Daily Bread

Apr 14, 2024    Pastor David Lah


               ဘုရားသခင်ထံမှလာသော ငြိမ်သက်ခြင်း ဝမ်းမြောက်ခြင်း ကျန်းမာခြင်း တို့သည် သင်နှင့်သင့်မိသားစုအပေါ်သို့ ကျရောက်ပါစေလို့ ဆုတောင်းကောင်းကြီးပေးပြီး နှုတ်ခွန်းဆက်သလိုက်ပါတယ်။ဒီကနေ့မှာ ကျွန်တော်တို့ ဆင်ခြင်စရာကတော့ နှိမ့်ချခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်ဘာလို့ နှိမ့်ချခြင်းအကြောင်းကို ပြောရသလဲဆိုရင် ဘုရားသခင်က နှိမ့်ချတတ်သောသူကို ချီးမြှောက်မယ်လို့ ပြောတဲ့ဘုရားဖြစ်တယ်။ နှိမ့်ချခြင်းရှိရင် သင်နှင့်အတူ သင့်မိသားစုကိုပါ ချီးမြှောက်သလို နှိမ့်ချခြင်းရှိရင်သင့်အားဖြင့် သင်နေတဲ့တိုင်းနိုင်ငံပါ ကောင်းကြီးဖြစ်လာလိမ့်မယ်။ သန့်ရှင်းသောဝိညာဥ်တော် အလုပ်လုပ်နိုင်ဖို့က သင်နှိမ့်ချခြင်းရှိရမယ်။ မာနထောင်လွှားရင် ဝိညာဥ်တော်က အလုပ်လုပ်လို့မရဘူး။


“ထိုဝိညာဉ်တော်သည် သာ၍များသော ကျေးဇူးကိုပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာ သည်ကား၊ ထောင်လွှား စော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ ဟုလာသတည်း။”(ယာကုပ်4:6)

               နိုးထမှုဖြစ်စေတာက သန့်ရှင်းသောဝိညာဥ်တော်ဖြစ်တယ်။ ဝိညာဥ်တော်က သင့်နိုင်ငံမှာ သင့်ကိုအသုံးပြုပြီး ကောင်းကြီးပေးချင်တာဖြစ်တယ်။ ဝိညာဥ်တော် သင်နဲ့အလုပ်လုပ်နိုင်ဖို့က နှိမ့်ချခြင်းရှိဖို့လိုအပ်တယ်။ ဘွဲ့လက်မှတ်တွေ ရှိပြီး သိနေတဲ့ပညာတွေ ပြည့်နေတဲ့သူနဲ့ ဘုရားရှင်ကအလုပ်လုပ်မှာ မဟုတ်ဘူး။ နှိမ့်ချခြင်းရှိတဲ့သူနဲ့ပဲ ဝိညာဥ်တော်က အလုပ်လုပ်နိုင်မှာ ဖြစ်တယ်။ တမန်တော်ဝတ္ထု ၁၀ က ပေတရုနဲ့ကောနေလိတို့ရဲ့အသက်တာအားဖြင့် နှိမ့်ချခြင်းကို သင်ယူသွားကြမယ်။

               သင်ရှိနေတဲ့မြို့ သင်တက်နေတဲ့ဘုရားကျောင်းလေးထဲမှာပဲ သင်ကြီးထွားနေဖို့မဟုတ်ဘူး။ လူအပေါင်း ကယ်တင်ခြင်းသို့ ရောက်၍သမာတရားကို သိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏ လို့နှုတ်ကပတ်တော်က ပြောပြီးသားဖြစ်တယ်။ ဒါဆိုရင် သင့်ရဲ့နှုတ်ကို အသုံးပြုပြီး သင့်ရဲ့စကားကို လူတွေက ကြားတာနဲ့ ချက်ချင်း လက်ခံလောက်တဲ့အထိ ဖြစ်ဖို့ရန်အတွက် ကသင့်ကို ဘုရားသခင်က တစ်ခုပဲတောင်းတယ်။ နှိမ့်ချခြင်းရှိဖို့ ဘုရားကပြောနေတယ်။

