Daily Bread

Apr 15, 2024    Pastor David Lah


        ဘုရားသခင်ပြင်ဆင်ပေးခြင်းကြောင့် တစ်ရက်ပြီးတစ်ရက် တစ်လပြီးတစ်လ တစ်နှစ်ပြီးတစ်နှစ် အသက်ရှင်ခွင့်ရတာ ဘုရားသခင် ပို့ဆောင်ပေးတဲ့ ကျေးဇူးတော်က ဘယ်လောက်ထိ ကြီးမြတ်လဲဆိုတာ ဝန်ခံ ချီးမွမ်းပါတယ်။ ဘုရားသခင်သည် ကောင်းမြတ်တော်မူ၍ ဂရုဏာတော်သည် အစဥ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းဖို့ဖြစ်တယ်။ နေ့တိုင်းချီးမွမ်းတတ်သောသူ ဖြစ်ခြင်းအားဖြင့် နေ့တိုင်းချီးမွမ်းခြင်းရဲ့မင်္ဂလာက ဘယ်လောက်ထိကြီးလဲဆိုတာ သင်သိလာပါလိမ့်မယ်။

ဘုရားသခင်ကောင်းမြတ်တယ်လို့ သင်ဝန်ခံကြည့်ပါ။ သင်ဝန်ခံတာနဲ့အမျှ တဖြည်းဖြည်း မင်္ဂလာတွေက သင့်ရဲ့အသက်တာထဲမှာ ရောက်ရှိလာလိမ့်မယ်၊ အခုချက်ချင်း သင်မခံစားရရင်တောင်မှ သင်ဆက်ပြီးဝန်ခံပါ။ အဲ့ဒီဝန်ခံခြင်းတန်ခိုးကို သင်သိလာပါလိမ့်မယ်။ ဝန်ခံသောသူရဲ့မင်္ဂလာက အရမ်းကြီးပါတယ်။ ဖြစ်သလို သင့်နှုတ်ကနေ မထွက်ပါစေနဲ့။ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ပူဇော်ကြည့်ပါ။ သာ၍ မင်္ဂလာရှိရသော အခွင့်ကို ဘုရားရှင်ပြင်ဆင်ပေးလာလိမ့်မယ်။

            ဒီကနေ့မှာ ကျွန်တော်တို့ နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူရဲ့ အမင်္ဂလာနဲ့ နှုတ်ကပတ်တော်ကို ဝန်ခံသောသူရဲ့ မင်္ဂလာ ဘယ်လောက်ကွာခြားပြီး ကြီးသလဲဆိုတာ ကျွန်တော်ပြောပြချင်ပါတယ်။

             နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကို ခန့်ညားသော သူမူကား၊ ချမ်းသာရလိမ့်မည်။ သုတ္တံ 13:13

                        သောဒုံနဲ့ဂေါမောရမြို့က ဘုရားစကားကို ကြားနေရမယ်ဆိုရင် အဲ့ဒီမြို့က မပျက်စီးဘူး လို့ကျမ်းစာထဲမှာ ပြောထားတယ်။ ဒါကြောင့် ဘုရားစကားကို ကျွန်တော်တို့က ကြားတတ်ဖို့လိုတယ်။ သူများမကြားရလို့ ဆုံးရှုံးရတာထက် ကိုယ်က ကြားလျက်သားနဲ့ ဆုံးရှုံးတာက ပိုပျက်စီးမယ်လို့ ကျွန်တော်ကပြောပြချင်တယ်။ ကပေရနောင်မြို့က ဘုရားရဲ့ နမိတ်လက္ခဏာကို မြင်လျက်သားနဲ့ ဘုရားစကားကို ကြားလျက်သားနဲ့ ဘုရားကစကားကို မထီမဲ့မြင်ပြုတဲ့အတွက်ကြောင့် ငြင်းဆန်တဲ့အတွက်ကြောင့် ကောင်းကင်တိုင်အောင် ချီးမြှောက်ခြင်းခံရသော်လည်း မြေကြီးတိုင်အောင်နှိမ့်ခြင်းခံရမည် လို့ပြောခဲ့တာ သိပ်မှန်တယ်။ အစ္စရေးသွားတဲ့အခါ အဲ့ဒီမြို့ကိုကျွန်တော်တို့သွားကြည့်တဲ့အခါ အဲဒီမြို့က ကျောက်တုံးကြီးတွေနဲ့ ပြည့်နေပြီး မြို့တည်လို့မရတော့ဘူး။

