DAILY BREAD
ဘုရားရှင်က အင်မတန်မှ ကောင်းမြတ်တဲ့ဘုရားရှင်ဖြစ်တယ်။ကရုဏာတော်က ကျွန်တော်တို့အပေါ် အမြဲ လွှမ်းခြုံနေတဲ့အတွက် ဘုရားရဲ့ကျေးဇူးတော်ကို ချီးမွမ်းကြပါ။
နောက်မှထိုသူကိုပယ်၍၊ဣသရေလရှင်ဘုရင်အရာ၌ဒါဝိဒ်ကို ချီးမြောက်တော်မူ၏။ထိုသူအားသက်သေခံတော်မူလျက်၊ စိတ်နှလုံး၌ညီညွတ်သည်ဖြစ်၍ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ရပြီဟုမိန့်တော်မူ၏။(တမန်တော် 13:22)
စိတ်နှလုံး၌ ညီညွတ်သည်ဖြစ်၍ ငါ့အလိုကို ပြည့်စုံမည့်သူ လို့ဘုရားသခင်က ဒါဝိတ်ကို ပြောထားတာ တွေ့ရတယ်။ ဘုရားရဲ့ အလိုကို ပြည့်စုံအောင်လုပ်ပေးနိုင်သူ ငါခိုင်းသမျှကို လုပ်မယ့်သူကို ငါရှာတွေ့ပြီ။ အဲ့ဒီလူက ဒါဝိတ်ပဲလို့ ဘုရားကပြောတာဖြစ်တယ်။ ဘုရားသခင်က နှလုံးသားကို ကြည့်တဲ့ ဘုရားဆိုတာကို တွေ့ရတယ်။ လူကအကျင့်ကို ကြည့်ပြီး ဆုံးဖြတ်တယ်။ ဘုရားက ယုံကြည်ခြင်းကို ကြည့်ပြီးဆုံးဖြတ်တယ်။ ဘုရားလူဖြစ်တဲ့ ရှမွေလပင်လျင် ဒါဝိတ်ရဲ့အစ်ကိုတွေကို ဘိသိက် ပေးတာဖြစ်ပေမယ့် ဘုရားက ငါသူတို့ကို ပယ်ပြီလို့ ပြောတဲ့အခါ ရှမွေလကယေရှဲကို သားရှိသေးလားလို့ မေးတဲ့ အချိန်ကျမှ တောထဲမှာ သိုးကျောင်းနေတဲ့ ဒါဝိတ်ဆိုတဲ့ သားငယ် တစ်ယောက်ရှိသေးတာကို ပြောပြတယ်။ တောထဲမှာ ရှိနေတာဖြစ်ပြီး လုံးဝမထင်ထားတာ လုံးဝစာရင်းသွင်းခြင်း မခံထားရတဲ့ ဒါဝိတ်ဖြစ်တယ်။
လူတွေက နေရာမပေးထားဘူး၊ လူတွေက အထင်မကြီးဘူး ။ ဒါပေမယ့် သင်က ဘုရားစိတ်နှလုံးနဲ့တွေ့ရင် အဲဒီ ဂရုမစိုက်တဲ့ လူတွေ အရှေ့မှာပဲ သင့်ကို ဘုရားသခင်က ချီးမြှောက်သွားလိမ့်မယ်။ သင်ဘယ်လောက်တော်လဲ သင်ဘယ်လောက် ဘွဲ့ဒီဂရီတွေ ရထားလဲ? သင်ဘယ်လောက်ပညာရှိလဲ? ဘုရားက အဲ့ဒါတွေကို စိတ်မဝင်စားဘူး။ ဘုရားကနှလုံးသားကို စိတ်ဝင်စားပြီး ကြည့်တာဖြစ်တယ်။ သင်ဘာလုပ်တာလဲ ဆိုတာထက် သင်ဘာစဥ်းစားနေလဲ ဆိုတာကို ဘုရားက ပိုစိတ်ဝင်စားတယ်။ ဒါဝိတ်က သူ့အဖေသူ့ကို တောထဲမှာပစ်ထားတဲ့အကြောင်း သူမစဥ်းစားဘူး သူ့အစ်ကို သူ့ကို လူရာမသွင်းတဲ့အကြောင်း သူမစဥ်းစားဘူး နေရ စားရခက်ခဲပြီး တစ်ယောက်ထဲနေရတဲ့ ဒါဝိတ်အနေနဲ့ မတရားတာတွေကို ညည်းတွားလို့ရတယ်။ဒါပေမယ့် ဒါဝိတ်က အဲ့ဒါတွေကို လုံးဝ မတွေးဘူး။ ဒါဝိတ်အမြဲတွေးနေတာက ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတွေပဲ။