                    ပေတရုကို နောက်တစ်ဆင့်တက်ဖို့ ဘုရားကလုပ်ချင်တဲ့အခါ နှိမ့်ချခြင်းကို သင်တယ်။ လူမျိူးစွဲ ဖြစ်နေတဲ့ ပေတရုကို ဘုရားကသင်တယ်။ လူမျိူးစွဲ ဂိုဏ်းဂနစွဲ ခြင်းရဲ့ မာနက တော်တော်ဆိုးတယ်။ ဒါက မာရ်နတ်ရဲ့လက်နက်တစ်ခုပဲဖြစ်တယ်။ ကပေရနောင်မြို့က တပ်မှုးရဲ့ငယ်သားနေမကောင်းဖြစ်လို့ ယေရှုဆီလာတဲ့အခါမှာ ယေရှုက တစ်ပါးအမျိူးသားမို့လို့ ဆိုပြီး မသွားပဲမနေခဲ့ဘူး။ သွားဖို့ဆုံးဖြတ်တယ်။ တစ်ပါးအမျိူးသားမှာ ရှိနေတဲ့အရာက ယုံကြည်ခြင်းဖြစ်တယ်။ ယေရှုရဲ့ အမိန့်တစ်ခွန်းလေးနဲ့တင် တပ်မှုးရဲ့ငယ်သားက ရောဂါပျောက်ကင်းမယ်ဆိုတာ တပ်မှုးကယုံတယ်။ ယေရှုက သိပ်အံ့သြတယ်။ ရွေးချယ်ခံရတဲ့ သူ့လူမျိူးထဲမှာတောင်မှ အဲ့ဒီလို ယုံကြည်ခြင်းမတွေ့ဖူးဘူးလို့ ပြောခဲ့တယ်။ ရှမာရိ အမျိူးသမီးကို ရေတွင်းနားမှာ ယေရှုသွားတွေ့ခဲ့တာ ဘာကြောင့်လဲ?  ဘာပြခဲ့တာလဲဆိုရင် မင်းတို့ကို ယေရုရှလင်မြို့မှ စပြီး ယုဒပြည် ရှမာရိပြည် မြေကြီးစွန်းတိုင်အောင် ဘုရားက အသုံးပြုချင်တယ်။ လူမျိူးစွဲ ရှိနေရင် ဘုရားက သုံးချင်ပေမယ့် သုံးလို့မရဘူး။

                     ပေတရုက သူများအစားအစာပြင်နေတာကို သူစောင့်ရင်း ခဏလေး အိပ်ပျော်သွားတဲ့အချိန်မှာ အိပ်မက်ရူပါရုံကို ရတယ်။ အိပ်မက်ရူပါရုံမှာ ခြုံထည်ထဲမှာ အကောင်ဗလောင်တွေ အများကြီး လုံးထွေးပြီး သူ့ဆီကျလာတယ်။ သူ့ကို စားဖို့ပြောတဲ့အခါမှာ ‌‌ပေတရုက ဒီလိုညစ်ပတ်နေတဲ့ အစားအစာကို သူမစားဘူးလို့ ပြောတဲ့အခါမှာ ဘုရားက ငါသန့်ရှင်းတယ်လို့ ပြောတဲ့အရာက သန့်ရှင်းတယ်။ မင်းအနေနဲ့ကြည့်ရင် မင်းဘိုးဘေးတွေရဲ့ သွန်သင်ချက်အတိုင်း မင်းက မသန့်ရှင်းဘူးလို့ ပြောပေမယ့် ငါသန့်ရှင်းတယ်လို့ ပြောတဲ့အရာက သန့်ရှင်းတယ် လို့ဘုရားကသူ့ကိုပြောခဲ့တယ်။ ဘယ်လောက်ပဲညစ်ညူးပါစေ ဘုရားက သန့်ရှင်းတယ်လို့ ပြောရင် သန့်ရှင်းတာဖြစ်တယ်။ ဒါကြောင့် ယေရှုခရစ်တော်ရဲ့ အသွေးတော်အားဖြင့် ကျွန်တော်တို့အပြစ်ရှိသမျှကို ဆေးကြောပြီးသွားပြီ၊ သန့်ရှင်းသွားပြီဖြစ်တယ်၊ ဖြောင့်မတ်သောသူ ဖြစ်သွားပြီ ဖြစ်တယ်။