                         ကိုယ်လုပ်မှကိုယ်စားရမှာပါ ဆိုတဲ့ ဘုရားစကားကို မထီမဲ့မြင်ပြုတဲ့သူတွေရဲ့ အဆုံးမှာ သားစဥ် မြေးဆက်ထိ အမင်္ဂလာဖြစ်သွားစေတယ်။ ဒါကြောင့်မို့ မသိရင်မပြောပါနဲ့။ နှုတ်ကပတ်တော်ကို မထီမဲမြင် မပြုပါနဲ့။ အမင်္ဂလာ မယူကြပါနဲ့လို့ ကျွန်တော်ပြောချင်တယ်။ သင်၌သာ မကပဲ သားစဥ် မြေးဆက် အတွက် မင်္ဂလာမဖြစ်ပဲ အမင်္ဂလာ ဖြစ်သွားနိုင်ပါတယ်။ ကျွန်‌တော်တို့ အသက်တာမှာ နှုတ်ကပတ်တော်ကို နည်းအမျိူးမျိူးနဲ့ ကြားနာလို့ရနေတယ်။ ဒီလောက်ထိ နှုတ်ကပတ်တော် ကြားနာနေရတဲ့ခေတ်မှာ ကြားပြီး ဝန်ခံသောသူ ဖြစ်ပြီလား? နှုတ်ကပတ်တော်ကို ခန့်ညားတတ်သူ ဖြစ်ပြီလား?

“သင်သည် ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်ကပတ် တရားကိုစောင့်ရှောက်သောကြောင့်၊ မြေကြီး အပေါ်၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှါ၊ လောကီ နိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာ ကာလတွင်၊ သင့်ကိုငါ စောင့်ရှောက်မည်။” (ဗျာဒိတ် 3:10)

                  နှုတ်ကပတ်တော်ကို ရိုသေသောသူ ကခဲယဥ်းဆိုးယုတ်တဲ့ကာလမှာ မှောင်မိုက်ထဲမှာ ထွန်းလင်းတဲ့ မီးအိမ်ကဲ့သို့ ကောင်းကြီးမင်္ဂလာကို ခံရမှာဖြစ်တယ်။ သင်မကြိုက်တဲ့သူ သင်မနှစ်သက်တဲ့ တရား‌ဟောဆရာတွေကို သင်မစီရင်မိပါစေနဲ့။ သင်က မကြိုက်ရင် သူမှားနေခဲ့ရင် သင်သူ့အတွက် ဆုတောင်းပေးပါ။ သင့်အသက်တာမှာ သူတစ်ပါးအပေါ် စီရင်မှု မှားတဲ့အတွက် သင့်အသက်တာကို ဆုံးရှုံးမှုမဖြစ်ပါစေနဲ့။ စီရင်ခြင်းက ဘုရားလက်ထဲမှာပဲရှိပြီး ဘုရားနဲ့ပဲ ဆိုင်တာဖြစ်တယ်။ အသက်တာမှာ ဟန်ဆောင်မှုတွေ မရှိကြပါစေနဲ့၊ မှားရင်ချက်ချင်းဝန်ချပါ။ ဘုရားနဲ့ပြန်သွားပါ။ ဘုရားသင့်ကို ချီးမြှောက်ပါလိမ့်မယ်။

                  မျိူးစေ့တစ်စေ့လေးသာ ချခဲ့ပေမယ့် အပင်ပြန်‌ပေါက်လာတဲ့အခါ တစ်ပင်မကပေါက်တယ်။ စပါးနှံက တစ်စေ့ပဲသင်ချခဲ့ပေမယ့် ပေါက်လာတဲ့အခါ အသီးပေါင်းမြောက်များစွာဖြစ်တယ်။ ဒါကြောင့် သင့်အသက်တာမှာ သင်ချခဲ့တဲ့ မျိူးစေ့က ကောင်းသောမျိူးစေ့ နှုတ်ကပတ်တော်ကို ဝန်ခံသော မျိူးစေ့ဖြစ်ရင် သင့်ရဲ့သားစဥ်မြေးဆက် ခံစားရမယ့် ကောင်းကြီးတွေက မရေတွက်နိုင်လောက်အောင် ပွားများခြင်းတွေ ဖြစ်စေနိုင်ပြီး သင်က နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုတတ်တဲ့ မျိူးစေ့ကို ချပေးမိခဲ့ရင် သင်တစ်ဦးတည်း အမင်္ဂလာဖြစ်တာမဟုတ်ပဲ သင့်ရဲ့သားစဥ်မြေးဆက် ကိုပါ အမင်္ဂလာ ဖြစ်သွားနိုင်စေတာကို သင်သတိပြုဖို့ ကျွန်တော်ပြောချင်ပါတယ်။

                       ယောနက ဘုရားကို ကိုးကွယ်တဲ့သူဖြစ်ပေမယ့် ဘုရားက သူ့ကို နိနေဝေမြို့ကိုသွားခိုင်းတဲ့အခါ မသွားပဲ တာရှုမြို့ကို သွားတယ်။ ဘုရားကိုယ်တော်တိုင် သူ့ကို ခိုင်းတဲ့အရာဖြစ်ပြီး သူ ဘုရားရဲ့ စကားကို ကြားရဲ့သားနဲ့ သူက အဲ့ဒီနိနေဝေမြို့ကလူတွေကို မုန်းတဲ့အတွက် မသွားချင်ဘူး၊ သူ့ခံစားချက်ကို ဦးစားပေးပြီး မသွားခဲ့ဘူး။ ဘုရားကိုသိတဲ့သူ ဘုရားစကားကို ကြားတဲ့သူဖြစ်ပေမယ့် ခံစားချက်ကို ဦးစားပေးပြီး ဘုရားစကားကို ငြင်းပယ်တယ်။ ဘုရားပြောတာ ကြားပေမယ့် လူက ကိုယ့်ခံစားချက်ကို ဦးစားပေးပြီး ခွင့်မလွှတ်နိုင်ကြဘူး၊ ဘုရားကခွင့်လွှတ်ခိုင်းနေတယ်။ ခွင့်လွှတ်ခြင်းက သူတစ်ပါးအတွက်မဟုတ်ဘူး၊ သင့်အတွက်ပဲဖြစ်တယ်။ဘုရားက သင့်ကိုခွင့်လွှတ်ခိုင်းရင် ခွင့်လွှတ်ပါ။

             ယောနက သမ္မာတရားကို ကောင်းကောင်းသိတဲ့သူဖြစ်တဲ့အတွက် ဘုရားက သူ့နှလုံးသားကို ယောနကို ရစေချင်တယ်။ ဒါပေမယ့် နိနေဝေမြို့က လူတွေကို မုန်းနေခြင်းက ဘုရားမနှစ်သက်တဲ့အရာ ဖြစ်တယ်။ ယောနကို ဘုရားက သွန်သင်ချင်တဲ့အခါမှာ နားလည်စေချင်တဲ့အခါမှာ သူဘယ်လောက်ပဲထွက်ပြေးပါစေ ၊ဘုရားက သူ့ကို ရောက်အောင် ပြန်ပို့တယ်။ သင်ငြင်းဆန်လည်းပဲ အဲ့ဒီအမှုကို ပြီးအောင်လုပ်တဲ့ ဘုရားဖြစ်တယ်။ သူထွက်ပြေးတဲ့ ခရီးစဥ်မှာ ပြင်းထန်တဲ့မုန်တိုင်းကို ဖြစ်စေခဲ့ပြီး သူထွက်ပြေးဖို့ စီးတဲ့လှေက နစ်လုမတတ်ဖြစ်တယ်။ လူတွေအကုန်လုံးက ကြောက်ရွံ့နေကြပြီး သူတို့ကိုးကွယ်တဲ့ဘုရားတွေကို သူတို့ဆုတောင်းကြပေမယ့် မုန်တိုင်းက ရပ်မသွားပဲ ပြင်းထန်နေတယ်။ နောက်ဆုံးမှာ စာရေးတံချပြီး ဘယ်သူ့ကြောင့်ဖြစ်တာလဲလို့ အဖြေရှာတဲ့အခါ ယောနက စာရေးတံကျခဲ့တယ်။ ဘယ်အပြစ်လုပ်မိလို့ ဒီလိုတွေ ကြုံရတာလဲလို့ သူ့ကို ဝိုင်းမေးကြတဲ့အခါမှာ ယောနက “

ငါသည် ဟေဗြဲအမျိုးသားဖြစ်၏။ ရေမြေကို ဖန်ဆင်းတော်မူသော ကောင်းကင်ဘုံ၏အရှင်ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သောသူဖြစ်၏”