သင်ကရော ဘာတွေစဥ်းစားနေလဲ? သင့်ရဲ့အသက်တာမှာ ဘုရားသခင်ရဲ့ချီးမြှောက်ခြင်းကို သင်ခံစားချင်ရင် သင်စဥ်းစားတာတွေကို သင်ပြင်လိုက်ပါ။ ဒါဝိတ်က ဘုရားကောင်းမြတ်ခြင်း အကြောင်းစဥ်းစားပြီး သီချင်းလေးတွေ ရေးနေတယ်။ ဘုရားကောင်းမြတ်ခြင်းအကြောင်း မစဥ်းစားပဲ ဘုရားကောင်းမြတ်ခြင်းအကြောင်း သင်မရေးနိုင်ဘူး။ သီချင်းပေါင်း ရာနဲ့ချီပြီး ရေးနိုင်တဲ့ ဆာလံဆရာ ဒါဝိတ်က ဘုရားသခင်ရဲ့ ကျေးဇူးတော် ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်း ဘုရားရဲ့ သစ္စာရှိခြင်း တွေကိုပဲ စဥ်းစားနေတယ်။ ဒါဝိတ်က ဂေါလျက်ကို မကြောက်ရခြင်းအကြောင်းက ဂေါလျက်ထက် ဘုရားရဲ့ ကြီးမြတ်ခြင်းကို သူသိနေတယ်။ ရှောလုတို့တွေ ဂေါလျက်ကို ကြောက်နေတာက ဘုရားရဲ့ကြီးမြတ်ခြင်းအကြောင်း မသိလို့ ဖြစ်တယ်။ သူတို့တိုက်ခဲ့ဖူးတဲ့ တိုက်ပွဲတွေ သူတို့ဘယ်လိုလူတွေနဲ့ ဘယ်လိုရင်ဆိုင်ခဲ့ကြလဲ ဆိုတာကို စဥ်းစားနေတယ်။ ဘုရားရဲ့ ကောင်းမြတ်ခြင်း ဘုရားရဲ့ကြီးမြတ်ခြင်း ဘုရားရဲ့ ကူမနိုင်ခြင်းတွေကို ရှောလုတို့ မစဥ်းစား မဆင်ခြင်နိုင်ကြဘူး။
ဒါဝိတ်စဥ်းစားနေတာက ဘုရားရဲ့ကြီးမြတ်ခြင်းဖြစ်တယ်။ ပြဿနာအကြောင်းသင်စဥ်းစားနေမှာထက် ဘုရားကြီးမြတ်ခြင်း အကြောင်း သင်သိလာရင် သင်ချီးမွမ်းနိုင်ရင် ဘယ်ပြဿနာမှ သင့်ကို နှောင့်ယှက်ဖျက်ဆီးလို့ မရဘူးဆိုတာ သင်နားလည်လာမယ်။ ဘုရားသခင်ကအံ့သြဖွယ်ရာ ဦးဆောင်သွားပေးမယ်ဆိုတဲ့ ယုံကြည်ခြင်းက သင့်ဆီမှာ ထွက်ပေါ်လာလိမ့်မယ်။ အဲ့ဒီယုံကြည်ခြင်းကနေ ခပ်သိမ်းသောအရာအောင်မြင်ခြင်းကို သင်ရရှိသွားလိမ့်မယ်။ ဟာလေလုယာ ဘုရားရှင်နာမ ဘုန်းကြီးပါစေ။ သင်ဒုက္ခထဲမှာ ရှိနေတဲ့အချိန်မှာပင်လျင် ဘုရားကို ချီးမွမ်းဖို့ မမေ့နဲ့ ကိုးကွယ်ဖို့မမေ့နဲ့။ ဘုရားကောင်းမြတ်ခြင်းကို ဝန်ခံဖို့မမေ့နဲ့။
ဒါဝိတ်က ချီးမွမ်းတတ်သောနှလုံးသားရှိလို့ ဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့တဲ့သူအဖြစ် ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းကို ခံရတယ်၊ (ဆာလံ ၂၃) မှာဒါဝိတ်က ဘုရားသခင်ကို ချီးမွမ်းနေတာကို ဆင်ခြင်မိတယ်။ သိုးကျောင်းသား ဘဝကနေ ဘုရင်ဖြစ်ရတဲ့အကြောင်းက အကျင့်အရမ်းကောင်းနေလို့မဟုတ်ဘူး ။ ဒါဝိတ်နှလုံးသားက ချီးမွမ်းတတ်တဲ့နှလုံးသားဖြစ်နေလို့ ဖြစ်တယ်။ သင်လူတွေ အရှေ့မှာ ဘယ်လောက်ပဲအကျင့်ကောင်းနေပါစေ သင်ကချီးမွမ်းတတ်တဲ့သူ မဟုတ်ရင် ဘုရားသခင်ရဲ့ စိတ်တော်နဲ့ မတွေ့ဘူးနော်။