                     ပေတရုကိုလည်း ဘုရားက ငါသန့်ရှင်းတယ်လို့ ပြောတဲ့အရာကို မင်းကညစ်ညူးတယ်လို့ မပြောနဲ့၊ ငါသန့်ရှင်းစေပြီ မို့လို့ သန့်ရှင်းသွားပြီ လို့ပြောခဲ့တယ်။ ပြီးတော့ ခြုံထည်ကို ပြန်သိမ်းသွားခဲ့တယ်။ သိပ်မကြာခင်မှာ တပ်မှူး ကောနေလိ အိမ်က ကောနေလိလွှတ်လိုက်တဲ့ လူသုံး‌ယောက်က ပေတရုကိုလာခေါ်တယ်။ ပေတရုက အိမ်မက်ရူပါရုံသာ မရခဲ့ရင် သူလိုက်သွားမှာ မဟုတ်ဘူး။ ယေရှုက တစ်ပါးအမျိူးသားတွေအပေါ် ဒီလောက်ထိ လုပ်ပြခဲ့တာတောင်မှ ပေတရုမှာက လူမျိူးစွဲရှိနေတုန်းပဲဖြစ်တယ်။

                     ငါတို့အသင်းတော်မှ ငါတို့အသင်းတော်လို့ ရှိနေသရွေ့ အဲ့ဒီနေရာမှာ နိုးထမှုဘယ်တော့မှ ဖြစ်မလာဘူး။ ဘုရားက သန့်ရှင်းတယ်လို့ ပြောထားတဲ့သူကို ကျွန်တော်တို့ကလည်း သူသန့်ရှင်းတယ်ဆိုတာ ဝန်ခံပေးနိုင်ရမယ်။ ပေတရုကို ရောမစစ်တပ် တပ်မှုးဖြစ်တဲ့ ကောနေလိအိမ်ကို လွှတ်တော့မယ်၊ ပေတရုက သူတို့နဲ့အတူ ထိုင်စားရတော့မယ်။ တစ်ပါးအမျိူးသားနဲ့ယုဒလူတွေက စားပွဲအတူ ထိုင်စားလေ့မရှိဘူး ဖြစ်တယ်။ တစ်ပါးအမျိူးသားက ညစ်ညူးတယ်လို့ သူတို့ကခံယူတယ်။ ဒါကို ဘုရားက ငါသန့်ရှင်းတယ်လို့ ပြောရင် သန့်ရှင်းတာဖြစ်တဲ့အတွက် သွားရမယ်လို့ ပေတရုကို ခိုင်းနေတာဖြစ်တယ်။ ဘုရားက ပြောရင် သင်က Yes / Amen လို့ ဘုရားစကားကို ဝန်ခံတတ်ဖို့ အရေးကြီးတယ်။

                  တစ်ပါးသူကို မယုံကြည်သူလို့ပြောပြီး မခွဲခြားကြပါနဲ့။ ကောနေလိဆိုတဲ့ တစ်ပါးအမျိူးသားရဲ့ဆုတောင်းသံကို ဘုရားက ဘာလို့ ကြားရတာလဲ? ကောနေလိက မယုံကြည်သူ တစ်ပါးအမျိူးသားဖြစ်ပေမယ့် ဘုရားရှင်က ကောင်းကင်တမန်ကို စေလွှတ်ပြီးတော့မှ ပေတရုက ဘယ်အိမ်မှာရှိတယ်ဆိုတာ လိပ်စာပါ အတိအကျပြပြီးတော့ ပေတရုကို ခေါ်ဖို့စေလွှတ်ခိုင်းတယ်။ တစ်ပါးအမျိူးသားနဲ့ သွားပေါင်းဖော်ခြင်းက ဘယ်လောက်ခက်ခဲသလဲဆိုရင် တမန်တော် ၁၁ မှာ ပေတရုက ကောနေလိအိမ်က ပြန်လာပြီးနောက်မှာ သူ့ကိုလူတွေက ဘာလို့ တစ်ပါးအမျိူးသားဆီသွားရတာလဲ ဆိုပြီး ဝိုင်းအပြစ်တင် ပြောဆိုကြတယ်။ အဲ့ဒီအခါမှာ ပေတရုက အဖြစ်တွေအားလုံး အစအဆုံး ပြန်ရှင်းပြပေးပြီးတဲ့အခါမှာ သူတို့တွေ နားလည် သဘောပေါက်သွားတာကို တွေ့ရတယ်။

