းကြီးမင်္ဂလာကို ကြေငြာလိုက်ပါတယ်။
ကျွန်တော်ဒီကနေ့မှာ ဝေငှပေးသွားမယ့်နှုတ်ကပတ်တော်အတွက် သိပ်ရင်ခုန်ပါတယ်။ ဘုရားသခင်ကျွန်တော့်ကို ဖွင့်ပြတဲ့ ဒီနှုတ်ကပတ်တော်က ကျွန်တော့်အသက်တာကို ဝမ်းမြောက်စေတယ်။ ကျွန်တော်တို့အားလုံးအတွက် ခွန်အားဖြစ်စေတယ်။ ဒီအရာက မြောက်မြားစွာသော မေးခွန်တွေအတွက် အဖြေဖြစ်နေခြင်းကြောင့်ဖြစ်တယ်။ ဘုရားသခင်နာမတော် ကမ္ဘာအဆက်ဆက်ဘုန်းကြီး၍ မင်္ဂလာရှိပါစေ။ ဒီကနေ့ ကျွန်တော့်ကို ဘုရားသခင် ဖွင့်ပြတဲ့ကျမ်းချက်က ရှင်မဿဲခရစ်ဝင်ကျမ်းဖြစ်ပါတယ်။
“ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကိုငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညဉ့်တွင် သင်တို့ရှိသမျှသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည်။သို့သော်လည်း ငါသည် ထမြောက်ပြီးမှ သင်တို့ရှေ့ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော်၊ပေတရုက၊ ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့် စိတ်ပျက်ကြသော်လည်း၊ အကျွန်ုပ်သည် စိတ် အလျှင်းမပျက်ပါဟု လျှောက်လေ၏။ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည်ကိုယ်တော်ကို မငြင်းမပယ်ပါဟု လျှောက်ပြန်၏။ တပည့်တော်အပေါင်းတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။” (မဿဲ 26:31-35)
ယေရှုခရစ်တော်က သူလက်ဝါးကားတိုင်ပေါ်မှာ အသက်စွန့်ရမယ့်အကြောင်းကို အရိပ်အမြွက် ပြောပြနေတာ ဖြစ်တယ်။ ငါထမြောက်ပြီးမှ မင်းတို့ရှေ့မှာ ဂါလိလဲပြည်ကို ငါသွားရမှာဖြစ်တယ်။ ဒါပေမယ့် မင်းတို့က ငါ့ကြောင့်စိတ်ပျက် ကြလိမ့်မယ်လို့ ပြောတဲ့အခါမှာ ပေတရုက ဒီလူတွေအကုန်လုံး စိတ်ပျက်ကောင်းစိတ်ပျက်နိုင်ပေမယ့် ကျွန်တော်ကတော့ ဘယ်တော့မှ ကိုယ်တော့်ကို စိတ်ပျက်မှာမဟုတ်ဘူးလို့ ပြန်ဖြေတယ်။ မင်းငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်မယ်လို့ ယေရှုက ပေတရုကိုပြောတဲ့အခါ ပေတရုက ကိုယ်တော်နဲ့အတူ သေရရင်တောင်မှ လုံးဝမငြင်းပယ်ပါဘူးလို့ ပြန်ဖြေခဲ့တယ်။ သူ့ကိုယ်သူ စိတ်ချစွာ ပြန်ဖြေခဲ့တယ်။
ကျွန်တော်တို့အသက်တာမှာ လဲဖြစ်တတ်တဲ့အရာတွေရှိတယ်။ ယုံကြည်ခြင်းသိပ်ခိုင်ခံ့ပြီးလို့ ကိုယ့်ကိုယ်ကို ထင်နေတဲ့သူတွေရှိတယ်။ ( ရှင်မဿဲ 26:69-75) အထိဖတ်တဲ့အခါမှာ ပေတရုရဲ့ငြင်းပယ်ခြင်းကို သုံးကြိမ်တိုင်တိုင် တွေ့ရတယ်။ ဒါဆိုရင် သူဘာကြောင့် သူ့ကိုယ်သူ မငြင်းဘူးလို့ ဘယ်အရာနဲ့ သူစိတ်ချပြောဆိုခဲ့တာလဲ? ဘာလို့လဲဆိုရင် သူ့လောက်နမိတ်လက္ခဏာ မြင်တဲ့သူမရှိဘူး၊ သူ့လောက် ဘုရားသခင်က နမိတ်လက္ခဏာတွေ ပြခဲ့တာ ပေတရုပဲ ဖြစ်တယ်။ တမန်တော် ၁၂ ပါးထဲက ရေပေါ်မှာ လမ်းလျှောက်နိုင်ခဲ့တာလဲ ပေတရုပဲ၊ တစ်ညလုံးကြိုးစားပြီးငါးဖမ်းပေမယ့် ငါးလုံးဝမရတာ ငါးမရှိတာ သူအသိဆုံးဖြစ်ပြီး ယေရှု ပိုက်ကွန်ချခိုင်းတဲ့ နေရာမှာ ချလို့ ငါးများစွာကို အုပ်ဖမ်းမိခဲ့တာ လှေနှစ်စင်း နစ်လုမတတ်ဖြစ်ခဲ့တဲ့အထိပါ။ ငါ့လှေထဲမှာ ရှိနေတဲ့သူက အကြီးမြတ်ဆုံးအရှင်ပဲလို့ ခံယူပြီး ကိုယ်တော့်နောက် လိုက်ပါမယ်လို့ ဆုံးဖြတ်ပြီး လိုက်ခဲ့သူဖြစ်တယ်။ ပြင်းထန်လွန်းနေတဲ့ မုန်တိုင်းကို ယေရှုက အမိန့်ပေးပြီးရပ်စေတာကို လည်းမြင်ခဲ့တယ်။ ရေကနေ စပျစ်ရည်ဖြစ်စေခဲ့တာကိုလဲ မြင်တွေ့ခဲ့ပြီ။ မုန့်ငါးလုံးနဲ့ငါးနှစ်ကောင်ကို လူငါးထောင်ကို ကျွေးနိုင်တာလဲတွေ့တယ်။ သေသောသူတွေကို ရှင်စေတာလည်း သူကိုယ်တိုင်မြင်ရတယ်။ သူ့အသက်တာမှာ မြင်တွေ့ရတဲ့ နမိတ်လက္ခဏာ သူများအသက်တာမှာ မြင်တွေ့ရတဲ့ နမိတ်လက္ခဏာတွေနဲ့ သူက ငါဘယ်တော့မှ မငြင်းဘူးလို့ သူ့ကိုယ်သူ စိတ်ချနေတာဖြစ်တယ်။
“ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ ကြွတော်မူသောအခါ၊ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူ ဖြစ်သည် ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ ၍၎င်း၊ အချို့က၊ ယေရမိမှစ၍ ပရောဖတ်တပါးပါး ဖြစ်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊ သင်တို့လည်းငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤ အကြောင်းအရာကို သင့်အားဘော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော် ပြတော်မူသတည်း။ (ရှင်မဿဲ 16:13-14)
နမိတ်လက္ခဏာတွေ အများဆုံးတွေ့ရသူ တပည့်တော်တွေထဲမှာဖွင့်ပြခြင်း အများကြီးခံထားရတဲ့သူ၊ ဖော်ပြခြင်းတွေ အများကြီး ခံစားခဲ့ရသားနဲ့ယေရှုကို ဘာကြောင့် သုံးကြိမ်တိုင်တိုင် ပေတရုက ငြင်းရတာလဲ? သင်က သင့်ယုံကြည်ခြင်းကို ခိုင်ခံ့ပြီးလို့ သင်ထင်ကောင်းထင်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နမိတ်လက္ခဏာ ရတဲ့အပေါ်မှာ မူတည်ထားတဲ့ ယုံကြည်ခြင်းက ဘယ်တော့မှ မခိုင်ခံ့ဘူး။ မမျှော်လင့်ထားတဲ့အရာ သေရေးရှင်ရေး ကြုံလာတဲ့အခါမှာ ကိုယ်တော့်အတွက် အသေခံမယ်လို့ ပြောတဲ့သူပင်လျင် မခိုင်ခံ့ဘူး။ ဖွင့်ပြခြင်းရရုံနဲ့ သင်ယုံကြည်ခြင်း မခိုင်ခံ့နိုင်ဘူး။ သေရေးရှင်ရေး ကြုံလာတဲ့အချိန်မှာ သင်သံသယတွေ ဝင်လာနိုင်တယ်။ ကြောက်တဲ့စိတ်တွေ ဝင်လာနိုင်တယ်။ ပေတရုက သူ့ရှေ့မှာ ယေရှုကို ဖမ်းပြီး ညှင်းပန်းနှိပ်စက်တာကို မြင်လာရတဲ့အချိန်မှာ ထိုသူကို ငါမသိလို့ သူကျိန်ဆိုခဲ့တာဖြစ်တယ်။