ရှောလုနဲ့ဒါဝိတ်မှာ အကျင့်အားဖြင့် ရှောလုကပိုကောင်းနေပေမယ့် ရှောလုမှားသွားတဲ့အရာလေးအပေါ်မှာ ရှောလု ဆုံးရှုံးသွားရတယ်။ ဒါဝိတ်မှားသွားတဲ့အပေါ်မှာ ဘုရားကဒါဝိတ်ကို ဘာလို့ဆက်ချီးမြှောက်နေခဲ့တာလဲ? ဒါဝိတ်ရဲ့နှလုံးသားကြောင့်ဖြစ်တယ်။ဘုရားရဲ့ အလိုကို ပြည့်စုံအောင်လုပ်ပေးနိုင်သူ ငါခိုင်းသမျှကို လုပ်မယ့်သူဆိုတာ သိလို့ ဘုရားက ရွေးကောက်ခြင်းဖြစ်တယ်။ ဒါဝိတ်က သူ့အလိုထက် ဘုရားအလိုတော်ကို ဝန်ခံတတ်တဲ့သူဖြစ်တယ်။ ဒါဝိတ်က ချီးမွမ်းခြင်းကို ပဲရွေးချယ်နေသောသူဖြစ်တယ်။သူ့နှလုံးသားက ချီးမွမ်းခြင်းနဲ့ပြည့်နေတယ်။ သင့်အသက်တာမှာ အရာရာတိုင်းမှာ ချီးမွမ်းခြင်းကိုပဲရွေးချယ်မယ်ဆိုရင် သင်အခုလက်ရှိအခြေအနေကနေ ဘုရားသခင်က သင့်ကိုဒီထက်ပိုပြီး ချီးမြှောက်သွားလိမ့်မယ်။ သင်က သင်ရဲ့ မွန်းကျပ်မှုတွေထဲက လွတ်မြောက်ချင်ရင်၊ သင်မလုပ်ချင်ပေမယ့် သင်မရှောင်နိုင်ပဲ လုပ်မိနေတဲ့အရာတွေက လွတ်မြောက်ချင်ရင်၊ သင်ကြိုးစားပြီး မပြင်နေပါနဲ့ မရဘူး။ သင်အခက်အခဲတွေထဲကနေ ချီးမွမ်းခြင်းကို စတင်လိုက်ပါ။ မကြာခင်မှာ သင်အဲဒီချူပ်နှောင်ခြင်းတွေထဲကနေ သင်လွတ်မြောက်လာလိမ့်မယ်။ တစ်နေ့မှာ သင်ကြုံတွေ့နေရတဲ့အခက်အခဲတွေ ဝမ်းနည်းခြင်းတွေက သက်သေခံစရာဖြစ်ဖို့အကြောင်းဖြစ်တယ်ဆိုတာ ဝန်ခံပြီး သင်ချီးမွမ်းပါ။
ချီးမွမ်းခြင်းက သင့်အသက်တာကို အမင်္ဂလာကနေ မင်္ဂလာဖြစ်စေမယ်။နေ့ရက်အစဥ်တိုင်းမှာ ချီးမွမ်းခြင်းကို သင်ယူပါ။ ချီးမွမ်းပါ ဝန်ခံပါ ။အတိတ်က သင်အကောင်းဆုံးလုပ်ဆောင်ခဲ့တဲ့ အပေါ်မှာ ကြည့်ပြီးတော့ ကောင်းကြီးပေးမယ့် ဘုရားမဟုတ်ဘူး။အနာဂတ်မှာ ဒီလူက င့ါရဲ့အလိုကိုပြည့်စုံစေမယ့်သူ ငါ့အလိုကို ဝန်ခံမယ့်သူဖြစ်တယ် ဆိုတာကို သိတဲ့အခါမှာ သင့်ရဲ့အနာဂတ်ကိုကြည့်ပြီးတော့ ကောင်းကြီးပေးတဲ့ဘုရားဖြစ်တယ်။ဒီနေ့က စတင်ပြီး ချီးမွမ်းခြင်းကို ရွေးချယ်ရအောင်။ ဘုရားကိုချီးမွမ်းရင် ဝမ်းနည်းခြင်းတွေ ချူပ်နှောင်ခြင်းတွေ ထဲကနေ ဘုရားက သင့်ကို ဆွဲထုတ်ပြီး သင့်ကို ကောင်းကြီးပေး ချီးမြှောက်သွားပါလိမ့်မယ်။ အယောက်စီတိုင်း ဘယ်လိုအခြေအနေထဲမှာ ရှိနေပါစေ ချီးမွမ်းခြင်းကိုသာ ရွေးချယ်ပြီး ချီးမွမ်းတတ်သောသူများဖြစ်ပါစေ။