Daily Bread

Mar 25, 2024    Pastor David Lah

ကျွန်တော်တို့က ဘုရားသခင်ရှိတယ်ဆိုတာ ယုံကြတယ်။ ယုံကြည်ခြင်းရှိတာ သိပ်ကောင်းတဲ့အရာဖြစ်တယ်။ ယုံကြည်ခြင်းရှိပြီးရင် ဝန်ခံခြင်းက တွဲလျက်ပါနေရတယ်။ ယုံကြည်ခြင်းနဲ့ ဝန်ခံခြင်းရှိရင် သိပ်တန်ခိုးပါတဲ့ လက်နက်ဖြစ်ပြီ။ ယေရှုခရစ်တော်က လက်ဝါးကပ်တိုင်ပေါ်မှာ အသက်တော်ကို မစွန့်ခင် ပြောခဲ့တဲ့အရာ က “ အမှုပြီးပြီ”။ ယေရှုခရစ်တော်က ကျွန်တော်တို့ လုပ်ရမယ့်အရာတွေ အားလုံးအတွက် သူအကုန် လုပ်ပေးခဲ့ပြီးပြီဆိုတာကို ကျွန်တော်တို့ ရယူနိုင်ဖို့က ယုံကြည်ပြီး ဝန်ခံနိုင်သောသူ ဖြစ်ဖို့ သိပ်အရေးကြီးတယ်။

အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီ ဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ရောမ 10:9

                နှလုံးသားကယုံကြည်ပြီး နှုတ်ကနေဝန်ခံတဲ့အခါ သေခြင်းကနေ အသက်ရှင်ခြင်းကူးပြောင်း ပြီး အမင်္ဂလာကနေ မင်္ဂလာကို ကူးပြောင်းသွားစေတယ်။ ရှင်မာကု 11:12-26 ကိုဖတ်ရှုဆင်ခြင်တဲ့အခါ ယေရှုနဲ့တပည့်တော်တွေ ဆာငတ်ခြင်း ဖြစ်တဲ့ အချိန် သင်္ဘောသဖန်းပင်ကို တွေ့တယ်တဲ့။ သင်္ဘောသဖန်းသီးက ခူးချိန်မရောက်သေးတော့ အသီးရှိမယ်ထင်ပြီး သွားကြည့်တော့ အသီးမရှိတာတွေ့တော့ ယေရှုက “ယခုမှစ၍ အစဥ်မပြတ်သင်၏အသီးကို အဘယ်သူမျှ မစားစေနှင့်” လို့ပြောခဲ့တယ်။ နောက်တစ်နေ့မနက်မှာ လမ်းမှာသွားနေချိန် သင်္ဘောသဖန်းပင်ကို ကြည့်မိတဲ့အခါ အမြစ်မှစပြီး သွေ့ခြောက်နေပြီ ဆိုတာကို တပည့်တော်တွေကတွေ့ကြတယ်။ ပေတရုက ယေရှုပြောတာသတိရမိတော့ ကျိန်ခံထိထားတဲ့ သင်္ဘောသဖန်းပင်က အမြစ်ပါမကျန်သွေ့ခြောက်နေပါပြီ လို့ ယေရှုကို ပြောတဲ့အခါမှာ ယေရှုက သံသယစိတ်မရှိပဲ ယုံကြည်ပြီး ပြောတဲ့စကားဆိုရင် ပြောတဲ့အတိုင်း ဖြစ်မယ်လို့ ပြန်ပြောခဲ့တယ်။ သင်တို့ဆုတောင်းတဲ့အခါမှာလဲ တောင်းသမျှကို ရမယ်ဆိုတာ ယုံကြည်ပြီး ဆုတောင်းရင် တောင်းသမျှကို ရမည်လို့ ပြန်ပြောခဲ့တယ်။

                ကျွန်တော့်မိတ်ဆွေတစ်ဦးက ခြောက်လတစ်ကြိမ် ဆေးသွားစစ်နေရတယ်။ သူ့မှာ ကင်ဆာရောဂါဖြစ်နိုင်တဲ့ လက္ခဏာရှိတယ်လို့ ဆရာဝန်ကပြောတဲ့အခါမှာ သူက ငါ့မှာအဲ့ဒီရောဂါမဖြစ်ရဘူးလို့ ယေရှုနာမ၌ ဝန်ခံပြီးမှ ဆရာဝန်ဆီ သွားတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ သူ့ရဲ့မိတ်ဆွေ တစ်ဦးကလည်း သူ့လိုမျိူးရောဂါလက္ခဏာပြပြီး သွားစစ်တော့ တကယ်ပဲ ကင်ဆာရောဂါဖြစ်နေခဲ့တယ်။ ရင်သားကင်ဆာဖြစ်ပြီး ရင်သားဖြတ်ထုတ်လိုက်ရတယ်။ ဒါကိုသူတွေ့တော့ အစပိုင်းမှာ သူတုန်လှုပ်မိတယ်။ သို့သော် သူဆက်ပြီး ဝန်ခံတယ်၊ ဆရာဝန်နဲ့ ခြောက်လတစ်ကြိမ် သွားတွေ့ရတယ်။ သုံးနှစ်ပြည့်တဲ့အချိန်မှာ သူ့ထပ်စစ်တဲ့အခါ သူ့မှာ ကင်ဆာရောဂါနဲ့ပတ်သတ်တာ ဘာတစ်ခုမှ မရှိတော့ဘူးဆိုတာ ဆေးစစ်ချက်က ထွက်လာတယ်။