နမိတ်လက္ခဏာတွေ အများကြီးတွေ့ရတဲ့သူ ဖွင့်ပြခြင်းတွေ အများကြီးလက်ခံရရှိသူဖြစ်ပေမယ့် သင့်ကိုယ်သင် ဟုတ်လှပြီလို့ မထင်ပါနဲ့။ မုန်တိုင်းထဲမှာ ငြိမ်သက်ခြင်းနဲ့ ကြောက်ရွံ့ခြင်းမရှိပဲ အသက်ရှင်နိုင်ဖို့က သင်ရခဲ့တဲ့ နမိတ်လက္ခဏာတွေ ဖွင့်ပြခြင်းတွေနဲ့ မရဘူး။ ဒီအရာတွေအားဖြင့် သင့်ယုံကြည်ခြင်း ခိုင်ခံ့တာမဟုတ်ဘူး။ နမိတ်လက္ခဏာ အပေါ်မှာ သင့်ရဲ့ အသက်တာကို မတည်ဆောက်ပါနဲ့။ ဖော်ပြခြင်းခံရတဲ့အပေါ်မှာ သင်ကယုံကြည်ခြင်းသိပ်အားကြီးလွန်းလို့ သင်မထင်ပါနဲ့။ ဘုရားသခင်က သင့်အားဖြင့် သူတစ်ပါးကို ကောင်းကြီးဖြစ်စေချင်လို့ သင့်ကိုဖော်ပြနေတာဖြစ်တယ်။
“ထိုမြော်လင့်ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့် ကင်းလွတ်၏။ အဘယ်ကြောင့်နည်းဟူမူ ကား၊ ငါတို့အား ပေးတော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့ စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူ၏။”(ရောမ 5:5)
ခိုင်ခံ့တဲ့ယုံကြည်ခြင်းဆိုတာ သန့်ရှင်းသောဝိညာဥ်တော် ဆင်းသက်ကြွလာပြီးမှ ဖြစ်တယ်။ သန့်ရှင်းသောဝိညာဥ်တော် ဆင်းသက်လာပြီးတဲ့နောက်မှာ ဘာရလဲ ဆိုရင် ဘုရားရဲ့မေတ္တာ ကို ရသွားပြီဖြစ်တယ်။ ဘုရားမေတ္တာကသာလျင် ယုံကြည်ခြင်းခိုင်ခံ့စေတယ်။ ဘုရားရဲ့မေတ္တာကို ရသွားသောသူ အတွက် ယုံကြည်ခြင်းက ခိုင်ခံ့နေစေမှာဖြစ်တယ်။
“ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတပါး၊ အဘယ်သူသည် လောကကို အောင်နိုင်သနည်း။” (၁ယော 5:5)
အမြင့်ဖြစ်စေ အနိမ့်ဖြစ်စေ ဘယ်လိုအရာမျိူးကမှ သင့်ကိုဆွဲချလို့မရဘူး။ ဘုရားမေတ္တာကို သင်သွန်းလောင်းခြင်း ခံရတဲ့အခါ သင့်ရဲ့ယုံကြည်ခြင်းက ခိုင်ခံ့နေမှာဖြစ်တယ်။ သူသွားရင် သူ့ကိုသတ်မယ်ဆိုတာ သိလျက်နဲ့ သူသွားခဲ့တာက ဘုရားရဲ့မေတ္တာက သူ့ကိုသွန်းလောင်းနေတာ သူခိုင်ခံ့နေလို့ဖြစ်တယ်။ ဘုရားရဲ့မေတ္တာကို မခံစားတတ်သူကတော့ သူတို့ယိုင်လဲကျလိမ့်မယ်။
ယုံကြည်သူရဲ့အသက်တာမှာ ယုံကြည်ခြင်း ခိုင်ခံ့ဖို့အတွက် ကဘာလဲဆိုရင် သန့်ရှင်းသောဝိညာဥ်တော်ကို စေလွှတ်ခြင်းခံရဖို့ဖြစ်တယ်။ သန့်ရှင်းသောဝိညာဥ်တော် ဆင်းသက်ကြွလာပြီးနောက်မှာ သူတို့တွေ တရားလိုက်ဟောတဲ့အခါ သူတို့ကို လူတွေတိုက်ခိုက်လိမ့်ယ်၊ သူတို့ကို ဖမ်းဆီးလိမ့်မယ်၊ သူတို့ကိုသတ်ကောင်းသတ်နိုင်တယ်။ ဒါပေမယ့် သူတို့မကြောက်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ သန့်ရှင်းသောဝိညာဥ်တော်မစမှုနဲ့ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို ရရှိခဲ့ပြီဖြစ်တယ်။ ယုံကြည်သူတွက်အမြတ်က သန့်ရှင်းသောဝိညာဥ်တော်ကို ဒီလောကမှာ ဘုရားကစေလွှတ်ထားပေးတယ်။
သန့်ရှင်းသောဝိညာဥ်တော် သွန်းလောင်းခြင်းကို သင်ရတဲ့အခါ သင့်ရဲ့ ယုံကြည်ခြင်းက ခိုင်ခံ့သွားပြီဖြစ်တယ်။ ဘုရားရဲ့မေတ္တာက ကျွန်တော်တို့ကို စိတ်ချစေတယ်။ ဘုရားရဲ့မေတ္တာကို သွန်းလောင်းပေးမယ့် သန့်ရှင်းသောဝိညာဥ်တော်နဲ့ များများမိဿဟာယဖွဲ့ပြီး လောကကိုအောင်မြင်သောသူများ ဖြစ်ကြပါမည့်အကြောင်း ဆုတောင်းကောင်းကြီးပေးလိုက်ပါတယ်။