လ အခုလိုဖြစ်ရခြင်းက သူ့ကြောင့်ဆိုတာ သူဝန်ခံပြီး လှေပေါ်ကနေ ပစ်ချခံခဲ့တယ်။

                        အဲဒီအခါမှာ ဘုရားသခင် ပြင်ဆင်ထားတဲ့ ငါးက ယောနကို အသင့်စောင့်နေခဲ့တယ်။ ဘုရားစကားကို လူဖြစ်တဲ့ယောနက နားမထောင်တာ တိရစ္ဆာန်တောင် နားထောင်တယ်။ ဗာလန်လိုပဲ၊ ဗာလန်က ဘုရားစကားကို နားမ‌ထောင်ပေမယ့် သူ့ရဲ့မြင်းက ဘုရားသခင်ဖွင့်ပြတာကို မြင်တယ်။ သူ့ရဲ့မြင်းက ဘယ်လောက်ရိုက်ရိုက် နေရာက လုံးဝမရွေ့ပဲ ရပ်နေခဲ့တယ်။ တိရိစ္ဆာန်တွေတောင်မှ ဘုရားစကားကို နားခံတတ်ကြတယ်။

               ကျွန်တော်တို့ လူသားတွေက ဘုရားစကားကို ငြင်းဆန်တတ်ကြတယ်။ ဘုရားဖန်ဆင်းထားတဲ့ ငါးက ယောနနောက်ကို လိုက်ပြီး ယောနရေထဲ ကျလာတဲ့အခါ မျိူချခဲ့တယ်။ ငါးကြီးက ဘုရားသွားခိုင်းတဲ့နေရာကို ယောနကိုမျိူပြီးသွားခဲ့တယ်။ သုံးရက်တိုင်တိုင် ငါးကြီးဝမ်းထဲမှာ နေရတဲ့ယောနရဲ့ ဒုက္ခက ဘယ်လောက်ဆိုးမလဲ? အဲ့ဒီလို ခံစားရတဲ့အခါကျမှ ယောနက ဘုရားသခင်ဆီမှာ တောင်းပန်လာတယ်။ သင်ဘယ်လောက်ပဲ ဘုရားစကားကို ကျောခိုင်းပါစေ၊ သင်ဘယ်လောက်ပဲဆိုးပါစေ၊ သင့်အမှားသင်သိပြီး ဘုရားကို ပြန်လည် တောင်းပန်တဲ့အခါမှာ ဘုရားက သင့်ကို ချစ်ပြီး ခွင့်လွှတ်ပေးနေခဲ့တယ်။

                        သင်ဘယ်နေရာမှာပဲ ရှိနေပါစေ၊ သင်ကနှလုံးသားပါပြီး မျက်ရည်နဲ့ဆုတောင်းတဲ့အသံကို ဘုရားက ကောင်းကောင်းကြားတယ်။ ဘုရားသခင်က နားညောင်းပြီးကောင်းကြီးပေးတယ်။ ဘုရားခိုင်းတာ နားထောင်တဲ့ငါးနဲ့ပဲ ယောနကို ဘုရားအမိန့်အတိုင်း နိနေဝေမြို့မှာ သွားသွန်ချခဲ့တယ်။ နိနေဝေမြို့ကို ရောက်တဲ့အခါမှာ သုံးရက်လောက် သူဟောရမယ့် တရားကို တစ်ရက်ထဲနဲ့ သူဟောလိုက်တယ်။ နိနေဝေမြို့က လူတွေက အခုကျွန်တော်တို့ လို ဘုရားအကြောင်း သိထားသူတွေ လုံးဝမဟုတ်ဘူး။ သူတို့က နတ်ဘုရားမ ကိုကိုးကွယ်တဲ့လူမျိူးဖြစ်တယ်။

                             ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းတဲ့ ဘုရားကို သိတဲ့ယောနက ငါးကြီးဗိုက်ထဲရောက်ပြီး မနေနိုင်လွန်းတဲ့ အခါမှသာ ဘုရားစကားကို နားထောင်ပြီး ဝန်ခံဆုတောင်းတာဖြစ်တယ်။ ဒီကနေ့ သင်ရော ပြဿနာ အခက်အခဲတွေကြုံမှ ဒုက္ခအကြီးအကျယ်ကြုံမှ ဘုရားစကားကို နားထောင်ပြီး ဘုရားထံကိုတိုးဝင်တာမျိူး မလုပ်ကြပါနဲ့။ နေ့ရက်အစဥ်အတိုင်း သင်ကျန်းမာနေချိန် သင်ချီးမွမ်းနိုင်ချိန် မှာလဲ ဘုရားစကားကို နားထောင်ကြပါ၊ ဘုရားစကားကို မထီမဲ့မြင် မပြုကြပါနဲ့။