            ယေရှု ကားတိုင်ပေါ်မှာ ကျွန်တော်တို့အတွက် ဝဋ်ကြွေး ဝဋ်နာတွေ ခံသွားခဲ့ပေးတာ အဲ့ဒီအထဲမှာ ရောဂါတွေအတွက်ပါ ပါတာဖြစ်တယ်။

ဆာလံ 103:1-5

မှာ ကျေးဇူးတော်ကြောင့် ကျွန်တော်တို့က အနာရောဂါအလုံးစုံကို ပျောက်ကင်းရတဲ့အခွင့် သာမက ကျေးဇူးတော်ကြောင့် အစဥ်ကျန်းမာ လန်းဆန်းနေရတဲ့အခွင့်ကိုရတယ်။ ဘယ်လောက်ပဲ ပြဿနာတွေလာနေပါစေ ပြဿနာက သင့်အတွက် ပြဿနာ မဟုတ်ဘူး။ ပြဿနာက မယုံကြည်ခြင်းရဲ့ ပြဿနာဖြစ်တယ်။ ယုံကြည်ခြင်းရှိရင် ဘယ်ပြဿနာကမှ သင့်ရဲ့အသက်တာကို ဆွဲချလို့မရဘူး။ ပြဿနာက သင့်ရဲ့အသက်တာကို ဆွဲချမယ့်အရာမဟုတ်ဘူး။ မယုံကြည်ခြင်းက သင့်ရဲ့အသက်တာကို ဆွဲချမယ့်အရာ ဖြစ်တယ်။ ယုံကြည်ပြီး ဝန််ခံခြင်းက မဖြစ်နိုင်တဲ့အရာကို ဖြစ်စေတာဖြစ်တယ်။

ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့်ကင်း၍ မိမိဆိုသည်အတိုင်းဖြစ်မည်ဟု ယုံ ကြည်လျက်။ ထိုတောင်ကို နေရာမှရွေ့လော့၊ ပင်လယ်၌ ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း၊ ဖြစ်လိမ့် မည်။မာကု11:23

            ဒါက ဘုရားစကားဖြစ်တယ်။ ဘုရားက မုသားမသုံးဘူး။ မုသားသုံးတဲ့ဘုရားမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဘုရားစကားကို သံသယဖြစ်နေသေးရင် ကျွန်တော်တို့အသက်တာက ဘာမှဖြစ်မလာဘူး။ ဘုရားစကားကို ရာခိုင်နှုန်းပြည့် ယုံကြည်တတ်တဲ့ အသက်တာဖြစ်ဖို့ အရေးကြီးတယ်။ ယေဇကျေလ 37:1-10 ကိုဆင်ခြင်တဲ့အခါမှာ မျှော်လင့်စရာမရှိတဲ့ အခြေအနေ ရောက်သွားတဲ့အခါ မဖြစ်နိုင်တဲ့ အရာတွေထဲ ရောက်နေချိန်မှာ ဘုရားက ကို လူကို ဖြစ်နိုင်မလားလို့ မေးတဲ့အခါ လူက ကိုယ်တော်သိပါ၏ လို့ပြန်ဖြေခဲ့တယ်။ ဘုရား ထပ်ခိုင်းနေတာက အရိုးတွေကို ပရောဖက်ပြုရမယ်လို့ ပြောပြန်တယ်။ ဘုရားပြောခိုင်းတဲ့အတိုင်း တသွေမတိမ်း အရိုးတွေကို ပရောဖက်ပြုတဲ့အခါ အရိုးတွေစပြီး လှုပ်ရှားပြီး အသံမြည်လာခဲ့တယ်။ ဘုရားပြောခိုင်းတဲ့အချိန်မှာ သွေ့ခြောက်နေတဲ့အရိုးတွေဖြစ်တယ် ၊ ဘုရားပြောခိုင်းတဲ့စကားကို လူက စပြီးပြောတဲ့အချိန်မှာ အရိုးတွေကလှုပ်ရှားလာတယ်၊ အကြောတက်လာတယ်၊ အသားတွေဖြစ်လာတယ်၊ အသက်မရှိသေးဘူး၊ ဘုရားက လူသေတွေအထဲ အသက်ထည့်ဖို့ အရပ်လေးမျက်နှာက လေကိုအမိန့်ပေးခိုင်းတယ်။ ဘုရားက လူကိုတစ်ဆင့်ပြန်ပြောခိုင်းပြီး အမိန့်ပေးခိုင်းတယ်။ အဲ့ဒီအခါ အရိုးခြောက်တွေကနေ အသက်ရှင်တဲ့ ဗိုလ်ခြေတွေဖြစ်လာခဲ့တယ်။ 