                    ကောနေလိလိုမျိူး ဘုရားကို တကယ်ရှာနေသူတွေ သင့်ပတ်ဝန်းကျင်မှာ အများကြီး ရှိနေတယ်။ စစ်မှန်တဲ့ ဘုရားကို တကယ်မျှော်လင့်တောင့်တပြီး စောင့်နေတဲ့သူတွေ ဆီကို သင့်ကိုဘုရားက စေလွှတ်ပြီး အသုံးပြုချင်နေတယ်။ ဒါပေမယ့် သင်တို့က အစွဲတွေ ရှိနေရင် သင့်ကို ဘုရားသခင်အသုံးပြုလို့မရဘူး။ ပေတရုကိုလည်း ရူပါရုံသာမပြရင် ကောနေလိအိမ်ကို သူသွားမှာမဟုတ်ဘူး။ ကောနေလိလို လူမျိူးတစ်ဦးကနေ သူ့တပ်တစ်တပ်လုံးကို ပြောင်းလဲ သွားစေနိုင်တယ်။ ကောင်းကင်တမန်က ပေတရုဘယ်မှာရှိလဲဆိုတာကိုပဲ လာပြောတယ်။ ဧဝံဂေလိကို ပြောဖို့ရန်အတွက် သူ့ရဲ့တပည့်တော်တွေကို ခိုင်းတယ်။ ဒီကနေ့ ဘုရားသခင်အသုံးပြုတယ်လို့ ပြောနေကြတဲ့ အမှုတော်ဆောင်တွေ ဘုရားခိုင်းတာ ကြားတတ်ပြီလား?


                    ဘုရားခိုင်းတာကြားတတ်ဖို့အတွက် တစ်ခုပဲလိုအပ်တယ်။ နှိမ့်ချခြင်းရှိပါစေ။ ဖွင့်ပြခြင်းရတဲ့အခါမှာ နားမလည်နိုင်သော်ငြားလည်းပဲ ဟုတ်ကဲ့ပါကိုယ်တော်လို့ ဝန်ခံပြီးတော့ သူများလာခေါ်တာ လိုက်သွားတဲ့ ပေတရုက ဘာလုပ်လို့ လုပ်ရမှန်းတောင် မသိဘူး။ ကောနေလိက ပေတရုကိုရှင်းပြတယ်။ သူအစာရှောင်တာ လေးရက်မြောက်တဲ့နေ့မှာ ထွန်းတောက်တဲ့ အလင်းရောင်နဲ့ ရှိတဲ့ လူတစ်ယောက်ကရောက်လာပြီး ကောနေလိရဲ့ဆုတောင်းသံကို ဘုရားကြားပြီလို့ ပြောတယ်။ တစ်ပါးအမျိူးသားဆိုတဲ့ မယုံကြည်သူတွေမှာ အကျင့်ကောင်းတယ် နှလုံးသားက ဆာငတ်နေတာတွေ့ရတယ်။ ယုဒလူဆိုတာ ရောမလက်အောက်မှာနေတဲ့သူတွေဖြစ်တယ်။ ပေတရုကိုသင်သလို ကောနေလိကိုလည်းသင်တာတွေ့ရတယ်။

                       ဂိုဏ်းဂနစွဲ ဝါဒစွဲတွေ မလုပ်ကြပါနဲ့၊ သင့်ကို ဘုရားရှင်က ဖွင့်ပြခြင်းရလာရင် အဲ့ဒီဖွင့်ပြခြင်းအပေါ်မှာ သိမ်းမထားပဲ ဖွင့်ထုတ်ပြီး သူတစ်ပါးကို ကောင်းကြီးဖြစ်စေပါ။ ဆာငတ်နေသူတွေ အများကြီး သင့်ကိုထိုင်စောင့်နေပါတယ်။ ဝင်းမှည့်နေတဲ့ စပါးပင်တွေ ရိတ်သိမ်းဖို့အတွက် နှိမ့်ချခြင်းတွေကို ဘုရားကသင်ပေးနေပြီ ဖြစ်တယ်။ တစ်ဦးနှင့်တစ်ဦး နှိမ့်ချတဲ့နှလုံးသားနဲ့ လက်တွဲပြီး ပူး‌ပေါင်းရိတ်သိမ်းကြမယ်ဆိုရင်တော့ ချည်ဆောင်ခြင်းလာတဲ့အခါ ခရစ်တော်ဝိညာဥ် ရှိသူကိုပဲ သိမ်းဆည်းသွားမှာဖြစ်တယ်။ အယောက်စီတိုင်း ဘုရားရှင်အသုံးခံရတဲ့ သူများဖြစ်ပါမည်အကြောင်း လက်တော်ထဲ အပ်နှံပြီး သခင်ယေရှုနာမ၌ ဆုတောင်းကောင်းကြီးပေးလိုက်ပါတယ်။