                            ယောနအသက်တာကို ဆက်ကြည့်မယ်ဆိုရင် သုံးရက်တရားဟောရမယ့် အစား တစ်ရက်ပဲဟောပြီး မြို့ပြင်မှာ သူသွားနေတယ်။ မြို့ထဲမှာတောင်မနေဘူး၊ ဘုရားစကားကိုကြားလဲ ဘာမှမထူးဘူး ပျက်စီးမှာပဲလို့ ယောနတွေးပြီး မြို့ပြင်မှာသွားနေတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက နတ်ဘုရားမကို ကိုးကွယ်တဲ့ ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းတဲ့ဘုရားကို မသိတဲ့သူတွေက ဘုရားကိုလက်ခံခဲ့တယ်။ ယောနရဲ့ စေတနာမပါပေမယ့် ဘုရားလုပ်ခိုင်းလို့ လုပ်ရတဲ့ တရားဟောချက်ကို နားထောင်ပြီး နိနေဝေမြို့က လူကြီးတွေသာမက ကလေးရော တိရစ္ဆာန်ပါမကျန် အစာရှောင်ကြပြီး ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းတဲ့ဘုရားထံမှာ နောင်တနဲ့ သူတို့နေတဲ့မြို့ကို မဖျက်ဆီးဖို့ ကိုးကွယ်ချီးမွမ်းကြတယ်။

                      ခရစ်ယာန်နဲ့မဆိုင်ဘူး။ တစ်ခြားဘယ်ဘာသာကိုပဲ ကိုးကွယ်နေသူဖြစ်ပါစေ။ ယေရှု ခရစ်တော်ရဲ့ နာမတော်ကို စွဲကိုင်ပြီး ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတဲ့ဘုရားက ကျွန်တော်တို့ရဲ့ အမင်္ဂလာကနေ မင်္ဂလာပြန်ဖြစ်စေတဲ့ ဘုရားဖြစ်တယ်ဆိုတာ ယုံပြီး ကျွန်တော်တို့ရဲ့ နိုင်ငံတော်ကြီးမှာ ရှိနေတဲ့ ကျိန်ခြင်းအမင်္ဂလာများကို လွတ်ခွင့်ပေးပါလို့ သင်ဆုတောင်းရင် မင်္ဂလာကနေ မင်္ဂလာဖြစ်စေမှာ ဖြစ်တယ်။ ဘုရားလူတွေကို သတ်ခဲ့ပြီး ကိုးကွယ်မှုမှားယွင်းနေတဲ့ နိနေဝေမြို့ကြီးက ဖျက်ဆီးခံရခြင်းကနေ ကင်းလွတ်ခြင်းအခွင့်ရခဲ့တာ ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းတဲ့ဘုရားကို သိသွားပြီး နောင်တတွေနဲ့ ဘုရားထံ တောင်းပန်ခဲ့ခြင်းကြောင့် ဖြစ်တယ်မဟုတ်လား?

                      ဘုရားစကားကို ကြားပြီးဝန်ခံတတ်ခြင်းက မင်္ဂလာဖြစ်စေတယ်။ ဘုရားခန့်အပ်ထားလို့ ဘုရားသခင်ရဲ့လူတွေ ပြောကြားချက်ကို သင်ကြားတဲ့အခါ ငါ့ကိုဘုရားသခင်ဘာစကားပြောမလဲလို့ သင်ခံယူပြီး သင်နားထောင်ကြည့်ပါ။ မင်္ဂလာဖြစ်လိမ့်မယ်။

                       ဘုရားစကားကို သင်ဝန်ခံတတ်ရင် သင့်ကိုအမင်္ဂလာကနေ မင်္ဂလာပြောင်းစေတဲ့ဘုရားဖြစ်တယ်။ ဘုရားကို ယုံပါတယ်လို့ ပြောကြတဲ့ ယုံကြည်သူတွေပင်လျင် နှုတ်ကပတ်တော်ကို ကြားလျက်သားနဲ့ မထီမဲ့မြင်ပြုတဲ့အခါ အမင်္ဂလာကို သားစဥ်‌မြေးဆက်ထိ သယ်‌ဆောင်သွားတာဖြစ်နေတယ်။ ဒါကြောင့် နှုတ်ကပတ်တော်ကို ကြားတဲ့အခါ စတင်ဝန်ခံခြင်းအားဖြင့် သက်သေရပြီး သားစဥ်မြေးဆက် မင်္ဂလာရှိသောသူတွေ ဖြစ်ကြပါစေ။