          လောကစကား သင်ပြောနေရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး၊ ဘုရားပြောခိုင်းတဲ့ ဘုရားစကားကို ငါ့ရဲ့အသက်တာမှာ ဖြစ်လာမယ်လို့ ရဲရဲကြီးယုံကြည်ပြီး သင်ပြောတဲ့အခါ သင်ဝန်ခံတဲ့အခါ မဖြစ်နိုင်တဲ့ အရာတွေက ဖြစ်လာခဲ့တယ်။ ဘုရားက သူကိုယ်တိုင် လုပ်လို့ ရတယ်။ ဒါပေမယ့် ဘာဖြစ်လို့ လူကို တစ််ဆင့်ခိုင်းရတာလဲ? မြေကြီးပေါ်မှာ အုပ်စိုးခြင်းအာဏာတန်ခိုးကို ဘုရားက လူကိုပေးထားခဲ့တာဖြစ်တယ်။ အာဒံကို ဘုရားက အုပ်စိုးခြင်းအာဏာ တန်ခိုးကို ပေးထားတယ်။ စာတန်က အာဒံဆီကနေ လုယူသွားခဲ့တာဖြစ်တယ်။ အာဒံဆီက လုပ်ပိုင်ခွင့် အာဏာတန်ခိုးကို ဘုရားကပေးထားပြီး စာတန်က လုယူသွားတယ်။ စာတန်လုယူသွားတဲ့ အာဏာတန်ခိုးကို ယေရှုခရစ်တော်က ကောင်းကင်ပေါ်မတက်ကြွခင်မှာ ယေရှုခရစ်တော်က တပည့်တော်တွေကို ပြန်ပေးခဲ့တယ်။ တပည့်တော်ဆိုတဲ့အထဲမှာ ယုံကြည်သူတွေကို ပြောနေတာဖြစ်တယ်။

                             ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။ ယောဟန် 3:16

       ကျမ်းစာအုပ်ဆိုတာ ဘုရားစကား နှုတ်ကပတ်တော်ဖြစ်တယ်။ မယုံကြည်သူတွေအတွက် ကစာအုပ်ပဲ။ ယုံကြည်သူတွေအတွက်က နှုတ်ကပတ်တော်ဖြစ်တယ်။ သင့်စကားအားဖြင့်ပဲ သင်အပြစ်လွတ်မယ်။ သင့်စကားအားဖြင့်ပဲ သင်စီရင်ခြင်းခံရမယ်။ သင့်ရဲ့နှုတ်က တန်ခိုးပါတယ်။ ဘုရားက သင့်ကို လုပ်ပိုင်ခွင့်တွေပေးထားတယ်။

ငါဆိုသည်ကား၊ လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက်၊ တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတံ့။ သင့်စကားများအားဖြင့် သင်သည်အပြစ်လွတ်လိမ့်မည်။သို့မဟုတ် သင့်စကားများအားဖြင့် အပြစ်စီရင်ခြင်းကိုခံရလိမ့်မည်ဟု မိန့်တော်မူ၏။ မဿဲ 12:36-37

              သင်ကဘုရားနှုတ်ကပတ်တော်ကိုယုံပါ။ ဝန်ခံပါ။ သွေ့ခြောက်နေတဲ့ အရိုးတွေကို အသက်သွင်းပြီး ဗိုလ်ခြေတွေ ပြန်ဖြစ်လာတဲ့အထိ အမင်္ဂလာကနေ မင်္ဂလာပြန်ဖြစ်လာတဲ့နမိတ်လက္ခဏာ ဖြစ်သွားသကဲ့သို့ သင့်မိသားစုထဲမှာ လိုအပ်နေတာတွေကို ယေရှုခရစ်တော်က အကုန်လုပ်ပေးပြီးပြီ လို့ယုံပြီး ဝန်ခံကြည့်ပါ။ သင့်အသက်တာမှာ ကြီးမားစွာသော မင်္ဂလာတွေဖြစ်လာပါလိမ့်မယ်။